သတင်း

မန္တလေး အိုးဘိုထောင်တွင်း ဆန္ဒပြသူ ၃၀ ကျော် စစ်ဆေးခံနေရ

Want create site? Find Free WordPress Themes and plugins.

မန္တလေးဗဟို အကျဉ်းထောင်(အိုးဘို)အတွင်း ယမန်နေ့ည ၉ နာရီခန့်က ဆန္ဒပြကြွေးကြော်ခဲ့သူ ၃၀ ကျော်ကို စစ်ဆေးမေးမြန်း နေကြောင်း အကျဉ်းဦးစီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်က ပြောသည်။

ဦးချမ်းအေးကျော်က “ ကြွေးကြော်တယ်၊ သီချင်းဆိုတယ်၊ ပြီးတော့ ပြီးသွားတာပေါ့၊ မနေ့ကလည်း ၈ ရက်၊ ၈ လ ဆိုတော့ လုပ်ကြ တယ်ထင်ပါတယ်။ တောင်းဆိုချက်လည်းမရှိဘူး။ အခု သူတို့ကို စိစစ်နေတယ်၊ ဘယ်သူတွေလဲ၊ ဘာကြောင့်လဲပေါ့၊ အကျဉ်းထောင် စည်းကမ်းတွေ ချိုးဖောက်မှုရှိရင် အရေးယူမယ်၊ ချိုးဖောက်မှုမရှိရင် အရေးယူစရာ မရှိပါဘူး”ဟု ပြောသည်။

ယမန်နေ့က ကျရောက်သည့် ၈၈၈၈ လူထုအရေးတော်ပုံ ၃၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြို့နယ်အချို့တွင် ဆန္ဒပြ မှုများ ပြုလုပ်ခဲ့ပြီး ညပိုင်းတွင် အိုးဘိုထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြ ကြွေးကြော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုးဘိုထောင်တွင်း ဆန္ဒပြ ကြွေးကြော်သံများကို အနီးပတ်ဝန်းကျင် နေထိုင်သူများက ကြားခဲ့ကြပြီး “သွေးသစ္စာ” သီချင်း ဆိုနေချိန် သေနတ်ပစ်ဖောက်သံ ၂ နှစ်ချက် ကြားရသည်ဟု သတင်းပေးခဲ့ကြကြောင်း မန္တလေးမြို့အတွင် ဆန္ဒပြ သပိတ်ခေါင်းဆောင်တဦးက ဧရာဝတီသို့ပြောသည်။

၎င်းက “ညထဲက သူတို့ သတင်းအမှောင်ချဖို့ ကြိုးစားတာပေါ့၊ သွေးသစ္စာသီချင်းဆိုနေစဉ်မှာ အသံပျောက်သွားအောင် တရားခွေတွေ အကျယ်ကြီး ထဖွင့်တယ်ပြောတယ်၊ ထောင်ဘေးနားနေသူက ပြောတာတော့ သေနတ် ၂ ချက်ဖောက် သံကြားတယ်၊ စစ်ကားတွေ ဝင်သွားတယ်လို့ပြောတယ်။ ထောင်တွင်းအခြေအနေတော့ စုံးစမ်းနေတုန်း၊ ယောက်ျား လေး ဆောင်က စဖြစ်တယ်လို့ ကြားရပါတယ်”ဟု ပြောသည်။

မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်း ယမန်နေ့ညပိုင်းက အိုးဘိုထောင်အတွင်း ဆန္ဒပြမှုနှင့် ပတ် သက်ပြီး သေနတ် ပစ်ဖောက်မှုနှင့် စစ်ကားများဝင်ရောက်သွားသည့်အခြေအနေကြောင့် ဆန္ဒပြကြသည့် နိုင်ငံရေး အကျဉ်းသားများ၏ လုံခြုံရေး အထူး စိုးရိမ်ကြောင်း ယနေ့ ဩဂုတ် ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက် သည်။

ယင်းအပြင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ COVID- 19 ကပ် ရောဂါ ကာကွယ်ရေး၊ ကုသရေး အပါအဝင် ဆေးကုသခွင့်များရရှိရေး ဆောင်ရွက်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသား များအား အကြမ်းဖက်ဖိနှိပ်မှုများ ရပ်တန့်ရန်တို့ကိုလည်း ၎င်းတို့က တောင်းဆိုထားသည်။

အကျဉ်းဦးစီးဌာနမှ အိုးဘိုထောင်အတွင်း ဆန္ဒပြမှုဖြစ်စဉ်တွင် သေနတ်ပစ်ဖောက်ခြင်းမရှိခဲ့ကြောင်းနှင့် အကျဉ်းထောင် တာဝန်ခံများ ရောက်ရှိချိန်တွင်ပင် ဆန္ဒပြမှုများ ပြီးနေပြီဖြစ်ကြောင်း ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့မနက်ပိုင်းကလည်း အင်းစိန်ထောင်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် လုံလောက်သည့် ဆေးကုခွင့်ရရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြတောင်းဆိုခဲ့ရာ ဖြိုခွဲခံရမှုကြောင့် သေဆုံးသူများရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အကျဉ်းဦးစီးဌာနဘက်က ငြင်းဆိုထားသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကတော့ အင်းစိန်ထောင်အတွင်းဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဦးဆောင်ခဲ့ သည့် သမဂ္ဂအဖွဲ့ဝင် ကိုဇော်ထက်နိုင်(ခ)ဆစ်နိုင်အပါအဝင် ရဲဘော်များ အင်းစိန်ထောင်သီးသန့် တိုက်အတွင်း မတရား တိုက်ပိတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထောင်အတွင်း ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် ဖမ်းဆီးခံများ၏ ကျန်းမာရေး စောင့်ရှောက်မှု နှင့် လူ့အခွင့်အရေးလေးစားလိုက်နာကြဖို့ အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီတို့အပါအဝင် နိုင်ငံ ၁၅ နိုင်ငံမှ မြန်မာနိုင်ငံဆိုင် ရာ သံရုံးများကလည်း ဇူလိုင်လအတွင်းက သဘောထားထုတ်ပြန်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ကလည်း လူသားချင်းစာနာထောက်ထားမှုအတွက် အကျဉ်းထောင် များအတွင်း သွားရောက်လေ့လာမှုနှင့် အကျဉ်းချထားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါနှင့် အထွေထွေကျန်းမာရေး ဆိုင်ရာ အကူအညီများ ထောက်ပံ့နိုင်ရေး အာဏာသိမ်းစစ်ကောင်စီထံ ထပ်မံကမ်းလှမ်းကြောင်း ဇူလိုင် ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်းအနေဖြင့် ကူးစက်မှု၊ သေဆုံးမှုများ မြှင့်တက်ခဲ့ရာတွင် အကျဉ်းထောင် များအတွင်း၌ လည်း ရောဂါကူးစက်မှုများရှိခဲ့ပြီး ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၀၀ ကျော်ရှိခဲ့ရာတွင် သေဆုံးသူ ၁၂ ဦးနှင့် ကုသဆဲ လူနာ ၄၀ ဦးကျော်ရှိနေကြောင်း အကျဉ်းဦးစီးဌာနက ပြောသည်။

အကျဉ်းဦးစီးဌာန၏ အဆိုအရ တနိုင်ငံလုံးရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းများရှိ အကျဉ်းသား၊ အချုပ်သားများအား တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေရာတွင် ပထမအကြိမ် လူဦးရေ သုံးသောင်းကျော် ထိုးပေးပြီး ဖြစ်ကြောင်းလည်း အကျဉ်းဦးစီးဌာနက ပြောသည်။

ထောင်တွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ရသူများတွင် အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပါဝင်ခဲ့ပြီး အခြားသော NLD ထိပ်ပိုင်းဆောင်ခေါင်းများဖြစ်သည့် ဦးဟံသာမြင့်၊ ဦးကျော်ဟိုးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ လည်း ကိုဗစ်ကူးစက်ခံရမှုကြောင့် ဆေးရုံတက် ရောက်ကုသခဲ့ရသည်။

ယမန်နေ့က စစ်ကောင်စီက မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို)တွင် ဖမ်းဆီးထားသည် မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်ကုပညာဌာနမှ ကထိက ဒေါက်တာ မောင်မောင်ငြိမ်းထွန်းမှာလည်း ဖမ်းထားစဉ် ကိုဗစ်ရောဂါ ကူးစက်ခံရ၍ မန္တလေးဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့် ဇနီးဖြစ်သူ ဒေါက်တာဆွေဇင်ဦးတို့သည် CRPH/NUG တို့နှင့် ဆက်သွယ်သည် ဆိုကာ ဇွန်လ ၁၃ ရက်နေ့ကတည်းက ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံ ထားရခြင်း ဖြစ်သည်။

You may also like these stories:

တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော

ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ

ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ

Did you find apk for android? You can find new Free Android Games and apps.
Loading