စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် ဇူလိုင်တလတည်းတွင် ညှင်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံထားရသူ ဦးရေ ၄၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကနီမြို့နယ်တွင် နေထိုင်သည့် ဒေသခံတဦးက “ဇူလိုင်တလတည်းကို စစ်ကောင်စီ တပ်တွေ ဝင်လာလိုက် ရွာတွေထဲ မွှေ သွားလိုက်၊ ရွာခံတွေက ပြေးရလိုက်၊ သူတို့ ထွက်သွားလို့ ရွာထဲပြန်ဝင်ရင် သတ်ခံရတဲ့ အလောင်းတွေ တွေ့လိုက်နဲ့ ဒီ လထဲကို ၄၀ လောက် ရှိပြီ။ နောက်ဆုံးတွေ့တာက မီးရှို့ခံထားရတဲ့ အလောင်း ၁၂ လောင်း၊ တောင်ပေါက်မှာ တွေ့တာပါ” ဟု ပြောသည်။
ကနီမြို့နယ်သည် စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာမြို့နှင့် မိုင် ၃၀ ခန့် ကွာဝေးသည့် နေရာ၊ ချင်းတွင်းမြစ်နံဘေးတွင် တည်ရှိသည့် မြို့နယ်တခုဖြစ်သည်။
ကနီနယ်အတွင်း နေထိုင်သည့် ဒေသခံအများစုသည် အာဏာသိမ်းစစ်ကောင်စီကို အင်နှင့်အားနှင့် ဆန့်ကျင်ကြရာ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ စစ်ကောင်စီတပ်များကြောင့် ရွာလုံးကျွတ် ထွက်ပြေးရခြင်း စသဖြင့် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ခံနေရသည့် ဒေသဖြစ်သည်။
ဇူလိုင်လအတွင်း ဒဏ်ရာများဖြင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရကာ အစုလိုက်အပြုံလိုက် မြှုပ်နှံခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားထားသည့် နေရာများသည် ကနီမြို့နယ်အတွင်းရှိ တောင်ပေါက်ကျေးရွာအုပ်စု၊ ဇီးပင်တွင်း ကျေးရွာ အုပ်စု၊ ယင်း ကျေးရွာအုပ်စုတို့ ဖြစ်သည်။
နောက်ဆုံး အစုလိုက်အပြုံလိုက် အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်မှာ ဇူလိုင် ၃၀ ရက်က တောင်ပေါက် ကျေးရွာ အုပ်စုတွင် ဖြစ်သည်။
ဒေသခံတဦး က “တောင်ပေါက်အရှေ့ရွာရဲ့တောစပ်ထဲမှာ ရွာသားတွေပဲ တွေ့တာ။ စုစုပေါင်း ၁၂ လောင်းမှာ အသက် မပြည့်သေးတဲ့ ၁၄ နှစ် ကလေးတဦး ပါတယ်။ အဲ့ဒီ့ထဲမှာ မြို့က အလုပ်လာလုပ်တဲ့ ညီအကို ၃ဦးရဲ့အလောင်းလည်း ပါတယ်။ သရက်တောနဲ့ ခိုတွင်းက ဒေသခံတွေရဲ့ အလောင်းတွေလည်း ပါတယ်။ နာမည်တွေကတော့ ကျနော်တို့လည်း မသိဘူး။ အလောင်းတွေက အတော်ပုံပျက်နေပြီ”ဟု ပြောသည်။
မိသားစုဝင်အချို့က အလောင်းများကို ပြန်လာယူခြင်း ရှိသော်လည်း စစ်ကောင်စီတပ်များက လှည့်လည်သွားနေဆဲ ဖြစ်သဖြင့် အလောင်းများအားလုံးကို ယူဆောင်နိုင်ခြင်း မရှိသေးဟုလည်း အဆိုပါ ဒေသခံက ပြောသည်။
ထိုဖြစ်စဉ်မတိုင်ခင်က ဇူလိုင် ၂၆ ရက်တွင် စစ်ကောင်စီတပ်များက တောင်ပေါက်ကျေးရွာအုပ်စုနှင့် သရက်တောကျေးရွာ အနီး စစ်ကောင်စီတပ်များ ဝင်လာပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ကိုင်နေသူများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သူများဟု စွပ်စွဲကာ ဖမ်းဆီးမှုများ ရှိခဲ့ပြီး ၄ ရက်အကြာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ် ထားသည်ကို ပြန်တွေ့ရခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောဆိုချက်အရ အချို့အလောင်းများမှာ မီးရှို့ခံထားရပြီး အချို့အလောင်းများမှာ ပုပ်ပွနေသော်လည်း ဓားဖြင့် ထိုးထားသည့် ဒဏ်ရာများ၊ ရိုက်နှက်ထားသဖြင့် ညိုမည်းစွဲနေသည့် ဒဏ်ရာများကို တွေ့ရှိရကြောင်းလည်း သိရသည်။
ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက် ကလည်း ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာ၏ ယာတောထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံ ထားရသည့် အလောင်း ၁၂ လောင်းတွေ့ရှိထားသည်။
၂၈ ရက်တွင် အလောင်း ၇ လောင်း၊ ၂၉ ရက်တွင် ၅ လောင်းကို ဒေသခံများက ရှာဖွေ တွေ့ရှိခြင်း ဖြစ်သည်။
ဇီးပင်တွင်းကျေးရွာ နယ်မြေအတွင်း ကနဦး တွေ့သည့် အလောင်း ၇ လောင်းထဲတွင် လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ် ထားခြင်း၊ ကြိုးဆွဲချ သတ်ဖြတ်ထားခြင်း အပြင် ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြခြင်း ဖြစ်သည်။
ထို ၇ လောင်းထဲတွင် မသန်စွမ်းသူ ၁ ဦးနှင့် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး၏ အလောင်းလည်း ပါဝင်သည်။
ဇီးပင်တွင်းကျေးရွာတွင်း တွေ့ရှိသည့် အလောင်းများထဲတွင် အချို့ အလောင်းများသည် ၎င်းတို့ ရပ်ရွာတွင်းမှ ဒေသခံများ၏ အလောင်းများ မဟုတ်သဖြင့် PDF တပ်ဖွဲ့ဝင်များ၏ အလောင်းများ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင် ၁၀ ရက်ကလည်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်အထက်ပိုင်းရှိ ရွာတရွာဖြစ်သည့် ယင်းကျေးရွာအုပ်စုထဲတွင် အရပ် သား ၁၆ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။
ယင်းကျေးရွာအုပ်စုတွင် ဇူလိုင် ၈ ရက်က စစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေး ကြရာ ဖမ်းမိသူများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယင်းကျေးရွာအုပ်စုတွင်း ၁၆ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် အချို့သည် သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များက အရပ်သားအချို့ကို ပစ်ခတ်လိုက်သည့် ဖြစ်စဉ်များကို မျက်မြင် တွေ့ရှိ ထားသူများလည်း ရှိသည်။
ထိုကျေးရွာတွင် သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားများ၏ အလောင်းများကိုလည်း ဒေသခံများက လိုက်လံရှာဖွေ ခဲ့ပြီး သဂြိုဟ် ခဲ့ရခြင်း ဖြစ်သည်။
ကနီမြို့နယ်တွင်း ညှင်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရကာ အလောင်း ဖျောက်ဖျက်ခံရသည့် ဖြစ်စဉ်များ ၃ ကြိမ်တိုင်တိုင်ရှိလာပြီဖြစ်သော်လည်း စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
သတင်းမီဒီယာများမှ စစ်ကောင်စီ၏ သတင်းနှင့် ပြန်ကြားရေးထံသို့ စာပို့မေးမြန်းခြင်း၊ ဖုန်းဖြင့် မေးမြန်းရန် ဆက်သွယ်ခြင်း များ ပြုလုပ်သော်လည်း စစ်ကောင်စီဘက်က တုန့်ပြန်ခြင်း မရှိသေးပါ။
တရားလွှတ်တော်ရှေ့နေတဦးက “ရုတ်ရုတ်နဲ့ဖြစ်နေတဲ့ အချိန်မှာ တဖက်ကလည်း ပုန်ကန်ထကြွတယ်။ လက်နက်နဲ့ တိုက် တယ်။ PDF တွေ ဆိုပြီး ဆင်ခြေပြကောင်း ပြနိုင်ပါတယ်။ ဒါပေမယ့် အခုလို သတ်ဖြတ်ခံရတဲ့ ကိစ္စ အားလုံးက ရုတ်တရက် မတော်တဆ ကျည်ထိလို့ သေတာ မဟုတ်ဘူး။ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ ရှိတယ်။ အလောင်းတွေကိုလည်း စနစ်တကျ ဖျောက်ဖျက်တယ်ဆိုတော့ ဒါက စစ်ရာဇဝတ်မှုပါ” ဟု ပြောသည်။
စစ်ကောင်စီက အာဏာရယူထားချိန်၊ စစ်ကောင်စီတပ်များက ကျေးရွာများတွင်း ဝင်ရောက် စစ်ဆင်ရေး ပြုလုပ်ချိန်တွင် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ကောင်စီအနေဖြင့် နှုတ်ဆိတ်နေလျှင်လည်း တာဝန်ခံရမည့် ကိစ္စ ဖြစ်သည်ဟု အဆိုပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။
ဆက်လက်ပြီး ၎င်းက “ဘယ်လိုပဲပြောပြော ဒီအချိန်မှာ မတရားခံရတယ်။ သတ်ဖြတ်ခံရတယ်။ မျက်စိနဲ့ တပ်အပ် မြင်တာ တောင် တိုင်တန်းလို့ မရဘူး၊ တရားဥပဒေကလည်း အားမကိုးရတော့ဘူးဆိုပေမယ့် စစ်တပ်တိုင်းမှာ ကျင့်ဝတ်တွေ ရှိပါတယ်။ ဒေသခံတွေဆီမှာလည်း ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ လူသက်သေတွေ မှတ်တမ်းတွေက ကျန်နေမှာပါ” ဟုလည်း ဆိုသည်။
ကနီမြို့နယ်တွင်း PDF တပ်ဖွဲ့ဝင်များကို ဝင်ရောက်ရှာဖွေခြင်း၊ စစ်ကောင်စီအား ဆန့်ကျင်သူများကို လိုက်လံ ဖမ်းဆီးခြင်း များကို စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်က ပြုလုပ်နေရာ လက်ရှိတွင်လည်း ကနီတွင် လူဦးရေ ၇၀၀၀ ခန့်၊ ရွာ ၄ ရွာထက်မနည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။
ထိုသို့ ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သတ်၍ ကနီမြို့ ဒေသခံတဦးက “သူတို့ ဆက်သွယ်ရေး လမ်းကြောင်း တွေကို ကနီက ပိတ်ဆို့တာတို့ ဥပမာ ခန္တီးက ထွက်လာတဲ့ ကျောက်သယ်ယာဉ်တွေ ကနီလမ်းပေါ်ရောက်ရင် သူတို့ အတော်အခက်အခဲရှိတယ်။ ခန္တီးကနေ မော်လိုက်၊ မင်းကင်း၊ ကလေးဝ နယ်မြေတွေက သူတို့ ဆေးဖြစ်ခဲ့တယ်။ ဒီဘက် နယ်မြေရောက်ရင် သူတို့ အတော်ရုန်းကန်ရတော့ ကနီမှာ PDFအင်အား အတော်များတယ် လို့ သူတို့က ယူဆတယ် ထင်တယ်” ဟု ပြောသည်။
ကနီမြို့နယ်သည် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တခဲနက် ထောက်ခံခဲ့ရာ ကနီမြို့နယ်၏ NLD ကိုယ်စားလှယ်များအားလုံးသည် ၈၃ ရာခိုင်နှုန်းနှင့်အထက် မဲအနိုင်ရ ရှိခဲ့ကြသည်။
ကနီမြို့နယ်ရှိ မြို့ပေါ်ဒေသခံများ၊ ကျေးရွာများမှ ဒေသခံများ အများစုသည် စစ်တပ်က အာဏာသိမ်းစဉ်ကတည်းက လမ်းပေါ်ထွက် ဆန့်ကျင်ကာ စစ်ကောင်စီကို ဆန္ဒပြခဲ့ကြသည်။
ဧပြီလတွင် ကနီဒေသခံများက ဒေသသုံး တူမီးများ၊ လက်လုပ်သေနတ်များ စုစည်းကာ စစ်ကောင်စီတပ်များကို ကနီလူထုက စတင်တိုက်ခိုက်နေပြီဖြစ်သည့်အပြင် လမ်းပေါ်တွင် လှည့်လည်နေသည့် စစ်ကောင်စီယာဉ်အချို့ကိုပင် မိုင်းခွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ အပြန်အလှန်တိုက်ခိုက်မှုများ ရှိလာပြီးနောက်တွင် စစ်ကောင်စီသည် ကနီမြို့နယ်တွင်း အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ကျေးရွာများကို ဝင်ရောက်မွှေနှောက်ခြင်း၊ အရပ်သားများနှင့် ဆယ်ကျော်သက် အရွယ်များကိုလည်း မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်း စတင်ပြုလုပ်လာခြင်း ဖြစ်သည်။
မေ ၁၀ ရက်တွင် လက်နက်ကိုင်တော်လှန်မည့် ဒေသခံများက ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွ့ဲ (PDF) ကို ဖွဲ့စည်းလိုက်ပြီး ကုန်းကြောင်းသာမက ချင်းတွင်းမြစ်ကြောင်းတလျှောက်တွင်လည်း PDF များက လှုပ်ရှားကာ စစ်ကောင်စီကို တိုက်ခိုက်လျက် ရှိသည်။
You may also like these stories:
စစ်အာဏာရှင် အမြစ်ဖြတ်ရန် ကြိုးပမ်းနေသည့် ကသာတကြောက မြေအောက် PDF များ
ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရာနှင့် လားရာ
စစ်အာဏာရှင်ဆန့်ကျင်မှု တော်လှန်ရေး မုချ အောင်ရမည်
ဆိတ်ငြိမ်မျိုးဆက်ရဲ့ တော်လှန်ရေးမှသည်