မြန်မာစစ်တပ် သေဆုံးမှုနှုန်း တိုးနေသော်လည်း

David Scott Mathieson
၂၀၁၈ မတ်လ နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

စစ်ကောင်စီတပ်မှ အသက် ၄၈ နှစ်အရွယ် ဒုဗိုလ်မှူးကြီး ဇော်ဇော်စိုးသည် သူ၏ လူအများအပြားနှင့်အတူ ဇူလိုင်လ နှောင်းပိုင်းက မင်းတပ် မြို့အနီးတွင် သေဆုံးသောကြောင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ကြေးမုံ သတင်းစာတွင် တိုက်ပွဲကျ အဆင့်မြင့်အရာရှိတဦး၏ နာရေး ရှားရှားပါးပါး ပါလာရသည်။

မကြာသေးမီက ဖွဲစည်းခဲ့သည့် စစ်အာဏာသိမ်း ဆန့်ကျင်ရေး တပ်ဖွဲ ခန့်မှန်းခြေ ၁၅၀ ခန့်အနက် တဖွဲ့ဖြစ်သော ချင်းပြည်နယ် ကာကွယ်ရေးတပ် (CDF) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိုသေဆုံးမှုများသည် ရှည်လျှားလှသော ပဋိပက္ခအတွင်း သေဆုံးမှုစာရင်းတွင် ပါဝင်သွားသည်။ ထိုစာရင်းတွင် အမျိုးမျိုးသော အရေးကိစ္စများအတွက် တိုက်ပွဲဝင်နေသူများက အကြိမ်ကြိမ် တိုက်ခိုက်ခံနေရသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖော်ပြထားသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင်လည်း စစ်ကောင်စီ စစ်သား အနည်းဆုံး ၄၀ သည် စစ်ကိုင်းတိုင်း ကောလင်းတွင် စစ်ကောင်စီယာဉ်တန်းကို PDF က မိုင်းထောင် တိုက်ခိုက်သည့်အခါ သေဆုံးကြောင်း PDF အဖွဲ့ဝင် တဦးကို ကိုးကားပြီး ဒေသတွင်း သတင်းများက ဆိုသည်။

သြဂုတ်လ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် စစ်သား ၁၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု PDF သတင်းရင်းမြစ်များက မီဒီယာများကို ပြောကြားပြီး အထက်ပါ ဖြစ်ရပ်ပေါ်ပေါက်လာသည်။ အခြား သတင်းများတွင်လည်း မကွေးတိုင်း ဂန့်ဂေါတွင် သြဂုတ်လ နှောင်းပိုင်းတရက်က ခြေလျှင်တပ်သား ၃၀ သေဆုံးသည်ဟု ဖေါ်ပြသည်။

ထိုကျေးလက်ဒေသများတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီကို မဖွဲစည်းမီ လက်နက်ကိုင် ပဋိပက္ခနှင့် မပတ်သက်သောဒေသများရှိ သေဆုံးမှု မှတ်တမ်းများဖြစ်သည်။

စစ်တပ်၏ အမှန်တကယ် အင်အားမှာ ထိုထက် လွန်စွာနိမ့်ကျပြီး အများအားဖြင့် ရှေ့တန်းတပ်များတွင် အမှန်တကယ်ရှိရမည့် အင်အား၏ အပိုင်းကိန်းမျှသာရှိသည့်အပြင် စစ်မျက်နှာပေါင်းစုံတွင်လည်း ချထားရသေးသည်။

တချိန်တည်းတွင် ကာလရှည်ကြာစွာဖြစ်ပွားနေသော ပဋိပက္ခဇုန်များဖြစ်သည့် ကချင်၊ ရှမ်း၊ ကရင်နှင့် ကယား ပြည်နယ်များတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။ ကမ္ဘာတွင် တဆက်တစပ်တည်းရှိသော သက်တမ်းအရှည်ဆုံးဖြစ် ပုန်ကန်သည့်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က မေလနှင့် ဇွန်လအတွင်း စစ်ကောင်စီစစ်သား ၂၈၄ ဦးကို သေဆုံးစေပြီး ၂၉၇ ဦးကို ဒဏ်ရာရစေကြောင်း ကြေညာသည်။

