အာဆီယံ၏ ၄ လတာ အပစ်ရပ် တောင်းဆိုချက်အပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က အများပြည်သူအားလုံး တော်လှန်တိုက်ခိုက်ရေး စတင်သည့် နေ့အဖြစ် ကြေညာလိုက်သဖြင့် စစ်ကောင်စီအနေဖြင့် အများပြည်သူကို ပိုမို ဦးတည် သတ်ဖြတ်လာနိုင်ရာ သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက သတိပေး ပြောဆို သည်။
စက်တင်ဘာလ ၇ ရက်သည် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် စတင်သည့် နေ့အဖြစ် NUG က ကြေညာလိုက်ခြင်း ဖြစ်သည်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက “တပ်ကလည်း မြို့ပြမှာ ဖြစ်စေ၊ ကျေးလက်မှာဖြစ်စေ အမြဲ တမ်း လူ့အခွင့်အရေး ချိုးဖောက်မှုကို ဆိုးဆိုးရွားရွား လုပ်နေတော့ ဒီတခေါက်ကလည်း D-Day ဆိုပြီး NUG ဘက်က ကြေ ညာလိုက်တော့ ဒီထက်ပိုပြီးတော့ စိုးရိမ်စရာတွေ တွေ့ရတယ်” ဟု ပြောသည်။
ပြည်သူများအား လူသားဒိုင်း ပြုလုပ်ခြင်း၊ ထိုးစစ်ဆင်သည့် နေရာများရှိ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေ အဆောက်အအုံများကို မီးရှို့ခြင်း အစရှိသည်များကို စစ်ကောင်စီ အနေဖြင့် ပိုမို ပြုလုပ်လာနိုင်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
ကိုဗညားက “နံပါတ် ၁ အချက် လူသားဒိုင်း အနေနဲ့ သုံးတာ။ နံပါတ် ၂ အချက်က သူတို့ ထိုးစစ်ဆင်တဲ့ နေရာတိုင်းမှာ ရွာသားတွေကို သတ်ဖြတ်မယ် ရွာကို မီးရှို့မယ်ဆိုတာတွေ အမြဲတမ်း ခြိမ်းခြောက်ပြီးတော့ ထိုးစစ်ဆင်လေ့ရှိတယ်။ အဲဒါတွေ ဒီဘက်နောက်ပိုင်းမှာ သိသိသာသာ လုပ်လာနိုင်တယ်” ဟု ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က ပြည်သူများအား ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်လာနိုင်သည့်အတွက် ပြည်သူများ အနေဖြင့် လည်း ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို တော်လှန်သည့် ယခုတိုက်ပွဲအတွင်း ပါဝင်ပေးကြရန် ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် တဦးက ပြောသည်။
ပုလဲမြို့နယ် PDF ခေါင်းဆောင်က “လူထုအပေါ်ကို ဖမ်းဆီးနှိပ်စက်တာတွေ ထိုးနှက်တာတွေ လုပ်လာဖို့ပဲ ရှိတယ်။ ရှောင်တိမ်းဖို့ချည်းပဲ အာရုံသိပ် မထားဘဲနဲ့ ရရာလက်နက် ဆွဲကိုင်ပြီး တုံ့ပြန်ဖို့အတွက် ကြိုပြင်ထားကြပါ။ ရှောင်တိမ်း နေရုံနဲ့တော့ ဒီတိုက်ပွဲက ပြီးသွားမှာ မဟုတ်ဘူး။ ကျနော်တို့ ဘယ်လောက်ကြာကြာ ရှောင်နိုင်မှာလဲ” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “ရှောင်သင့်တဲ့ အသက်အရွယ်ကြီးတဲ့ သူတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းတဲ့ ပုဂ္ဂိုလ်တွေက ရှောင်ပြီးတော့ ကျန်တဲ့ သန်စွမ်းတဲ့ လူငယ်တွေက ရရာလက်နက်စွဲကိုင်ပြီး တုံ့ပြန်တိုက်ခိုက်ဖို့ အကြံပေးချင်တယ်။ ဒါဆို ဒီတော်လှန်ရေး သက်တမ်း တိုသွားမယ်။ ကာလတိုတာနဲ့အမျှ ပျက်စီး ဆုံးရှုံးမှုနဲ့ အသက်ပေးရတာတွေ နည်းသွားမယ်” ဟု ဆိုသည်။
D-Day ကြေညာလိုက်သည့် ယနေ့ (စက်တင်ဘာလ ၇ ရက်) တွင် တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံတွင် အာဏာသ်ိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် ASEAN ခေါင်း ဆောင်များ ညှိနှိုင်းပြီး အကြမ်းဖက်မှု ချက်ခြင်း ရပ်စဲရန်၊ ငြိမ်းချမ်းစွာ အဖြေရှာရန် ဆွေးနွေးပွဲ စတင်ရန်၊ အထူး သံတမန် တဦးက ဆွေးနွေးပွဲများ အဆင်ပြေအောင် လုပ်ဆောင်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီပေးရန်၊ သက်ဆိုင်သူ အား လုံးနှင့် တွေ့ဆုံရန်နှင့် အထူးသံတမန် မြန်မာနိုင်ငံသို့ သွားရောက်ရန် စသည့် ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ထား သည်။
အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) အာရီဝန် ယူဆွတ်ကမူ Kyodo News နှင့် အွန်လိုင်းမှ သီးခြားတွေ့ဆုံရာတွင် ယခုနှစ်ကုန်အထိ အပစ်အခတ် ရပ်စဲရေးကို စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးနှင့် ပြီးခဲ့သည့် အပတ် အင်္ဂါနေ့က ဗီဒီယိုမှ တွေ့ဆုံစဉ် အဆိုပြုခဲ့ကြောင်းနှင့် မြန်မာစစ်တပ်က ထိုကိစ္စကို လက်ခံကြောင်း ပြောခဲ့သည်။
သို့သော် စစ်ကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက လူသားချင်း စာနာမှု အကူအညီများ ပေးနိုင် ရေးအတွက် ၄ လတာ အပစ်ရပ်ရေးကို မြန်မာဘက်က သဘောတူတယ်ဟု အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးက မပြောခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆက်လက်ဆောင်ရွက်ပေးပါဆိုတာကို မြန်မာနိုင်ငံဘက်က ၁ လ ၁ ကြိမ် ထုတ်ပေး နေတယ်။ ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်ကတည်းက ထုတ်ပေးနေတာရှိတယ်။ ၂၀၂၁ စက်တင်ဘာလ ၃၀ ရက်အထိ လစဉ် ထုတ်ပြန်ပြီး ရပ်ပေးနေတာပဲ။ ဒါပဲ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် အာဆီယံ၏ ပြောဆိုချက်များကို ဂရုစိုက်မည် မဟုတ်သည့်အပြင် အာဆီယံအနေဖြင့်လည်း မြန်မာနိုင်ငံ တွင် မည်သည့် အဖွဲ့အစည်းက အကြမ်းဖက်မှုများ လုပ်နေသည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း သပိတ် ခေါင်းဆောင်များက သုံးသပ်ပြောဆိုသည်။
မန္တလေး သပိတ်လှုပ်ရှားမှုများကို ဦးဆောင်ခဲ့သူ ကိုတေဇာဆန်းက “မြန်မာနိုင်ငံမှာ အဓိက အကြမ်းဖက်နေတဲ့လူသည် ဘယ်သူလဲ ဆိုတာကို သူတို့ (အာဆီယံ) ကောင်းကောင်းနားလည် သဘောပေါက်ဖို့ လိုတယ်။ ဘယ်သူက အကြမ်းဖက် နေတာလဲ ၊ ဘယ်သူက သတ်ဖြတ်နေတာလဲ၊ ဘယ်သူနှိပ်စက်နေတာလဲ ဆိုတာကို အာဆီယံအနေနဲ့ ကောင်းကောင်း သဘောပေါက် နားလည်ဖို့ လိုတယ်။ ဘယ်သူ့ကို နားချရမလဲ ဆိုတာကို သိဖို့ လိုတယ်ဆိုတာပဲ ပြောချင်တယ်” ဟု ပြော သည်။
ထို့ပြင် အာဆီယံအနေဖြင့် နိုင်ငံတွင်း မြေပြင်အခြေအနေကို နားလည်ရန် လိုကြောင်းနှင့် စစ်ကောင်စီအနေဖြင့် အကြမ်း ဖက်မှုများကို ရပ်တန့်သွားမည် မဟုတ်ကြောင်း မုံရွာမြို့သပိတ်ခေါင်းဆောင် တဦးက ပြောသည်။
“စစ်ပွဲတွေတောင် မဟုတ်ဘဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကိုတောင် အကြမ်းဖက် ဖြိုခွင်းပြီးတော့ ပစ်သတ်ခဲ့တာက လူဦးရေ ၁ ထောင်ကျော်လောက်ရှိပြီ။ ဒါအပြင် သတ်ဖြတ်မှုတွေ အခုထိ မရပ်သေးဘူး။ အာဆီယံ အသိုင်းအဝိုင်းက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ဘယ်လိုပဲ ပြောပြော မြေပြင်မှာ စစ်ကောင်စီက ထင်ရာစိုင်းနေတာတော့ အားလုံး သိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြောင်မြို့နယ်သာမက စစ်ကိုင်းတိုင်း အတွင်းရှိ ဒီပဲယင်း၊ မင်းကင်း၊ ယင်းမာပင်၊ ကနီနှင့် မကွေးတိုင်းအတွင်းရှိ ရေစကြို စသည့် မြို့နယ်များရှိ ကျေးရွာများကိုလည်း တရွာဝင်တရွာထွက် ဝင်ရောက်ပြီး ဒေသခံ ပြည်သူ့ ကာကွယ်ရေး စခန်းများအား စီးနင်းခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်းတို့အပြင် ဒေသခံတို့၏ ပစ္စည်းများကိုလည်း ယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီ ပစ်သတ်လိုက်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွင် ၄ နှစ်အရွယ် ကလေးငယ်ကျန်ခဲ့
ရန်ကုန်တွင် လူငယ်များကို စစ်ကောင်စီက ညစဉ် ဖမ်းဆီးနေ
စစ်ကောင်စီတပ်များ၏ ခြိမ်းခြောက်ခြင်းခံရသည့် ကျေးဇူးတော်ရွာသားများ နေရပ်မပြန်ရဲသေး
ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား