တနသာင်္ရီတိုင်း လောင်းလုံမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ပြင်ဦးသဘော့ဆိပ်ရွာတွင် ပျူစောထီးအဖွဲ့နှင့် လောင်းလုံ ပြည်သူ့လုံခြုံရေးတပ်ပေါင်းစုတို့ ယနေ့နံနက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးသွား ကြောင်း လောင်းလုံပြည်သူ့လုံခြုံရေးတပ်ပေါင်းစုမှ အဖွဲ့ခေါင်းဆောင်မှ ပြောသည်။
အဆိုပါ အပြန်အလှန်ပစ်ခတ်မှုမှာ ယနေ့မနက် ၁၁နာရီဝန်းကျင်ခန့်က ပျူစောထီးအဖွဲ့မှလူများ ကျေးရွာရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်ပြီး အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လောင်းလုံပြည်သူ့လုံခြုံရေးတပ်ပေါင်းစု (LPSF ) မှ ခေါင်းဆောင်က “မနက်က ၁၁နာရီဝန်းကျင်လောက်ကဖြစ်တာ။ အပြန် အလှန်ပစ်ခတ်တာတွေရှိတာပေါ့။ သူတို့က ပျူစောထီးအဖွဲ့ဖွဲ့ထားတယ်။ ရွာမှာသူက အုပ်ချုပ်ရေးမှူး သူ့မှာလက်နက် တွေ ရှိတယ်။ အဖွဲ့သားတွေရှိတယ်။ အဖွဲ့သားတွေနဲ့ မနက်တိုင်း ၈နာရီလောက်ဆို ရပ်ကွက်ရုံးမှာ အစည်းအဝေးလုပ်ကြတယ်။ အဲဒီကို ကျနော်တို့အဖွဲ့က သူတို့အစည်းအဝေးပြန်တဲ့လမ်းမှာ သွားစောင့်နေတာ” ဟုပြောသည်။
ပျူစောထီးအဖွဲ့မှာ ၆ဦးပါရှိပြီး ပစ္စတိုများ ကိုင်ဆောင်ထားကြောင်း လောင်းလုံပြည်သူ့လုံခြုံရေးတပ်ပေါင်းစုမှာ ၎င်းတို့ထက် လူအင်အားနည်းကြောင်း ပစ်ခတ်မှုကြောင့် ပျူစောထီးအဖွဲ့ခေါင်းဆောင်သေဆုံး၍ ကျန်လူများ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ ကြောင်းသိရ သည်။
ထိုသို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် သဘော့ဆိပ်ကျေးရွာသို့ စစ်ကောင်စီအင်အား ၅၀ ခန့်ရောက်ရှိလာခဲ့ပြီး ရွာထဲတွင် သေနတ်များဖြင့် ခြောက်လှန့်ပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။
သေဆုံးသွားသည့် ပျူစောထီးခေါင်းဆောင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦးဖြစ်ပြီး ၎င်းကျေးရွာအတွင်း သေနတ်ကိုင်ဆောင်၍ ရွာအတွင်း အကြောင်းမဲ့ပစ်ခတ်မှုများလည်း ရှိနေကြောင်း ဒေသခံတချို့က ပြောသည်။
ပြင်ဦးသဘော့ဆိပ် ကျေးရွာမှ ဒေသခံတဦးက “ဒုက္ခပေးချက်ကတော့ သောင်းခြောက်ထောင်ပဲ။ သူကအရင်ကတည်းက နာမည်ကြီးတယ်။ ရွာထဲမှာလည်း ဒုက္ခပေးခဲ့ပေါင်းများခဲ့ပြီ။ လက်ညိုးညွှန်ရာရေဖြစ်နေတာ။ ဒီလူကိုစောင့်ကြည့်နေတာ ၁လကျော်ပြီ။ မလွဲသာလို့သာ။ အရင်ကဆိုရင် အင်အားများတယ်။ ညဘက်ဆိုရင် ရွာမှာ နေ့တိုင်းသေနတ်ပစ်နေတာ။ အကြောင်းမဲ့သက်သက်ကို ပစ်နေတာ” ဟု ပြောသည်။
လောင်းလုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ပေါင်းစုအနေနှင့် အဆိုပါ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး သေဆုံးသည့် အပေါ် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း LPSF စာမျက်နှာတွင်ဖော်ပြထားသည်။
You may also like these stories:
ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား
စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော