မေလတွင် စတင်ပြီး အောက်တိုဘာလတွင် ကုန်ဆုံးသော မိုးရာသီသည် မြန်မာနယ်စပ်ဒေသများတွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားနေသော စစ်ပွဲများ အခိုက်အတန့်အနားရသော နှစ်တနှစ်၏ ကာလများ ဖြစ်သည်။
သို့သော် အာဏာသိမ်း စစ်ကောင်စီတဘက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံနှင့် ပြည်သူကာကွယ်ရေးတပ်များကတဘက်ဖြစ်ပွားသော ပြင်းထန်သည့်တိုက်ပွဲများသည် မိုးရာသီတွင်ပင် ဆက်လက်ဖြစ်ပေါ်နေသောကြောင့် ထိုကာလကြာမြင့်ပြီဖြစ်သော အစဉ်အလာသည် ယခုနှစ်တွင် ပြောင်းပြန်ဖြစ်သွားသည်။
ဗျူဟာအရ အရေးပါသော လက္ခဏာများရှိသည့် ပြင်းထန်လာသော ပဋိပက္ခသည် ပုံမှန်အားဖြင့် ထူးခြားမှု မရှိလှသည့် စိုက်ပျိုးရေး အခြေပြု မြန်မာနိုင်ငံ၏ အနောက်အလယ်ပိုင်းတွင် ဗဟိုပြုနေပြီး ထိုဒေသတွင် စစ်တပ်သည် မြန်မာနိုင်ငံ၏ အဓိက လူမျိုးစုဖြစ်သည့် ဗမာလူမှုအသိုက်အဝန်း၏ ပုန်ကန် စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။
ဧရာဝတီမြစ်နှင့် အိန္ဒိယနယ်စပ် ချင်းပြည်နယ်တောင်တန်းများအကြား မြောက်မှတောင်သို့ဖြတ်သန်းနေသည့် ချင်းတွင်းမြစ်က ပိုင်းခြားထားသည့် အနောက်ဘက် စစ်မျက်နှာများတွင် စစ်ကိုင်းတိုင်တောင်ပိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းမှ တချိန်က အိပ်မောကျနေသည့် မြို့နယ်များ ပါဝင်သည်။
ကလေး၊ ကနီ၊ ပေါက်၊ ထီးလင်းစသည့် ထိုကျေးလက်မြို့များသည် ကမ္ဘာလှည့် ခရီးသည်များ၏ မြေပုံတွင် ထင်ရှားခြင်းမရှိဘဲ စီးပွားရေး သို့မဟုတ် စက်မှုလုပ်ငန်းများအရ အရေးပါခြင်းလည်း မရှိကြဘဲ မြန်မာနိုင်ငံ၏ မပြီးဆုံးနိုင်သော ပုန်ကန်မှုများလည်း ထိုဒေသများသို့ ယခင်က ရောက်ရှိခြင်း မရှိပေ။
ဧပြီလမှ စတင်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်များ PDF ၏ ပြင်းထန်ပြီး သိသိသာသာ ကြီးထွားနေသော ခုခံမှုသည် မြန်မာနိုင်ငံ၏ ပဋိပက္ခမြေပုံကို အခြေခံအားဖြင့် ပြောင်းလဲပစ်လိုက်သည်။
ဧပြီလမှ စတင်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ၏ ပြင်းထန်ပြီး သိသိသာသာ ကြီးထွားနေသော ခုခံမှုသည် မြန်မာနိုင်ငံ၏ ပဋိပက္ခမြေပုံကို အခြေခံအားဖြင့် ပြောင်းလဲပစ်လိုက်သည်။
PDF များ ယခုလှုပ်ရှားနေသောနေရာသည် မြန်မာ့အနာဂတ်တိုက်ပွဲတွင် အဆုံးအဖြတ်ပေးနိုင်သည့် အင်အားစုများ ဖြစ်လာနေသည့် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းမှ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများကြား ဆက်သွယ်ပေးသည့် ကျယ်ပြန့်သော စင်္ကြန်ဖြစ်နေသည်။

မြောက်ပိုင်းမှ အင်အားကြီးမားသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်တပ်ကို ကချင်ပြည်နယ် တဝှမ်းနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်နေသည်မှာ မတ်လကတည်းကပင် ဖြစ်ပြီး ထိုအဖွဲ့အစည်း၏ နှစ် ၆၀ ပုန်ကန်မှုသမိုင်းတွင် ပထဝီအရ အကျယ်ပြန့်ဆုံးနှင့် စစ်ရေးအရ အပြင်းထန်ဆုံး တိုက်ပွဲများဖြစ်သည်။
ဇူလိုင်လမှ စတင်ပြီး ထိုလက်နက်ကိုင်အဖွဲ့အစည်းသည် တိုက်ခိုက်ရေးသမား ခန့်မှန်းခြေ ၁၀၀၀၀ ခန့်စေလွှတ်ပြီး စစ်ဆင်ရေးနယ်မြေကို တောင်ဘက် စစ်ကိုင်းတိုင်းအတွင်းသို့ တိုးချဲ့ပြီး ဧရာဝတီမြစ်ကမ်းမှ ရွှေကူနှင့် ကသာ၊ တောင်ဘက်ထပ်ဆင်းပြီး ကောလင်းနှင့် မန္တလေးတိုင်းမှ ပတ္တမြားထွက်ရာ မိုးကုပ်ရှိ PDFs များနှင့် ပူးပေါင်းသည်။
မြန်မာနိုင်ငံ၏ ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသည့် အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ယခင်က KIA နောက်လိုက်ဖြစ်ပြီး ယခုအခါ မဟာမိတ်ဖြစ်နေသည့် ရက္ခိုင့်တပ်တော် AA ရှိနေပြီး အင်အား ၈၀၀၀ မှ ၉၀၀၀ အထိရှိကာ စစ်တပ်နှင့် ပြင်းထန်လှသည့် ၂ နှစ်ကြာစစ်ပွဲကို ဆိုင်းငံ့ထားကာ အပစ်အခတ်ရပ်စဲထားခြင်းကို အကာကွယ်ယူပြီး တပ်အင်အားနှင့် ထိန်းချုပ်မှု တိုးချဲ့ရေးကို အာရုံစိုက်လုပ်ကိုင်နေသည်။
အင်အားကြီးသော တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ KIA နှင့် AA ထိန်းချုပ်နယ်မြေ အကြားမှ ကုန်းမြေစင်္ကြန်ကြီးကို မြန်မာနိုင်ငံ၏ ဟိုချီမင်းလမ်းကြောင်းဟု ခေါ်ပါက ချဲ့ကားပြောဆိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို အင်အားကြီးသော တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့အကြားမှ ကုန်းမြေစင်္ကြန်ကို မြန်မာနိုင်ငံ၏ ဟိုချီမင်းလမ်းကြောင်းဟု ခေါ်ပါက ချဲ့ကားပြောဆိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်အတွင်း ထိုစင်္ကြန်သည် တရုတ်နှင့် KIA ထုတ်လုပ်သည့် လက်နက်များကို ကျဉ်းမြောင်းပြီး အစောင့်အကြပ်မရှိသည့် ကျေးလက်လမ်းများမှတဆင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်း ချင်းတောင်တန်းများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များရှိ AA ၏ ပင်မတပ်များထံသို့ ပို့ဆောင်ရာတွင် အဓိကကျပြီး လူသိနည်းသည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည်မှာ သေချာသည်။
AA ခေါင်းဆောင်ပိုင်းသည် မြောက်ပိုင်းရှိ တရုတ်နယ်စပ် KIA မြို့တော် လိုင်ဇာအနီးတွင် ဆက်လက်အခြေစိုက် နေသည်။ သို့သော် လက်နက်များသည် တောင်ဘက်သို့ စီးဆင်းနေသောကြောင့် ရခိုင်ပြည်နယ်မှ ၎င်းတို့တပ်များသည် ၂၀၁၅ ခုနှစ်မှ တဖြည်းဖြည်း ကြီးထွားလာပြီး ၂၀၁၈ ခုနှစ်နှောင်းပိုင်းသို့ ရောက်လာသောအခါ အင်အားအနည်းဆုံး ၆၀၀၀ အထိ ရှိလာသည်။
အတိတ်ကို ပြန်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ သေနင်္ဂဗျူဟာမြေပုံကို အကြီးအကျယ် ပြောင်းလဲသွား စေသည့် ထိုသို့ အတားအဆီးမရှိ သွားနေသည့် လက်နက်လမ်းကြောင်းသည် ထူးခြားလှသည်။

ရခိုင်ပြည်နယ်တွင် စစ်ရိပ်စစ်ငွေ့များ သန်းနေချိန်တွင်ပင် စာရေးသူသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ထိုအနောက်ဘက် စင်္ကြန်တွင် ငှားရန်းထားသော ဆိုင်ကယ်တစင်းဖြင့် ၂ ပတ်ခန့် ကူးသန်းနေခဲ့ပြီး အံ့သြစရာကောင်းသည်မှာ ရဲ သို့မဟုတ် စစ်တပ်စစ်ဆေးရေးဂိတ် တခုတလေမျှကိုပင် မည်သည့်နေရာတွင်မျှ မတွေ့ရခြင်းဖြစ်သည်။
AA ၏ စစ်အင်အားတည်ဆောက်မှုသည် စစ်အုပ်စုက မသိဘဲ ကြီးထွားလာသောကြောင့် ထိုသို့ သမိုင်းဝင်သည့် ထောက်လှမ်းရေးအားနည်းချက်အတွက် စစ်အုပ်စုသည် မကြာမီ တန်ဖိုးကြီးမားစွာ ပေးဆပ်ရတော့မည် ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ရခိုင်ပြည်နယ်တွင်ပေါ်ပေါက်ခဲ့သော စစ်ပွဲသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် အပစ်အခတ်ရပ်စဲသည်အထိ ကြာခဲ့သည်။ ကြီးမားသော အတိုင်းအတာရှိသည့် သမားရိုးကျ တပိုင်းစစ်ပွဲများတွင် စစ်တပ်က အမြောက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများကို သုံးရပြီး မကြခဏဆိုသလို နှစ်ဘက်စလုံးတွင် အသေအပျောက်များလှသည်။
သို့သော် ထိုသို့ ဆုံးရှုံးမှုများရှိသော်လည်း AA သည် အတိုက်အခံ မရှိ အောင်နိုင်သူဖြစ်လာသည်။ စစ်တပ်သည် အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် နိုင်ငံ၏ အခြားနေရာ အများအပြားမှ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိုးစစ်များကို ရင်ဆိုင်ရန် စစ်အင်အားကို ခွဲချရသောကြောင့် ရခိုင်အမျိုးသားရေး လက်နက်ကိုင်များသည် ရခိုင်ပြည်နယ်နေရာအများစုကို ချုပ်ကိုင်ရန် အချိန်နှင့် အခွင့်အရေးရသွားပြီး စင်ပြိုင်အစိုးရပုံစံ ပိုမိုတောင့်တင်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။
၎င်းတို့၏တပ်ဖွဲ့များကို ဆက်လက်တိုးချဲ့ရင်း နယ်မြေထိန်းချုပ်နိုင်မှုကြောင့် AA သည် KIA နှင့် အင်အား ၃ သောင်းရှိသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့နှင့်အတူ မြန်မာနိုင်ငံ၏ အရေးအပါဆုံး တပ်ဖွဲ့ ၃ ဖွဲ့တွင် ပါဝင်သွားသည်။
