• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်လုပ် လေယာဉ်ပစ်ဒုံးများ

by Anthony Davis
4 December 2019
in ဆောင်းပါး
A A
FN-6 လေယာဉ်ပစ် ပခုံးထမ်းလောင်ချာကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က ပစ်လွှတ်ပြသစဉ်

FN-6 လေယာဉ်ပစ် ပခုံးထမ်းလောင်ချာကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က ပစ်လွှတ်ပြသစဉ်

39.3k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံလုပ် လက်နက်အများစုပါဝင်သော လက်နက်အများအပြားကို လွန်ခဲ့သောအပတ်က မြန်မာနိုင်ငံတွင် သိမ်းဆည်းမိခြင်းကြောင့် နိုင်ငံတွင် ကာလကြာမြင့်စွာ ဖြစ်ပွားနေသည့် တိုင်းရင်းသားပဋိပက္ခတွင် အိမ်နီးချင်းတရုတ်နိုင်ငံက မီးလောင်ရာလေပင့်နေသော အရိပ်သဖွယ် အခန်းကဏ္ဍကို မီးမောင်းထိုးပြလိုက်ပြီး  ကြိုတင်ခန့်မှန်းနိုင်သော ခဏတာ အမျိုးသားရေးဒေါသများ ဖြစ်စေခဲ့သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က ထိုဖြစ်ရပ်၏ ထူးခြားမှုသည် သိမ်းဆည်းမိသော လက်နက်အရေအတွက် သို့မဟုတ် ၎င်းတို့ကို စတင်ထုတ်လုပ်ရာနေရာနှင့် သိပ်မဆိုင်လှဘဲ တပ်မတော်နှင့် စစ်မက်ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် လူဖြင့် သယ်ဆောင်နိုင်သည့် လေကြောင်းကာကွယ်ရေး စနစ်များ (MANPADS) အသုံးပြုနေသည်ကို ပြတ်ပြတ်သားသား အတည်ပြုလိုက်ခြင်းနှင့် ပိုမိုသက်ဆိုင်သည်။ ထိုလက်နက်များသည် စစ်ရေးအရ၊ နိုင်ငံရေးအရ ကစားပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်သည့် လက်နက်များဖြစ်သည်။

ရှမ်းပြည်နုယ် အရှေ့မြောက်ပိုင်း နမ့်စမ် မြို့နယ်မှ ကျေးရွာတခုတွင် သိမ်းဆည်းမိသည့် ချေမှုန်းရေးရိုင်ဖယ်များ၊ စက်သေနတ်များ၊ ဗုံးပစ်လောင်ချာများနှင့် ဖေါက်ခွဲပစ္စည်းအိတ် ၈၀ နီးပါးအကြားတွင် တရုတ်နိုင်ငံလုပ် FN-6 ဟု သိရသော MANPADS လောင်ချာတလက်ကို ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။

အစိုးရတပ်များနှင့် တိုက်ပွဲခဏတာမျှဖြစ်ပွားပြီးနောက် ထိုလက်နက်များကို စွန်လွှတ်ခဲ့ရသည့်တပ်ဖွဲ့မှာ ပလောင် (တအန်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဖြစ်ပြီး ၎င်းတို့က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားကာ လက်ဖက်စိုက်ပျိုးသည့် နမ့်စမ် တောင်ပေါ်ဒေသကို စိုးမိုးထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း စစ်မြေပြင်တွင် MANPADS ကို စတင်အသုံးပြုခြင်းသည် အတိတ်နိမိတ်မကောင်းသည့် နောက်ကြောင်းပြန်မလှည့်နိုင်သော အဆုံးအဖြတ် ဖြစ်နေသည်။  ထိုလက်နက်များပိုင်ဆိုင်ခြင်းသည် စစ်ရေးအရ နိုင်ငံတဝှမ်း စစ်ဆင်ရေးများတွင် ပိုမိုတက်ကြွစွာပါဝင်လာသော မြန်မာလေတပ်ကို ပိုမိုခြိမ်းခြောက်နိုင်ခြင်းဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
134
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.8k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
407

ယနေ့အချိန်အထိ မြန်မာနိုင်ငံရှိ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်မျှ လေယာဉ်ကို ထိုလက်နက်ဖြင့် ပစ်ချခြင်းမရှိသေးသကဲ့သို့ အသုံးပြုခြင်းလည်း မရှိသေးပေ။ သို့သော် စစ်ပြေပြင်တွင် ထိုလေကြောင်း ကာကွယ်ရေး လက်နက်ရှိနေခြင်းသည် တပ်မတော်၏ အတွေးအခေါ်နှင့် နည်းပရိယာယ်အပေါ် သက်ရောက်မှု မလွှဲမသွေ ရှိလာလိမ့်မည် ဖြစ်သည်။ မြေပြင်မှနေ၍ ထိရောက်မှုမရှိသော လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကိုသာ ရင်ဆိုင်ရမည်ဟူသည့်  မြန်မာလေတပ် လေယာဉ်မှူးများ၏ ကာလရှည်ကြာပြီဖြစ်သော ယုံကြည်မှုသည် အတိတ်၌ ကျန်ရစ်ခဲ့ရတော့မည်ဖြစ်သည်။

TNLA တပ်ဖွဲ့ဝင်များ

တိုင်းရင်းသားလက်နက်ကိုင်များက ဒုံးကျည်ဖြင့် ပစ်ခတ်သောကြောင့် လေယာဉ်တစင်းဆုံးရှုံးပါက လေယာဉ်မှူးများသည် ကာကွယ်ရေး နည်းပရိယာယ်သစ်များ ကျင့်သုံးရမည်ဖြစ်သောကြောင့် စစ်ဆင်ရေး ပတ်ဝန်းကျင်သစ်အတိုင်း လိုက်ပါပြောင်းလဲရသော လုပ်ငန်းသည် သိသိသာသာ အရှိန်မြင့်လာမည်ဖြစ်သည်။ အခြားအဆင့်အရကြည့်ဆိုပါက အလွယ်တကူ သယ်ဆောင်နိုင်သော MANPADS များ စစ်မြေပြင်သို့ရောက်ရှိလာခြင်းသည် မြို့ပြလေကြောင်း အထူးသဖြင့် လားရှိုး၊ မြစ်ကြီးနားနှင့် မန္တလေးလေဆိပ်များ အပါအဝင် နိုင်ငံမြောက်ပိုင်းရှိ လေဆိပ်များနှင့် အနောက်ဖက် ရခိုင်ပြည်နယ်မှ လေဆိပ်များအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟူသော စိုးရိမ်ပူပန်မှုများကိုလည်း ဖြစ်စေသည်။

သတိပေးရန်လိုသည်ဆိုပါက ဒုံးကျည်များပေါများခြင်း၊ မတည်ငြိမ်သော ပဋိပက္ခဒေသများနှင့် ကူးသန်း ရောင်းဝယ်ရေး လေကြောင်းကဏ္ဍတို့မှ ထွက်ပေါ်လာသော ကြေကွဲစရာ အတွက်အချက်မှားခြင်း ကို ၂၀၁၄ ခုနှစ် ဇူလိုင်လက မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH17 ကို ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချလိုက်ခြင်းကြောင်း လူ ၂၉၃ ဦး သေဆုံးခဲ့ရသည့် အဖြစ်အပျက်က ဖော်ပြသနေသည်။

နမ့်စမ်တွင် တွေ့ရသည့် ပုခုံးထမ်းပစ်ခတ်ရသော FN-6 ဒုံးကျည်သည် မလေးရှားမှ ဘိုးရင်း 777 ကိုပစ်ချလိုက်သည့် ပိုမိုကြီးမားပြီး ၎င်းဖာသာ မောင်းနှင်သည့် Buk SA-17 ထက်များစွာ အဆင့်နိမ့်နေသေးသည်။ တတိယ မျိုးဆက်စနစ် ဖြစ်သည့် ဒူးလေးပျံဟု ခေါ်သော Fei Nu-6က အနိမ့်ပျံသန်းနေသော ပစ်မှတ်များကို ပစ်ခတ်ရန် ပြုလုပ်ထားသော လက်နက်ဖြစ်ပြီး တင်ပို့ရောင်းချနေသည်မှာလည်း ကာလကြာမြင့်ပြီဖြစ်သောကြောင့် နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာ လက်နက်ဟု ဆိုရန် ခက်ခဲပါသည်။

သို့သော် အသေအပျောက် ဖြစ်စေသည့် မှတ်တမ်းက အခိုင်အမာရှိထားပြီးဖြစ်သည်။ အရှေ့အလယ်ပိုင်းအစိုးရများ၊ အထူးသဖြင့် ကာတာနိုင်ငံ၏ စာနာထောက်ထားမှုကြောင့် FN-6 များသည် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဆီးရီးယား သူပုန်များ၏ လက်သို့ရောက်ရှိသွားခဲ့ပြီး လေယာဉ်များကို မပစ်နိုင်ခဲ့သည့်တိုင် အစိုးရ ရဟတ်ယာဉ်များကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က သိမ်းဆည်းမိသော ထိုဒုံးကျည်ကို ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ လက်နက်တိုက်မှ TNLA သို့ ပေးအပ်ခဲ့ခြင်းဖြစ်နိုင်ခြေများသည်။ UWSA သည် မြောက်ပိုင်းမဟာမိတ်ဟု ခေါ်သည့် TNLA ၊ ကိုးကန့်အခြေစိုက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ပါဝင်သော အဖွဲ့၏ မဟာမိတ်ဖြစ်ပြီး ထောက်ပံ့ရေး ခေါင်းကိုင်ဖခင်ကြီးဖြစ်သည်။

၁၉၈၉ ခုနှစ် စတင် တည်ထောင်ချိန်မှ စ၍ တပ်မတော်နှင့် နှစ် ၃၀ ကြာ တည်ငြိမ်သော အပစ်အခတ်ရပ်စဲရေး ရထားသည့် UWSA က တရုတ်လုပ် MANPADS များကို အနည်းဆုံး ၂၀၀၀ ပြည့်နှစ် ခန့်က စတင်အသုံပြုခဲ့သည်။ UWSA သည် ကနဦးက ဆိုဗီယက်လုပ် SA-7 သို့မဟုတ် ‘Strela’ ဟုခေါ်သည့် ဒုံးကျည်ကို တုပပြုလုပ်ထားသည့် HN-5A ဒုံး ကျည်များကို ဝယ်ယူခဲ့သည်။ SA-7 ၏အစွမ်းကို အီဂျစ်နိုင်ငံက ၁၉၇၃ နှစ်တွင် အစ္စရေးနိုင်ငံနှင့် ဖြစ်ပွားသည့် ယွမ်ကစ်ပူးလ် စစ်ပွဲတွင် ပြသခဲ့သည်။

၂၀၁၂ ခုနှစ်ပတ်ဝန်းကျင်တွင်မူ UWSA က ၎င်းတို့၏ လေကြောင်းကာကွယ်ရေးကို ပိုမိုစွမ်းဆောင်ရည်ရှိသော FN-6 များ ဖြင့် အဆင့်မြှင်တင်ခဲ့သည်။ FN-6 များသည် ခြောက်ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး ဒစ်ဂျစ်တယ် အနီအောက်ရောင်ခြည် လမ်းညွှန်စနစ်ပါဝင်ကာ မီးပန်းလွှတ်၍ လမ်းကြောင်းလွှဲခြင်းကို မြင့်မားစွာ ခံနိုင်ရည်ရှိသည်။

သေနင်္ဂဗျူဟာအရ အရေးပါသောကြောင့် MANPADS ကို နိုင်ငံတပ်ဖွဲ့များက ကိုင်ဆောင်ကြပြီး အမေရိကန်အား ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက်ပိုင်း အနောက်နိုင်ငံများ ဦးဆောင်သည့် ကမ္ဘာ့အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စစ်ပွဲအတွင်း ပိုမိုသုံးလာကြသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများက အသုံးပြုခြင်းက ပျောက်ကြားပဋိပက္ခနှစ်ခု တွင်သာ ရှိခဲ့သည်။ တခုမှာ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းက အာဖဂန်နစ္စတန်တွင်ဖြစ်ပြီး အမေရိကန်နိုင်ငံက ကွန်မြူနစ်ဆန့်ကျင်ရေး မူဂျာဟေဒင်များကို FIM-92 Stinger MANPADS  များပေးအပ်ခဲ့ခြင်းဖြစ်သည်။ အခြားစစ်ပွဲ တခုမှာဆီးရီးယားတွင် မကြာသေးမီက ဖြစ်ပွားသော စစ်ပွဲများဖြစ်ပြီး ထိုစစ်ပွဲများတွင် တရုတ်လုပ် FN-6 များ ပထမဆုံးအဖြစ် သွေးစွန်းခဲ့သည်။

UWSA တပ်ဖွဲ့ဝင်များ၏ စစ်ရေးပြပွဲတခု

အရှေ့အာရှမှ အစိုးရမဟုတ်သည့် အင်အားအကြီးဆုံး စစ်တပ်ဖြစ်သော UWSA သို့ တရုတ်နိုင်ငံက MANPADS များ ပေးအပ်လိုခြင်းသည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ ကွဲပြားသော ရှုထောင့် ၂ ခုကို ထင်ဟပ်စေသည်။ တခုမှာ ၀ သည် ဗမာပြည် ကွန်မြူပါတီ၏ တပ်ဖွဲ့များတွင် အဓိကပါဝင်ချိန်မှ စတင်ပြီး တရုတ်တပ်မတော်နှင့် ထူးခြားသော ဆက်ဆံရေး ရှိနေခဲ့သည်။ တရုတ်နိုင်ငံသည် ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၇၀ ခုနှစ်များ တလျှောက်လုံးနှင့် ၁၉၈၀ ခုနှစ်များ၏ အချိန်အများစုတွင် ထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့သည်။

ဒုတိယအချက်မှာ ထိန်းချုပ်ရခက်ခဲသော အပစ်ရပ်အုပ်စုများကို ပေါင်းစည်းရန် တပ်မတော်၏ ကြီးမားလှသော ရည်မှန်းချက်များကို ရင်ဆိုင်နေရချိန်တွင် ၀ တို့က အတိုင်းအတာတခုအထိ အတားအဆီးဖြစ်စေရန် သေချာစေရေး လတ်တလော လိုအပ်ချက်နှင့် ဆက်စပ်နေသည်။

တပ်မတော်က နောက်ထပ် ကွန်မြူနစ် တပ်ဖွဲ့ဟောင်းတခု ဖြစ်သည့် MNDAA က ထိန်းချုပ်ထားသော ကိုးကန့်ဒေသကို ၂၀၀၉ ခုနှစ်တွင် ကျူးကျော်ဝင်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပိုမို ကျယ်ပြန့်သော စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်။ ၂ ကြိမ်လုံးတွင် သောင်းနှင့် ချီသော ဒုက္ခသည်များ နယ်စပ်ကို ဖြတ်ကျော်၍ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ သံလွင်မြစ် အရှေ့ဘက်မှ သူတို့၏ အထူးအုပ်ချုပ်ရေး ဒေသကို တိုက်ခိုက်ခြင်းအားဖြင့် ဝကို ထိန်းချုပ်ရန်ကြိုးစားသော မည်သည့် စစ်ဆင်ရေးမျိုးမဆို တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း နယ်စပ်တလျှောက်တွင် ပိုမို၍ ကြီးမားသည့် မတည်ငြိမ်မှုများကို ဖြစ်ပွားစေပါလိမ့်မည်။

၂၀၁၂ နှင့် ၂၀၁၃ အတွင်းတွင် ပိုမိုကြီးမားသည့် စစ်ပွဲတခု ပေါ်ပေါက်လာမည်ကို စိုးရိမ်ပူပန်ခြင်းက UWSA ၏ လက်နက်တိုက်ကို သံချပ်ကာယဉ်များ၊ အမြောက်များ၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ၊ ခေတ်မီ လက်နက်ငယ်အမြောက်အများနှင့် MANPADS အသစ်များဖြင့် အလျှင်အမြန် ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြင့်တင်မှုများ ပေါ်ပေါက်စေခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက ဝ ဒေသ မြို့တော် ပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် စစ်ရေးပြ အခန်းအနားတခုတွင် UWSA က သူတို့၏ FN-6 ဒုံးများကို ရည်ရွယ်ချက်ရှိရှိဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။

တပ်မတော်က UWSA ကို တိုက်ခိုက်မည့် စစ်ဆင်ရေးများအတွက် ၎င်းတို့တွင် ရှိခဲ့သည့် အစီအစဉ်မှန်သမျှကို ချောင်ထိုးထားခဲ့သော်လည်း လက်ရှိဆယ်စုနှစ်အတွင်း အချိန်အများစုတွင် ဝနှင့် မရေမရာ မဟာမိတ်ပြုထားသည့် အဖွဲ့များ (ပထမဆုံး KIA၊ ထို့နောက် ၂၀၁၄ ခုနှစ်မှ စ၍ MNDAA၊ TNLA နှင့် AA) နှင့် တိုက်ခိုက်မှုများတွင် ပုံမှန်နီးပါး ပါဝင်ပတ်သက်နေခဲ့သည်။

သဘာဝအတားအဆီးဖြစ်သည့် သံလွင်မြစ်၏ နောက်မှ ဝအဖွဲ့က အနည်းဆုံး ၂၀၁၃ ခုနှစ်မှ စတင်၍ “ကြိုတင်တားဆီး ထားသည့် ကာကွယ်ရေး” ဗျူဟာတခုကို ကျင့်သုံးခဲ့သည်။ တပ်မတော် အလုပ်များနေစေရန်နှင့် ပင်ပန်းစေရန် အသုံးတော် ခံခဲ့ကြသော သူတို့၏ မြောက်ပိုင်းမှ မဟာမိတ်လက်နက်ကိုင် အဖွဲ့များကို လက်နက်နှင့် လေ့ကျင့်သင်တန်းပေးမှုများဖြင့် ထောက်ပံ့ ကူညီခဲ့သည်။

UWSA တွင် အမြောက်အများရှိနေသည့် လက်နက်များထဲမှ ရောင်းချမှုများတွင် လက်နက်ခဲယမ်းများ၊ ဒေသတွင်းတွင် ထုတ်လုပ်သည့် လက်နက်ငယ်များနှင့် အရေးအကြီးဆုံးမှာ စစ်စခန်းများနှင့် လေကြောင်းနှင့် ဆိုင်သောနေရာများကဲ့သို့ ပစ်မှတ်များကို တိုက်ခိုက်ရန် ပုံစံထုတ်ထားသည့် ၁၀၇ မီလီမီတာ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း အဆိုပါလက်နက်များက စစ်ပွဲတွင် အရေးပါမှု ပိုတိုးလာခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း AA က ဦးဆောင်သည့် တိုက်ခိုက်မှုများ အရှိန်မြင့်အားကောင်းလာခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ စစ်မြေပြင်မျိုးစုံတွင် မြန်မာ့လေတပ်မတော်၏  ဖြစ်ကတတ်ဆန်း  စိုးမိုးမှုက UWSA သည် ၎င်း၏ မဟာမိတ်များသို့ MANPADS များရောင်းချရန် သေချာပေါက် ဆန္ဒမရှိခဲ့ကြောင်း ယူဆချက်ကို အ ထောက်အပံ့ ဖြစ်စေခဲ့သည်။ ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှစ၍ လေကြောင်းမှ တိုက်ခိုက်မှု အရှိန်မြင့်တက်လာခဲ့သည့် အချိန်တွင် အဆိုပါရပ်တည်ချက်ကို ပြောင်းလဲရန် စစ်ပွဲ၏ သဘာဝကိုသာမက တရုတ်နိုင်ငံက ဂရုတစိုက် ထိန်းညှိထားသည့် မြန်မာအစိုးရနှင့် ဆက်ဆံရေးအပေါ်တွင်ပါ သက်ရောက်မှု ရှိမည့် ဗျုဟာအရ အကဲဆတ်သော လက်နက်စနစ်တခုကို လွှဲပြောင်းပေးရေး တရုတ်နိုင်ငံ၏ ဗီတိုအာဏာအပေါ်  စောင်းပါးရိပ်ခြည် ဖော်ပြနေသည့် အသွင်ဖြစ်သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က နမ့်ဆန်တွင် FN-6 တွေ့ရှိခဲ့ရခြင်းက ကာလရှည်စွာ ရှိနေခဲ့သော အဆိုပါ ယူဆချက်ကို ထိရောက်စွာ အဆုံးသတ်သွားစေခဲ့သည်။ ပြန်လှည့်မရနိုင်သည့် အခြေအနေတခုနှင့် ပထဝီအားသာချက်ရှိသော သံလွင်မြစ် ရှိနေခြင်းတို့နှင့် အတူ MANPADS က ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထင်ထင်ရှားရှား ပေါ်လာခဲ့ပြီ ဖြစ်သည်။ အကယ်၍ လတ်တလောတွင် ၁၀၇ မီလီမီတာ ဒုံးကျည်များ ပေါ်များလာခြင်းက အရိပ်နိမိတ်တခု ဖြစ်ခဲ့လျှင် MANPADS က ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် မကြာမီ ပေါ်ထွက်လာတော့မည်ဟု ယူဆရနိုင်ပါသည်။

