ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြို့တွင် စစ်ကောင်စီက တူးဖော်တွေ့ရှိပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ မြုပ်နှံ ခံထားသည် ဆိုသော အမျိုးသား၂၅ ဦး၏ အလောင်းမှာ၎င်းတို့ ဖမ်းဆီးထားစဉ် သေဆုံးသွားသူများ ဖြစ်သည်ဟု ကရင် အမျိုးသား ကာကွယ် ရေး တပ်ဖွဲ့ (KNDO) က ဧရာဝတီကို ပြောသည်။
မေ ၃၁ရက် မြဝတီမြို့နယ် ဝေါလေမြို့နယ်ခွဲအနီး လမ်းတံတား လုပ်ငန်းများ လုပ်ကိုင်နေစဉ် အမျိုးသမီးနှင့် ကလေးများ အပါအဝင် စုစုပေါင်း ၄၇ ဦးကို ယင်းဒေသတွင် လှုပ်ရှားနေသည့် KNDO တို့မှ ဖမ်းဆီးသွားပြီးနောက် ယခုကဲ့သို့ အသက် ၁၈နှစ်မှ ၅၂ နှစ်ကြားရှိ အမျိုးသား ၂၅ ဦး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

KNDO တို့ ဖမ်းဆီးထားရာမှ ပြန်လွတ်လာသည့် အမျိုးသမီးနှင့် ကလေးများ နာမည်စာရင်း
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန်လ ၁၃ ရက်က စစ်ကောင်စီမှ သတင်းထုတ်ပြန်ရာ ယင်းအမျိုးသား ၂၅ ဦးသည် ဝေါလေမြို့ နယ်ခွဲ ကနဲလေး ကျေးရွာနှင့် မော်ခီးကျေးရွာကို ဆက်သွယ်မည့် အူးဟူချောင်း တံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ အရပ်သား ဝန်ထမ်းများဖြစ်ကြောင်း၊ KNDO က ဖမ်းဆီးကာ သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်းဆိုသည်။

ထို့အပြင် နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုထားသလို ယမန်နေ့ကမူ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ KNU ဗဟိုထံ ကန့်ကွက်စာပေးပို့ထားကြောင်း
အဆိုပါ သတ်ဖြတ်မှု အတွက် မြဝတီရဲစခန်းတွင် အမှုဖွင့်ထားကြောင်း KNU ဗဟိုနှင့် နီးစပ်သော အသိုင်းအဝန်းထံမှ သိရသည်။
KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြ၏ ပြောရေးဆိုခွင့်ရှိသူ စောဝါးနေနူးက “တချို့ပစ်သတ်တယ်။ တချို့ကျတော့ သူတို့ လက်နက်ကြီးနဲ့ သူတို့ မှန်တယ်။ ကျနော်တို့ လူတောင် နှစ်ယောက် ဒဏ်ရာ ရပါတယ်ခင်ဗျ။ သူတို့က လမ်းလုပ်သားတွေ မဟုတ်ဘူး။ သူတို့မှာ ယူနီဖောင်းတွေ အပွင့်အခက်တွေ ရှိတယ်။ သူတို့မှာ စက်တွေ ရှိတယ်။ ကျနော်တို့ အကုန် ရထား တယ်” ဟု ပြောသည်။
၎င်းတို့ လက်တွင်း သေဆုံးသွားသူ၂၅ ဦးသည် စစ်အင်ဂျင်နီယာ တပ်ရင်းမှ တပ်သားများ၊ ကြည်းတပ်မှ စစ်သားများ ပါဝင်ပြီး KNDO ဘက်ကို ထောက်လှမ်းရန် စစ်ကောင်စီဘက်က လွှတ်ထားသည့် ထောက်လှမ်းရေးများ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
စောဝါးနေနူးက “ညတိုင်း သူတို့ ဒရုန်းနဲ့ တလ တိတိ လွှင့်တယ်။ အဲဒါမျိုး ကျနော်တို့ လက်မခံကြောင်း ပြောတယ်။ သူတို့ က ဆက်လုပ်တော့ ကျနော်တို့ တာဝန်ရှိတဲ့အတိုင်း ဆက်လုပ်ရမယ်။ ဒါက ကျနော့်အထင်က ကျနော်တို့က စစ်တိုက်နေ တာ။ သူတို့ကို ပြောနေတာ သူတို့မှ နားမထောင်ဘဲ။ သူတို့က နယ်မြေ ရှင်းလင်းရေး နယ်မြေ ရှင်းလင်းရေး အမြဲ လုပ်ချင် နေတာ။ သူတို့လည်း ပြည်သူလူထုကို သတ်တာ မနည်းဘူးလေ။ သူတို့က GE တပ်လေ၊ သူတို့ထဲက ညွှန်ကြားတဲ့ တပ်ပဲ” ဟု ပြောသည်။
