ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် နိုင်ငံခြားသားများ ပူးပေါင်းပါဝင်သည်ကို တွေ့ရှိပါက ထိုင်းဥပဒေအရ သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးပြီး အမည်ပျက် စာရင်း သွင်းသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက စက်တင်ဘာ ၈ ရက်နေ့တွင် ကြေညာသည်။
ထို့သို့ ကြေညာလိုက်သည့်သည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းများအနေဖြင့်လည်း မပါဝင်ကြရန် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်သူများက ပြောသည်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ဥက္ကဋ္ဌ ဦးမိုးကြိုးက “နိုင်ငံခြားသားများ ပါဝင်ခွင့်မရှိဘူး။ ပါဝင်မယ်ဆိုရင် သူတို့ရဲ့နိုင်ငံအမျိုးအစား ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ အဆင့် အတန်း အလိုက် ပြည်နှင်ဒဏ်ပေးတာ။ တကယ်လို့ ပြည်နှင်ဒဏ်နဲ့မှ မလုံလောက်သေးရင် ထောင်ဒဏ်ငွေဒဏ်တွေ သတ်မှတ်ကျခံစေတာတွေကို တပါထဲ တဆက်ထဲ ပြုလုပ်ရမယ်ဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းချက်က ရှိပြီးသား” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံရှိ ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ ဆူပူအကြမ်းဖက်မှုများတွင်ပါဝင်နေခြင်း၊ ရာဇဝတ်သားများပမာ ပါဝင်နေခြင်း ဆိုသည့် အမျိုးအစား ၃ မျိုးရှိပြီး ငြိမ်းချမ်းစွာဆန္ဒပြပါဝင်ပါက ပြည်နှင်ဒဏ်ခံမည်ဖြစ်ကြောင်း အကြမ်းဖက်ပါက ထောင်ဒဏ်ငွေဒဏ်များ ကျခံရမည်ဖြစ်ကြောင်းနှင့် ရာဇဝတ်သားပမာ ထဲထဲဝင်ဝင်ပါဝင်ပါက တသက်တကျွန်းနှင့် သေဒဏ်အထိ ကျခံရနိုင်ကြောင်း သိရသည်။
ဦးမိုးကြိုး က “များသောအားဖြင့် ထိုင်းဘာသာစကားကို ကျွမ်းကျင်ပြီးတော့ ထိုင်းလိုဝတ်စားဆင်ယင်ပြီး ဆင်တူယိုးမှား ဖြစ်လာတဲ့ မြန်မာနိုင်ငံသား တွေပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ ပါဝင်ခွင့်မရှိဘူး။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဟာ မပတ်သက်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်။ အဲဒီလိုမှမသိထားဘူး။ မစောင့်စည်း မလိုက်နာဘူးဆိုရင် ထိုင်းနိုင်ငံရဲ့ရာဇဝတ်ဥပဒေအရ အရေးယူခံရမှာပဲ” ဟု ပြောသည်။
ထိုင်းနိုင်ငံမှ ဆန္ဒပြပွဲများတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားအချို့မှာ လုပ်ငန်းရှင်များ၏ စေ့ဆော်မှုများကြောင့် ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၂ ခုနှစ်များတွင် ပါဝင်ခဲ့ခြင်းများရှိခဲ့ပြီး ၎င်းတို့မှာ ပြည်နှင်ဒဏ်ပေးခံခဲ့ရကြောင်း သိရသည်။
ဘန်ကောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော် က “အရင်တုန်းက ထိုင်းနိုင်ငံရဲ့ဆူပူဆန္ဒပြမှုတွေမှာ နိုင်ငံခြားသားတွေ ပါဝင်ခဲ့တယ်ဆိုတာကို ကြားသိခဲ့ရတယ်။ ထိုင်းဘက်က သုံးသပ်တာကျတော့ လူအင်အားတွေများလာတာဟာ နိုင်ငံခြားသားတွေ များလာတာဆိုပြီး သုံးသပ်ကြတာပါ။ ဘယ်သူ့ကိုဖြင့် ဘယ်နိုင်ငံကို ပြန်ပို့လိုက်တယ်ဆိုပြီး မကြားမိသေးပါဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် လူဦးရေ ၆၅ သန်း ရှိသည့်အနက် မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ် သမား ၃ သန်းခန့် ရှိကြောင်း သိရသည်။
You may also like these stories:
မြန်မာသံအမတ်ကို လုပ်ကြံရန် ကြိုးစားမှုတွင် ပါဝင်မရှိကြောင်း ထိုင်းလက်နက်ကုမ္ပဏီ ငြင်း
တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်
သတို့သမီးလောင်း တဦး၏ မလေးရှားသို့ ခရီးကြမ်း
အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူမှု နိုင်ငံတကာဘဏ်များအပေါ်လည်း အာရုံစိုက်