၂၀၁၅ ခုနှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော်လည်း ယခင်နှစ်များကတည်းက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် KNLA တပ်မဟာ ၅ ထိန်းချုပ်ဒေသဖြစ်သော ဖါပွန်တွင် သြဂုတ်လက စစ်ကောင်စီ စစ်သား ၅၀ သေပြီး ဇူလိုင်လတွင် ၆၅ ယောက်သေသည်။

စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသော အတိုက်အခံ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း ဇူလ်ိုင်နှင့် သြဂုတ်လအတွင်း တနိုင်ငံလုံး တိုက်ပွဲများတွင် စစ်ကောင်စီဘက်က သေဆုံးမှု ၁၁၃၀ ရှိပြီး ဒဏ်ရာရသူ ၄၄၃ ဦးရှိကြောင်း ဇူလိုင်လ တလတည်းတွင် သေဆုံးသူ ၇၄၀ ရှိကြောင်း မကြာသေးမီကပြောသည်။

မြို့ပြတိုက်ခိုက်မှုများသည်လည်း တခါတရံ အရှေ့တောင်အာရှတွင် အများဆုံးဖြစ်သည့် အင်အား ၅ သိန်းရှိသည်ဟု ပြောတတ်သော မြန်မာစစ်တပ်ကို စိုးရိမ်ပူပန်စေမည်ဖြစ်သည်။ သို့သော် ၎င်း၏ အမှန်တကယ် အင်အားမှာ ထိုထက် လွန်စွာနိမ့်ကျပြီး အများအားဖြင့် ရှေ့တန်းတပ်များတွင် အမှန်တကယ်ရှိရမည့် အင်အား၏ အပိုင်းကိန်းမျှသာရှိသည့်အပြင် စစ်မျက်နှာပေါင်းစုံတွင်လည်း ချထားရသေးသည်။

စစ်တပ်ဘက်မှ အကြီးအကျယ်သေဆုံးသောကြောင့် ၂၀၁၆ ခုနှစ်က လားရှိုးတွင် အကောင်အထည်ဖေါ်သည့် “မုဆိုးမအိမ်ရာစီမံကိန်း”နှင့် မြို့ပြင်မှ ရာပေါင်းများစွာသော အဖြူရောင် အုတ်ဂူများပြည့်နေသည့် သင်္ချိုင်းက သက်သေပြနေသည်။

စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်တွင် သြဂုတ် ၃၀ ရက်နေ့က ဗုံး ၇ လုံးပေါက်သည်ဟု သတင်းရပြီး ယင်းသည် မြို့ပြမှ စစ်ရေးပစ်မှတ်ပျော့များအား တိုက်ခိုက်မှုများတွင် နောက်ဆုံးတိုက်ခိုက်မှုဖြစ်သည်။ စစ်ကောင်စီအရာရှိများနှင့် ၎င်းတို့၏ ကြေးစားဒလံဟု သံသယရှိသူများကို ပစ်ပြီးပြေးသည့် ဖြစ်ရပ်များလည်း မြင့်မားနေသည်။

ထိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီသည် သူ့အရိပ်သူ ပြန်လန့်နေသည်။ အာဏာပိုင်များက ရန်ကုန်တမြို့တည်းတွင်ပင် PDF အဖွဲ့ဝင်ဟု စွပ်စွဲခံရသူ ၄၁ ဦးဖမ်းမိကြောင်း စစ်ကောင်စီမီဒီယာက ကြေညာပြီး ၎င်းတို့အနက် အများအပြားသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ထိန်းချုပ်ထားသည့် ဒေသများတွင် မကြာသေးမီလများအတွင်း သင်တန်းတက်ခဲ့သူများဖြစ်သည်ဟု ဆိုသည်။

PDF အများအပြားသည် EAOs များနှင့် သီးခြားဖြစ်စေ၊ အပြန်အလှန် ချိတ်ဆက်၍ဖြစ်စေ၊ လက်တွဲ၍ဖြစ်စေ နိုင်ငံတဝှမ်းတွင် လှုပ်ရှားလာကြပြီး စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှု မြင့်မားလာတော့မည်ဖြစ်သည်။

သို့သော် သေဆုံးမှုနှုန်းမြင့်မားလာခြင်းသည် စစ်ကောင်စီ တပ်တွင်း ညီညွတ်မှုကို ထိခိုက်စေနိုင်ပါသလား။ ယခင် ပဋိပက္ခများတွင် စစ်တပ်သည် အများအပြား အင်အားချည့်နဲ့ခြင်းအား ခံနိုင်ရည်ရှိခဲ့သည် သို့မဟုတ် နည်းပရိယာယ် အကြီးအကျယ်ပြောင်းလဲသွားစေပြီး လက်နက်အသင့် ငြိမ်းချမ်းရေးနည်းသို့ ပြောင်းလဲလိုက်နိုင်သည်။

ရက္ခိုင့်တပ်တော် (AA) ကပြောသော ကိန်းဂဏန်းများ တိကျမည်ဆိုပါက AA နှင့် တိုက်ခဲ့သော မကြာသေးမီက တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်များဘက်မှ လူ ၂၀၀၀ ခန့် သေဆုံးခဲ့နိုင်သည်။

၂၀၁၈ ခုနှစ် နှစ်လယ်မှ အပစ်အခတ်ရပ်စဲရေးကို နှုတ်ဖြင့် သဘောတူပြီး ဆက်လက်တည်တံ့နေသည့် ၂၀၂၀ ခုနှစ်ကုန်အထိ ရခိုင်ပြည်နယ်မှ ပဋိပက္ခနှင့် တိုက်ပွဲသတင်းများကို အနီးကပ် လေ့လာသောအခါ AA ၏ ပြောဆိုချက်များ မှန်ကန်နေကြောင်း တွေ့ရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ကချင်ပြည်နယ်မှ စစ်ပွဲများတွင် ကချင်လွတ်လပ်ရေးတပ် (KIA) ကလည်း စစ်တပ်ဖွဲ့ဝင် ထောင်ချီကို သတ်ဖြတ်ခဲ့နိုင်သည်။ မြန်မာစစ်တပ်သည် KIA ၏ တောင်ကုန်း စခန်းများကို မကြာခဏဆိုသလို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်သောအခါ ပိုမိုသေဆုံးနိုင်သည်။

KIA သည် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကို ထုတ်ပြန်ခြင်းသည် အကျိုးမရှိဟု ယူဆသောကြောင့် သေဆုံးမှုမြင့်မားခြင်းအား ပြောကြားခြင်းကို ရှောင်ရှားပြီး ကြိုးကြားကြိုးကြားသာ ထုတ်ပြန်သည်။

စစ်သားအချင်းချင်း သတ်ဖြတ်ခြင်းနှင့် အရာရှိများကို ကြိုတင်ကြံစည် သတ်ဖြတ်ခြင်းတို့သည် စစ်တပ်အတွင်း ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပြီး တပ်ပြိုကွဲလောက်သည်အထိ ထူးခြားသော သက်ရောက်မှု မရှိပေ။

တရုတ်နယ်စပ်ရှိ KIA ဝိုင်းခံထားရသော စစ်အုပ်စုစခန်းတခုကို ကယ်ဆယ်ရန်ကြိုးစားသည့်တိုက်ပွဲ ၂ ရက်တာအတွင်း စစ်တပ်မှ လူ ၂၀၀ သေဆုံးကြောင်း ဗိုလ်ချုပ်ဟောင်းနှင့် ထိုစဉ်က ဦးသိန်းစိန် အစိုးရဝန်ကြီး ဦအောင်မင်းက စာရေးသူကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလက သူ၏ ရုံးခန်းတွင်ပြောသည်။

၂၀၀၉ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်က မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ် (MNDAA) ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့် တိုက်ခိုက်သည့် တိုက်ပွဲ ၂ ခုလုံးတွင် စစ်တပ်ဘက်မှ အကြီးအကျယ်သေဆုံးသောကြောင့် ၂၀၁၆ ခုနှစ်က လားရှိုးတွင် အကောင်အထည်ဖေါ်သည့် “မုဆိုးမအိမ်ရာစီမံကိန်း”နှင့် မြို့ပြင်မှ ရာပေါင်းများစွာသော အဖြူရောင် အုတ်ဂူများပြည့်နေသည့် သင်္ချိုင်းက သက်သေပြနေသည်။