သတ်ဖြတ်ခံရသူ အများစုမှ ပဲခူးတိုင်း အရှေ့ခြမ်း ဖြူး၊ အုတ်တွင်း၊ ပဲနွယ်ကုန်း၊ မန္တလေး၊ မင်းလှ၊ ကျောက်ကာ စသည့် ဒေသများမှ ဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး(KNDO) နှင့် စစ်ကောင်စီသည် ဝေါလေမြို့အတွင်း မေ ၃၁ ရက်မှ ဇွန်လ ပထမပတ်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားကာ ယနေ့ထိလည်း နှစ်ဖက်တပ်များက ထိပ်တိုက်ဆိုင်ထားကြဆဲ ဖြစ်သည်။
မေ ၃၁ ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် KNDO က အူးဟူချောင်းတံတား လုပ်ငန်းခွင်မှ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေး ၁၀ ဦး၊ စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဇွန် ၁ ရက်နှင့် ၉ ရက်တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၁၀ ဦး တို့ကို ပြန်လွှတ်ပေးခဲ့သည်။
ပျောက်ဆုံးနေသည့် အမျိုးသား၂၅ ဦးကို စစ်ကောင်စီဘက်က လိုက်လံ ရှာဖွေရာ အူးဟူချောင်းတံတား လုပ်ငန်းခွင်နှင့် ၁ မိုင်ကျော် ကွာဝေးသည့် နေရာတွင် နှစ်နေရာခွဲ၍ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ကို တူးဖော်တွေ့ရှိခြင်း ဖြစ်သည်။
စစ်ကောင်စီက ဇွန် ၁၁ ရက်တွင် ရုပ်အလောင်း ၆ လောင်း တစုတည်း မြှုပ်နှံထားသည်ကို ကနဦး ရှာတွေ့ခဲ့ခြင်း ဖြစ်ပြီး ထို ရုပ်အလောင်း ၆ လောင်းသည် လက်နောက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ခံထားရခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထား သည်။
ကျန် ရုပ်အလောင်း ၁၈ လောင်းကို ဇွန် ၁၂ ရက်တွင် ထပ်မံ တူးဖော်တွေ့ရှိခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ စစ်ကောင်စီက KNDO ကို ဒေသဖွံ့ဖြိုးရေးအား မလိုလားဘဲ အပြစ်မဲ့သည့် ပြည်သူများ အား သတ်ဖြတ်သည့် အကြမ်းဖက်အဖွဲ့ဟု ပြောဆိုကာ ချေမှုန်းနိုင်ရေး ဆောင်ရွက်မည်ဟုလည်း သတင်းထုတ်ပြန်ထား သည်။
မေ ၃၁ ရက်က ဝေါလေမြို့နယ်နှင့် မြဝတီမြို့နယ်၊ ဖလူးကျေးရွာတဝိုက်တွင် စစ်ကောင်စီ၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ် (BGF) နှင့် ကရင်တော်လှန်ရေး တပ်ဖွဲ့အင်အားစု ၅ ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထို ကရင်တော်လှန်ရေး အင်အားစုများမှာ KNDO ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ခွဲထွက်အဖွဲ့၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ BGF ခွဲထွက်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားသည့် နှစ်နေရာတွင် ဖလူးကျေးရွာတဝိုက်၌ ဗိုလ်မှူးချုပ် ကျော်သက် ဦးဆောင်သည့် DKBA ခွဲထွက် အဖွဲ့နှင့် အခြား အင်အားစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ဝေါလေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဗိုလ်ချုပ် နယ်ဒါးမြ ဦးဆောင် သည့် KNDO အဖွဲ့က တိုက်ခိုက်ခဲ့သည်။
၎င်းတို့၏ တိုက်ပွဲကြောင့် ဝေါလေနှင့် ဖလူးဒေသအတွင်းရှိ အရပ်သား ၂၀၀ ကျော်သည် ထိုင်းနိုင်ငံဘက်သို့ နယ်စပ် ဖြတ် ကျော်ကာ ထွက်ပြေး ခိုလှုံခဲ့ရသည်။