အများပြည်သူအတွက် ကိုဗစ်နိုင်တင်းထိန်းချုပ်ရေး အစီအမံများကို ဇူလိုင်လတွင် ထုတ်ပြန်ကြေညာပြီးနောက် AA က ဒေသတွင်းအငြင်းပွားမှုများကို ဖြေရှင်းရန် ၎င်းတို့၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က စီမံသည့် တရားရုံးများ ထူထောင်ကြောင်း သြဂုတ်လတွင်ကြေညာသည်။ ထိုအချိန်တွင် AA သည် နိုင်ငံတော်ရဲတပ်ဖွဲ့မှ သီးခြားဖြစ်သော ရဲတပ်ဖွဲ့တခုနှင့် စစ်တပ်ဖွဲ့များ ထူထောင်ထားပြီးဖြစ်သည်။
၎င်းတို့၏တပ်ဖွဲ့များကို ဆက်လက်တိုးချဲ့ရင်း နယ်မြေထိန်းချုပ်နိုင်မှုကြောင့် AA သည် KIA နှင့် အင်အား ၃ သောင်းရှိသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့နှင့်အတူ မြန်မာနိုင်ငံ၏ အရေးအပါဆုံး တပ်ဖွဲ့ ၃ ဖွဲ့တွင် ပါဝင်သွားသည်။
လက်တွေ့တွင်လည်း AA တပ်မှူး ထွန်းမြတ်နိုင်က တရုတ်ကျောထောက်နောက်ခံပြု UWSA က ရှမ်းပြည် အရှေ့မြောက်ပိုင်းတွင် ထူထောင်ထားသကဲ့သို့ လုံး၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နိုင်ငံအနောက်ပိုင်းတွင် ထူထောင်မည့် ရည်မှန်းချက်ကို ထုတ်ဖေါ်ပြောဆိုပြီးဖြစ်သည်။

ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုများကို ဖေဖေါ်ဝါရီလက အာဏာသိမ်းယူမှု၏ ဆိုးရွားသော ရလဒ်များကြောင့် အကျပ်အတည်းဖြစ်နေသော စစ်ကောင်စီက သတိဖြင့်သာ စောင့်ကြည့်နေရသည်။ အနည်းဆုံး လတ်တလောကာလတွင် စစ်တပ်သည် AA ကို နှိမ်နင်းရန် လူအင်အားလည်း မရှိ အချိန်လည်း မရှိပေ။ AA ၏ စိန်ခေါ်မှုကို ၎င်းတို့ တုံ့ပြန်မည်ဆိုလျှင်လည်း အချိန်များစွာ နောက်ကျနေပြီး ဖြစ်နိုင်သည်။
ထိုသို့သောအခြေအနေတွင် စစ်ကိုင်းတိုင်းတောင်ပိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းတလျှောက်ရှိ ဒေသခံ PDF တို့သည် လက်နက်၊ နည်းပရိယာယ်နှင့် နည်းပညာများအား အောင်မြင်စွာ ရှာဖွေ ရယူ အသုံးချကာ နိုင်ငံတွင်း အတက်ကြွဆုံးအဖွဲ့များအဖြစ် ပေါ်ထွန်းလာခြင်းက အံ့သြစရာတော့ မဟုတ်တော့ပေ။
ထိုဖြစ်ပေါ်တိုးတက်မှုကို KIA ဖြစ်စေ၊ AA ဖြစ်စေ၊ နှစ်ဖွဲ့လုံးကဖြစ်စေ မည်မျှ ကြိုတင်ပြင်ဆင် ကူညီအားပေးခဲ့သည်ကို ခန့်မှန်းရန် ခက်ခဲသည်။
အနောက်ပိုင်းမှ PDF အချို့နှင့် ချင်းတောင်တန်းများ နီးကပ်နေသောကြောင့် ဗမာလူမျိုးစုနှင့် ချင်း ခုခံရေး အင်အားစုများအကြား မဟာမိတ်အဖွဲ့သစ်လည်း ပေါ်ပေါက်လာသည်။
သို့သော် ထင်ရှားသောအချက်မှာ အနောက်ဘက် စင်္ကြန်တလျှောက်တွင် PDF များ အသုံးပြုနေသည့် လက်လုပ်မိုင်းများကို KIA ၏ နည်းပညာကြောင့်သာ လုပ်နိုင်ခြင်းဖြစ်သည်။ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း PDF များသည် အမဲလိုက် တူမီးထက် ပိုမိုကောင်းမွန်သော လက်နက်များကို တပ်ဆင်လာနိုင်ကြသည်။ စစ်အုပ်စု၏ အနောက်ဘက်တွင် ထိုသို့လှုပ်ရှားနေသော စစ်မျက်နှာ တခုရှိနေခြင်းသည် KIA နှင့် AA နှစ်ဖွဲ့လုံးအတွက် သေနင်္ဂဗျူဟာ အကျိုးစီးပွားကို ဖြစ်စေသည်။
ဗီယက်နမ်စစ်အတွင်းက ဟိုချီမင်းလမ်းကြောင်းကဲ့သို့ပင် ထိုဒေသသည် လမ်းကြောင်းတကြောင်းတည်းကို မှီခိုနေသည်မဟုတ်ပေ။ ထိုသယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို ဧရာဝတီမြစ်အနီး ရေစကြိုနှင့် အနောက်ဘက်မှ ပိုမိုဝေးကွာသော ပုလဲမြို့ကဲ့သို့သောနေရာများအထိ ရောက်သည့် မြို့နယ်ချင်းဆက် လမ်းကွန်ရက်များ ပါဝင်နိုင်သည်။
အချို့လမ်းကွန်ရက်များသည် ပိုမိုအရေးပါသော လမ်းကြောင်းများဖြစ်သည်။ အထင်ရှားဆုံးမှာ စစ်ကိုင်းရှိ ချင်းတောင်တန်းများ၏ မြင့်မားလှသောတောင်ခြေရှိ ကလေးမှ မကွေးတိုင်းမြောက်ပိုင်း တောင်များပေါ်မှ ဂန့်ဂေါကို ဆက်သွယ်ထားသည် ကီလိုမီတာ ၁၃၀ ရှည်သော ကျဉ်းမြောင်းပိတ်ဆို့ထားသည့် လမ်းဖြစ်သည်။
စစ်ကောင်စီတပ်များနှင့် ယာဉ်တန်းများကို အကြိမ်ကြိမ် မိုင်းခွဲတိုက်ခိုက်သောနေရာဖြစ်သည့် ထိုဝေးခေါင်လှသော လမ်းသည် လုံခြုံရေးလုပ်ငန်းတခုက သြဂုတ်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အန္တရာယ် အများဆုံးလမ်းများအနက် တခုဖြစ်လာသည်။
အနောက်ပိုင်းမှ PDF အချို့နှင့် ချင်းတောင်တန်းများ နီးကပ်နေသောကြောင့် ဗမာလူမျိုးစုနှင့် ချင်း ခုခံရေး အင်အားစုများအကြား မဟာမိတ်အဖွဲ့သစ်လည်း ပေါ်ပေါက်လာသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီဆန့်ကျင်ရေး တပ်ဦးဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ် (CDF) ၏ မင်းတပ် တပ်ဖွဲ့ခွဲသည် အသစ်ဖွဲ့စည်းလိုက်သည့် ယောနယ်ကာကွယ်ရေးတပ် (YDF) နှင့် မဟာမိတ်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ YDF သည် မကွေးတိုင်းမှ ဂန့်ဂေါ၊ ထီးလင်း နှင့် ဆော မြို့နယ်များတွင် လှုပ်ရှားသော အဖွဲ့ဖြစ်သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ထိုသို့ ပေါ်ပေါက်လာသည့် ခြိမ်းခြောက်မှုကို စစ်တပ်၏ တုံ့ပြန်မှု ရုတ်တရက်မြင့်မားလာပြီး တပ်များကို အကျပ်အတည်း ကျရောက် သွေးထွက်သံယိုဖြစ်စေသောကြောင့် KIA နှင့် AA တို့အတွက် အကျိုးရှိကြောင်း ထင်ရှားသည်။ ကျေးရွာများကို ကြိုတင်လက်ဦးမှုယူ၍ဖြစ်စေ လက်စားချေသည့်အနေဖြင့် ဖြစ်စေ ဝင်ရောက်စီးနင်းခြင်းသည် နေ့စဉ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီ စစ်ကြောင်းများက သံသယရှိသူများကို သိမ်းကြုံးဖမ်းဆီး၊ လုယက်ကာ နေအိမ်များကို မီးရှို့နေကြသည်။
ထိုနယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများသည် ပိုမိုကျယ်ပြန့်သော ဒေသကို ပစ်မှတ်ထားလာပြီး စစ်ကောင်စီတပ်များကို ကူညီနေသည့် လမ်းပြများ၊ ဒလန်များဖြစ်သည့် အသစ်ဖွဲ့စည်းလိုက်သော ပျုစောထီး အဖွဲ့များလည်း ပါဝင်ကြောင်း သိရသည်။
ထိုသို့သော နောက်ဆုံးစစ်ဆင်ရေးကို သြဂုတ်လကုန်က မကွေးတိုင်း ပေါက်မြို့နယ်တွင်ပြုလုပ်ခဲ့ပြီး ဒေသခံ PDF များသည် စစ်ကောင်စီယာဉ်များကို မိုင်းခွဲရာတွင် ကျွမ်းကျင်ကြောင်း တွေ့ရသည်။
မြောက်ဘက်တွင် ကချင်ပြည်နယ်မှ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်အထိ တဆက်တစပ်တည်း ရှိနေသော လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်သည့် နယ်မြေသစ်ပေါ်လာနေခြင်းကြောင့် နေပြည်တော် စစ်ကောင်စီသည် သေနင်္ဂဗျူဟာကျသည့် ကြီးမားလှသော စိန်ခေါ်မှုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ဧရာဝတီသတင်းဌာန၏ သတင်းတပုဒ်အဆိုအရ စစ်သား ၁၀၀ ခန့်သည် ကျေးရွာအများအပြားနှင့် ပတ်ဝန်းကျင်ရှိတောများကို ပစ်မှတ်ထားကြောင်း သိရသည်။ သြဂုတ်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီ တပ်များ အမြောက်အမြားဖြင့် ဝန်ချုံးရွာကို ပစ်ခတ်သည်။ ထိုစစ်ဆင်ရေးများကြောင့် ဒေသခံပြည်သူ ၃ သောင်းကျော် ထွက်ပြေးရသည်ဟု သတင်းများက ဆိုသည်။
စစ်ကောင်စီတပ်များ၏ ဝင်ရောက်စီးနင်းမှုများသည် လက်နက်ကိုင်များနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသူများကို မကြာခဏဆိုသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖြစ်စေသည်။ ထိုနည်းလမ်းသည် စစ်ကောင်စီတပ်များကို ရိုဟင်ဂျာများကိုသာမက အခြားတိုင်းရင်းသားအသိုက်အဝန်းများကိုလည်း ပြုလုပ်သည့် စစ်ဆင်ရေးနည်းဖြစ်သည်။
အတိုက်အခံ သတင်းရင်းမြစ်များနှင့် မီဒီယာများ၏ အဆိုအရ ဇူလိုင်လ နှောင်းပိုင်းက ချင်းတွင်းမြစ်ကမ်းရှိ ကနီမြို့နယ်မှ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်များက ရွာသားအနည်းဆုံး ၁၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ လက်များကိုနောက်ပြန်ကြိုးတုပ်ထားကြောင်း ဓါတ်ပုံများတွင် တွေ့ရသည်။
ထိုဖြစ်ရပ်ကို ကုလသမဂ္ဂသို့ ထပ်မံတိုင်ကြားသည်။ စစ်ကောင်စီကို ဆန့်ကျင်သည့် မြန်မာသံအမတ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်ထံ သြဂုတ်လ ၄ ရက်နေ့တွင် စာတစောင်ရေးသားပြီး ကနီစစ်ဆင်ရေးအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တခုမကကို တင်ပြကာ လူသားချင်းစာနာမှုအရ ကြားဝင်ဆောင်ရွက်ရန် မေတ္တာရပ်ခံသည်။
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများသည် ထိုစင်္ကြန်ဒေသမှ အတိုက်အခံများကို ကြောက်လန့်အောင် လုပ်နိုင်ခြင်း ရှိမရှိကို ရှင်းလင်းစွာ မသိရပေ။ စစ်ဆင်ရေးများနှင့် ဝင်ရောက်စီးနင်းမှုများသည် ပြည်သူများကို အချိန်ကာလတခုတွင် ပုန်းခို တိမ်းရှောင်စေနိုင်ပြီး လူအင်အားအကျပ်အတည်းကြောင့် ကျယ်ပြန့်လှသော ကျေးလက်ဒေသတွင် ထိထိရောက်ရောက် တပ်စွဲထားနိုင်ခြေနည်းသည်။
စစ်ကောင်စီ ယာဉ်တန်းများနှင့် တပ်လှုပ်ရှားမှုများကို အကြိမ်ကြိမ်တိုက်ခိုက်ခြင်းသည် ရေရှည်တွင် တစိတ်တပိုင်းအားဖြင့် လုံခြုံစွာ သွားလာနိုင်သည့် လမ်းနည်းလာပြီး စစ်ကောင်စီတပ်များသည် ထိုနေရာများသို့ မသွားနိုင် သို့မဟုတ် ကြီးမားသော ထိုးစစ်မပါဘဲ မသွားနိုင်ဖြစ်လာနိုင်သည်။
မြန်မာနိုင်ငံ အနောက်ပိုင်းတွင် စစ်တပ်ကပေးရမည့် လောင်းကြေးမှာ မြင့်မားလှသည်။ မြောက်ဘက်တွင် ကချင်ပြည်နယ်မှ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်အထိ တဆက်တစပ်တည်း ရှိနေသော လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်သည့် နယ်မြေသစ်ပေါ်လာနေခြင်းကြောင့် နေပြည်တော် စစ်ကောင်စီသည် သေနင်္ဂဗျူဟာကျသည့် ကြီးမားလှသော စိန်ခေါ်မှုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
သုတ်သင်ရှင်းလင်းရေးများ ကျူးလွန်တတ်ပြီး ကိုယ့်ပြည်သူကို ကိုယ် အပြင်းအထန် အကြမ်းဖက်သည့် စစ်တပ်၏ စိတ်နေစိတ်ထားသည် ထိုဒေသပေါ်ပေါက်လာခြင်းကို တားဆီးရန် အပြင်းအထန်ကြိုးစားမည်ဖြစ်သည်။ သို့သော် အကြွင်းမဲ့ စစ်ရေး နည်းနာများသည် လက်ရှိ ရင်ဆိုင်နေရသည့် စစ်အာဏာသ်ိမ်းမှုဆန့်ကျင်ရေးပုန်ကန်မှုကို မီးလောင်ရာလေပင့်မည့် အန္တရာယ်သာ ဖြစ်စေလိမ့်မည်။
(Anthony Davis သည် ဘန်ကောက်အခြေစိုက် စစ်ဘက်ရေးရာ သုံးသပ်သူတဦးဖြစ်သည်။ Asia Times ပါ ၎င်း၏ Loading up for a wider war in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories :
စစ်ရေး မတည်မငြိမ်မှုများနှင့် ကချင်ပြည်နယ်
မြန်မာစစ်တပ် သေဆုံးမှုနှုန်း တိုးနေသော်လည်း
စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်
မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်လုပ် လေယာဉ်ပစ်ဒုံးများ