ထို့ကြောင့် စစ်တပ်၏ အသေခံနိုင်နှုန်းသည် မြင့်မားကြောင်း ထင်ရှားသည်။ သို့သော် လွန်ခဲ့သော နှစ် ၇၀ ပြည်တွင်းစစ်အရှိန် အတက်အကျများအတွင်း ပဋိပက္ခကြောင့် သေဆုံးမှု မည်မျှကို မြန်မာနိုင်ငံ ခံစားခဲ့ရသနည်း။

စစ်တပ်မှ စာရင်း ထိန်းသိမ်းထားသည်ဆိုလျှင်ပင် အမှန်တကယ် သေဆုံးမှုစာရင်းကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်ပေ။ မြေမြှုပ်မိုင်းများ၊ ချောင်းမြောင်းပစ်ခတ်မှုများ၊ ငှက်ဖျား၊ မတော်တဆမှုများ၊ တပ်မှ ထွက်ပြေးခြင်း တို့ကြောင့် ထိခိုက်မှုနှုန်းကို တွက်ချက်ရန် မဖြစ်နိုင်ပေ။

သေချာသော အချက်တချက်မှာ ထိုဖြစ်ရပ်များကြောင့် တပ်တွင်းပုန်ကန်မှု၊ တပ်မှ အကြီးအကျယ် ထွက်ပြေးခြင်း သို့မဟုတ် စစ်ဆင်ရေး သဘောတရားပြောင်းလဲခြင်းတို့ ဖြစ်လောက်အောင် မသက်ရောက်ခဲ့ခြင်းဖြစ်သည်။

ပုန်ကန်မှု နှိမ်နင်းရေး စစ်ဆင်သည့် မြန်မာစစ်တပ်၏ ကာလကြာမြင့်ပြီဖြစ်သော သဘောတရားမှာ သေဆုံးမှုနှုန်းနှင့် ဆုံးရှုံးမှုကို ထည့်မတွက်ဘဲ ရှေ့ဆက်တိုက်ခြင်းဖြစ်သည်။ PDF များ လှုပ်ရှားသည့် နယ်မြေများတွင် မကြာသေးမီက စစ်ကောင်စီတပ်များက လုယက်သတ်ဖြတ်မှုများကြောင့် အရပ်သားများ ထိခိုက်မှုများကိုလည်း ထည့်သွင်းတွက်ချက်ခြင်း မရှိပေ။

ထို့ပြင် စစ်သားအချင်းချင်း သတ်ဖြတ်ခြင်းနှင့် အရာရှိများကို ကြိုတင်ကြံစည် သတ်ဖြတ်ခြင်းတို့သည် စစ်တပ်အတွင်း ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပြီး တပ်ပြိုကွဲလောက်သည်အထိ ထူးခြားသော သက်ရောက်မှု မရှိပေ။

အနောက်တိုင်းမှ ဖွံ့ဖြိုးရေးသမားများသည် မြန်မာပဋိပက္ခများ၏ သဘောသဘာဝကို လေ့လာခြင်း ကြီးကြီးမားမားမရှိကြဘဲ စစ်အုပ်စု၏ စစ်မှန်သော စရိုက်လက္ခဏာကိုလည်း စူးစမ်းလေ့လာခြင်း မရှိပေ။ ထို့ကြောင့်ပင် ယခုကဲ့သို့ ဆိုးရွားသော စစ်အာဏာသိမ်းမှုဖြစ်လာမည်ကို ကြိုမမြင်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပဋိပက္ခနှင့်ပတ်သက်သည့် အချက်အလက်များကို အကဲဖြတ်ခြင်းအား ပဋိပက္ခဖြစ်ပွားမှု အရေအတွက်နှင့် သေဆုံးသူ အရေအတွက်အပေါ် အခြေခံ ပြုလုပ်ထားကြသည်။ ထိုအချက်နှစ်ခုလုံးသည် လက်နက်ကိုင် ပဋိပက္ခ၏ သဘောသဘာဝကို နားလည်ရေးတွင် ပြီးပြည့်စုံသည့် အညွှန်းကိန်းများ မဟုတ်ကြပေ

ထိုသို့လေ့လာခြင်းမရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊ စစ်ဘက်ဆက်ဆံရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လေ့ကျင့်ပေးခြင်း၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးသုတေသန စသည်တို့ဖြင့် လိမ်လည်မှုတို့ကိုသာ အလေးပေးပြီး ၎င်းတို့အားလုံးသည် သဘောတရားအရမဟုတ်သော စစ်တပ်၏ လက်တွေ့လုပ်ဆောင်နေမှုများအား မကြည့်ပေ။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုစနစ်ကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ပဋိပက္ခ သတင်းအချက်အလက်များစွာကို ထုတ်လုပ်ရန် EXERA, ACLED ( လက်နက်ကိုင်ပဋိပက္ခ တည်နေရာနှင့် ဖြစ်ရပ် အချက်အလက်စီမံကိန်း -Armed Conflict Location and Event Data Project) ကဲ့သို့သော သုတေသနလုပ်ငန်းများနှင့် စစ်အုပ်စုလိုလားသော မြန်မာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု (MIPS) တို့ပေါ်ပေါက်လာကြသည်။

သို့သော် ၎င်းတို့၏ အစီရင်ခံစာ အများစုသည် မရောရာသော ပြည်တွင်းသတင်းများကို မှီခိုကြသည်။ မတိကျ မရေရာသော တွက်ချက်မှုများ၊ အားကိုးအားထား မပြုနိုင်သော သို့မဟုတ် အယူအဆလွဲမှားစေသော EAO တို့၏ စာရင်းများကို မကြာခဏ အခြေခံထားသောကြောင့် အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်သည်။

ပထဝီအနေအထား၊ အတည်ပြုရန် နည်းလမ်းမရှိခြင်း၊ မြန်မာနှင့် တိုင်းရင်းသားဘာသာစကားများသို့ ပြန်ဆိုရခြင်း စသည့် စိန်ခေါ်မှုများနှင့် ကွာခြားမှု ကြီးမားသည့် သတင်းရင်းမြစ်များကြောင့် မီဒီယာများတွင်လည်း အကန့်အသတ်ရှိနေသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတ်ဖြတ်လိုက်သူ ၁၀၂၆ ဦးရှိပြီဟု လူ့အခွင့်အရေး အဖွဲ့အစည်း ဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပြီး ထိုကိန်းဂဏန်းသည် အခြားစာရင်းများထက် ပိုမိုခိုင်မာသော်လည်း အမှန်တကယ်ထက် ပိုမိုများပြား သို့မဟုတ် လျှော့နည်းနေနိုင်သည်။

မြန်မာနိုင်ငံမှ ပဋိပက္ခနှင့်ပတ်သက်သည့် အချက်အလက်များကို အကဲဖြတ်ခြင်းအား ပဋိပက္ခဖြစ်ပွားမှု အရေအတွက်နှင့် သေဆုံးသူ အရေအတွက်အပေါ် အခြေခံ ပြုလုပ်ထားကြသည်။ ထိုအချက်နှစ်ခုလုံးသည် လက်နက်ကိုင် ပဋိပက္ခ၏ သဘောသဘာဝကို နားလည်ရေးတွင် ပြီးပြည့်စုံသည့် အညွှန်းကိန်းများ မဟုတ်ကြပေ။ အထူးသဖြင့် ပေါက်ကွဲလွယ်မှု၊ ဒေသအခြေအနေနှင့် အချိန်ရာသီအလိုက်ပြောင်းလဲမှုတို့ကို အကဲဖြတ်ရန် ပဋိပက္ခဖြစ်ပွားမှု ပုံစံများအား ပိုမိုရှည်ကြာသည့် အချိန်ကာလ ဘောင်များအတွင်း မထည့်သွင်းဘဲ ထားသောအခါ လက်နက်ကိုင် ပဋိပက္ခ သဘောသဘာဝကို နားလည်ရန် ပိုမိုခက်ခဲသည်။

စစ်ပွဲများကို သရုပ်ခွဲရန် ပညာရှင်များ အသုံးပြုကြသည့် ကြီးမားသော ပဋိပက္ခ အချက်အလက်များတွင်လည်း အလားတူ အကန့်အသတ်များ အထင်အရှားတွေ့ရသည်။ Uppsala Conflict Data Program (UCDP) က ၁၉၈၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတော် ကမကထပြု အကြမ်းဖက်မှု၊ နိုင်ငံတော်မဟုတ်သောသူများ ကမကထမပြု အကြမ်းဖက်မှုနှင့် တဘက်သတ် အကြမ်းဖက်မှု အပါအဝင် မြန်မာနိုင်ငံမှ ပဋိပက္ခများတွင် သေဆုံးသူ ၂၀၄၄၂ ဦးရှိသည်ဟု ဆိုသည်။

အခြားစာရင်းတခုတွင်မူ ထိုသို့သေဆုံးသူအရေအတွက်မှာ ၂၄၀၇၂ ဦး ရှိသည်ဟု ဆိုသည်။ သို့သော် UCDP သည် AA နှင့် အခြားလက်နက်ကိုင်အုပ်စုများကို ထည့်သွင်းတွက်ချက်ခြင်း မရှိသလို စစ်သားနှင့် အရပ်သား ခွဲခြားတွက်ချက်ခြင်းလည်း မရှိပေ။

အလားတူ အကန့်အသတ်များကို Correlates of War database ကဲ့သို့သော အခြားစာရင်းများတွင်လည်း တွေ့ရသည်။ ထိုသို့ဆိုခြင်းကြောင့် ပဋိပက္ခကို ကိန်းဂဏန်းများဖြင့် သရုပ်ခွဲလေ့လာခြင်းကို ဝေဖန်ခြင်း မဟုတ်ဘဲ ခေတ်သစ်မြန်မာနိုင်ငံမှ ထွက်ပေါ်လာသည့် အချက်အလက်အားလုံးနီးပါးတွင် အကန့်အသတ်များ ရှိကြောင်းကို အလေးထားပြောလိုခြင်းဖြစ်သည်။

အများအားဖြင့် ထိုသို့သော အချက်အလက် ရင်းမြစ်များသည် ပဋိပက္ခများ၏ ပြင်းထန်မှုနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို လျှော့ချရန်သာ အသုံးပြုကြပြီး တိုင်းရင်းသား ပဋိပက္ခများသည် ယခင် ဆယ်စုနှစ်များစွာကအတိုင်း ဖြစ်ပေါ်နေစေကာမူ ငြိမ်းချမ်းရေး ပေါ်ပေါက်လာနေသည်ဟု အနောက်တိုင်းမှ အလှူရှင်များအား အာမခံရန် အတွက်သာ ရည်ရွယ်ကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မှားယွင်းသော အကောင်းမြင်ခြင်းတခုမှာ စစ်အုပ်စုဘက်မှ သေဆုံးမှု မြင့်မားခြင်းသည် နောက်ဆုံးတွင် စစ်အုပ်စု ပြိုကွဲခြင်းသို့ ဦတည်မည်ဆိုသည့် အယူအဆဖြစ်သည်။ စစ်အုပ်စုအတွင်း အကွဲအပြဲကို ခန့်မှန်းပြောဆိုခြင်းနှင့် ဘက်ပြောင်းမှုများသည် ဖေဖေါ်ဝါရီလမှ စတင်များပြားလာသည်။

စစ်အုပ်စုနှင့် ရဲတပ်ဖွဲ့ဝင်များ ခုခံရေးအင်အားစုများဘက်သို့ ဘက်ပြောင်းလာကြရန်၊ စစ်ကောင်စီ၏ အမိန့်များကို မနာခံကြရန်၊ PDF လှုပ်ရှားမှုများကို မတားဆီးရန်နှင့် အရပ်သားများကို ညှင်းပမ်းနှိပ်စက် သို့မဟုတ် ပစ္စည်းများ လုယူမှု ရပ်ရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သြဂုတ်လ ၂၈ ရက်နေ့တွင် ညွှန်ကြားချက်တစောင် ထုတ်ပြန်သည်။

ဆိုးသည်မှာ ထိုညွှန်ကြားချက်သည် သတိပေးချက်တခုဖြင့် အဆုံးသတ်သွားသည်။ နိုင်ငံနှင့်ပြည်သူကို သစ္စာဖေါက်မှု ကျူးလွန်သော စစ်ကောင်စီ၏ အကြမ်းဖက်သမားများကို PDF နှင့် မဟာမိတ်များက ပြင်းထန်စွာ အရေးယူမည်ဟု ထိုသတိပေးချက်က ဆိုသည်။

သို့သော် စစ်သားအများအပြားတို့သည် ၎င်းတို့၏ ထိပ်တန်း တပ်မှူးများကို မုန်းတီးကြပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသော်လည်း ၎င်းတို့နှင့် ၎င်းတို့မိသားစုများကို လက်စားချေမည် စိုးသောကြောင့် ဘက်ပြောင်းလာမည် မဟုတ်ကြောင်းကိုမူ NUG က ဝန်ခံခြင်း မရှိပါ။

အချို့ငယ်ရွယ်သော ခုခံတိုက်ခိုက်ရေးသမားများက ၎င်းတို့ စိတ်ဓါတ်ခွန်အားအတွက် NUG ထက် AA ကို ပိုမို အားကိုးကြသည်။ AA သည် အများအားဖြင့် ရခိုင်များသာနေထိုင်သည့် ပြည်နယ်အလယ်ပိုင်းထိ ခိုင်မာသော လူမှုဆက်စပ်မှု၊ စနစ်တကျ ဖွဲ့စည်းမှု၊ စည်းကမ်း၊ ပြင်းထန်ပြီး အညှာတာကင်းသော တိုက်ခိုက်မှုတို့ဖြင့် နှစ်အနည်းငယ်အတွင်း အလျှင်အမြန်ဖြင့် မထင်မရှား အဖွဲ့အစည်း အဖြစ်မှ လုံးဝနီးပါး ထိန်းချုပ်လာနိုင်သည်အထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

စစ်သားအများအပြားတို့သည် ၎င်းတို့၏ ထိပ်တန်း တပ်မှူးများကို မုန်းတီးကြပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသော်လည်း ၎င်းတို့နှင့် ၎င်းတို့မိသားစုများကို လက်စားချေမည် စိုးသောကြောင့် ဘက်ပြောင်းလာမည် မဟုတ်

AA နှင့် စစ်အုပ်စုအကြား အပစ်အခတ် ရပ်စဲမှုသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံး အုံကြွမှုအတွင်း တည်မြဲနေပြီး AA သည် ၎င်းတို့၏ သြဇာကို ချဲ့ထွင်နိုင်ကာ စစ်တပ်များ နိုင်ငံအနှံ့တွင် ပြန့်ကျဲနေချိန်တွင် ရခိုင်ပြည်နယ် မြို့နယ်အများအပြားကို ထိန်းချုပ်လာနိုင်သည်။

“ထိခိုက်နာကြင်အောင် တိုက်ခိုက်နိုင်သော စွမ်းအားသည် အပေးအယူ လုပ်ရန် စွမ်းအားဖြစ်သည်” ဟု ထင်ရှားသော အမေရိကန်သေနင်္ဂဗျူဟာ ပညာရှင် သောမတ် ရှဲလင်းပြောသည်။ ရန်သူကို များများသုတ်သင်နိုင်ခြင်းကြောင့် ရန်သူက အလျှော့ပေး သို့မဟုတ် စေ့စပ်ညှိနှိုင်းလာပါက နိုင်ငံရေးရည်မှန်းချက်များ ပေါက်ရောက် အောင်မြင်နိုင်သည် ဟု သဘောတရားက ဆိုသည်။

သို့သော် သင်၏ရန်သူသည် ထိခိုက်သေဆုံးမှုကို ဂရုမစိုက်ကြောင်း နှစ်ပေါင်းများစွာ ရှင်းရှင်းလင်းလင်း သက်သေပြနေသောအခါ သတ်ဖြတ်ရေးလှုပ်ရှားမှုများသည် PDF တို့၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်အောင် လုပ်ပေးမည် မဟုတ်ဘဲ မြန်မာစစ်တပ်တွင် အဖွဲ့အစည်းနှင့် ချီပြီး အမြစ်တွယ်နေသည့် တယူသန်စိတ်ဓါတ်ကိုသာ ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။

(ဒေးဗစ်စကော့မက်သီဆန်သည် မြန်မာပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေး ပြဿနာများကို လေ့လာနေသည့် လွတ်လပ်သော သုတေသီဖြစ်သည်။ Asia Time ပါ ၎င်း၏ The necrometrics of Myanmar’s spreading war ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော

အာဆီယံ၏ အပစ်ရပ် တောင်းဆိုချက် အလွန်တွင် ပစ်ခတ်မှုများ ပိုဖြစ်လာနိုင်

ကုလသမဂ္ဂလက်နက်ပိတ်ဆို့မှု အလုပ်ဖြစ်နိုင်လား

စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်

Did you find apk for android? You can find new Free Android Games and apps.
Loading