KNDO သည် ကရင်အမျိုးသား အစည်းအရုံး (KNU) အောက်တွင် ရှိသည့် ကာကွယ်ရေး တပ်ဖြစ်သည်။
KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည်။
NCA စာချုပ်ထဲတွင် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် ကတိကဝတ်များ၊ နှစ်ဖက်တပ်များ စောင့်ထိန်းရမည့် ကျင့် ဝတ်များ ပါရှိသည့်အပြင် စစ်ဘက်ဆိုင်ရာ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်များကိုလည်း သီးခြားရေးဆွဲကာ သဘော တူထားကြသော်လည်း NCA ထိုးပြီးနောက်၂၀၁၈ ခုနှစ်မှ စ၍ စစ်တပ်နှင့် KNLA ကြားတွင် တိုက်ခိုက်မှုများရှိခဲ့သည်။
၂၀၁၈ ခုနှစ်က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင်း ပြန်လည် စတင်ခဲ့သည့် ပဋိပက္ခတွင် စစ်တပ်ဘက်က NCA တွင် ပါဝင် သည့် ကတိကဝတ်များကို ချိုးဖောက်ကာ KNLA တပ်မဟာ (၅) နယ်မြေအတွင်းသို့ ထောက်လှမ်းခြင်း၊ လမ်းဖောက်ခြင်း၊ စစ်အင်အား တိုးချဲ့ခြင်း ပြုလုပ်ခြင်းကြောင့် ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် KNU လက်အောက်ရှိ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် (KNLA) နှင့် KNDO တို့က ကရင်ပြည်နယ်တွင်း စစ်ကောင်စီကို စစ်မျက်နှာဖွင့်ကာ တိုက်ခိုက်မှု များ ပြုလုပ်ထားသည်။
စစ်တပ်က အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် KNLA တပ်မဟာ (၅) သည် မတ်လကလည်း ဖာပွန်ခရိုင် အတွင်းရှိ စစ်တပ်၏ တပ်စခန်းများကို သိမ်းဆည်းကာ စစ်ဆင်ရေးကြီးများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီကလည်း ပြန်လည် တုံ့ပြန်တိုက်ခိုက်သည့် အနေဖြင့် ဖာပွန်ခရိုင်အတွင်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြုကာ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ထားရာ အရပ်သား တသောင်းကျော် သည် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ထွက်ပြေးနေရသည်။
နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် KNU သည် စစ်ကောင်စီ၏ အာဏာသိမ်းလုပ်ရပ်ကို လက်မခံနိုင်ကြောင်း သဘောထား များ ထုတ်ပြန်ထားသော်လည်း မေ ၁၀ ရက်တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် NCA စာချုပ်အတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ချက်တစောင်ကို ထုတ်ခဲ့သည်။
KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီသည်လည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဘောထားကို ထောက်ခံပြီး NCA မူဘောင်အတိုင်း တိကျစွာ လိုက်နာကျင့်သုံးမည် ဖြစ်ကြောင်း၊ KNLA တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်စည်းကမ်းများကို တိကျစွာ လိုက်နာကျင့်သုံးရမည် ဟူ၍လည်း ဇွန် ၉ ရက်က စာတစောင် ထုတ်ပြန်ထားသည်။
You may also like these stories:
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
လူထုကို ထိတာ ကျနော်တို့ကို ထိတာနဲ့ အတူတူပါပဲ