TNLA က ဒုံးကျည် ရရှိခဲ့သည့် နောက်ခံအကြောင်းကို ယခုချိန်အထိ မသိရသေးခြင်းသည် ထင်သာမြင်သာ မရှိသော အဖြစ်အပျက်များ၏ ကွင်းဆက်တခုတွင် အရေးပါသော အချက်တခုအဖြစ် ဆက်ရှိနေသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှ အကြီးတန်းပြောရေးဆိုခွင့် ရှိသူတဦးက FN-6 တခု၏ မြင့်မားသော ဈေးနှုန်း(အမေရိကန် ဒေါ်လာ ၆၀၀၀၀ မှ ၉၀၀၀၀ အတွင်း) က ရှမ်းပြည်နယ်တွင် ပျံ့နှံနေပြီး အကျိုးအမြတ် များပြားလှသော မူးယစ်ဆေး ကုန်သွယ်ရေးတွင် TNLA ၏ ပါဝင်ပတ်သက်မှုကို လက်တွေ့ဖော်ပြနေခြင်းဖြစ်ကြောင်း အလေးပေးရန် စိတ်အားထက်သန်နေခဲ့သည်။

ရည်ရွယ်ချက် ရှိရှိဖြင့် ဖြစ်စေ၊ မရှိဘဲဖြစ်စေ ထိုသို့ အခိုင်အမာပြောကြားခြင်းက ပိုမိုကျယ်ပြန့်သည့် အချက်နှင့် လွဲချော်ခဲ့သည်။ ယခုအချိန်တွင် အဓိကျသည့် မေးခွန်းမှာ သံလွင်မြစ် အနောက်ဘက်ကမ်းမှ သူတို့၏ မဟာမိတ်လက်နက်ကိုင်များကို MANPADS ထောက်ပံ့ခြင်းအားဖြင့် တရုတ်နိုင်ငံ၏ တားမြစ်မှုတခုကို ဆန့်ကျင်ရန် UWSA ဆုံးဖြတ်ခဲ့ခြင်း ဟုတ်/မဟုတ်ပင် ဖြစ်သည်။ ထိုသို့ လွှဲပြောင်းပေးခြင်း၏ အကဲဆတ်မှုနှင့် ဝအထူးဒေသနှင့် ၎င်း၏ တရုတ်ကျောထောက်နောက်ခံများကြားမှ နီးကပ်သော (အမှန်တကယ်တွင် ခွဲခြား၍ မရနိုင်လောက်သော) စစ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆက်သွယ်မှုများအရ ယင်းသည် မဖြစ်နိုင်လောက်သော ဇာတ်ညွှန်းဖြစ်သည်။

နောက်တမျိုးစဉ်းစားကြည့်လျှင် တပ်မတော်က လက်ရှိပြုလုပ်နေဆဲ ထိုးစစ်များကို ရပ်ဆိုင်းရန်နှင့် မဟာမိတ်အဖွဲ့နှင့် အပစ်ရပ်စဲရေးတခု စောစီးစွာ ရရှိရေး ဖိအားတိုးမြှင့်ရန် နည်းလမ်းတခုအနေဖြင့် သူတို့၏ အစောင့်ရှောက်ခံ ဝ  အဖွဲ့က MANPADS လွှဲပြောင်းပေးခြင်းကို တားမြစ်ထားခြင်းအား တရုတ်စစ်ထောက်လှမ်းရေး တာဝန်ရှိသူများကိုယ်တိုင်က ဖယ်ရှားလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။

နမ့်ဆန်တွင် လက်နက်များသိမ်းမိခြင်းက သွယ်ဝိုက်သော သြဇာလွှမ်းမိုးမှုများ၏ သက်ရောက်မှုကို ခံရသော၊ ရှုပ်ထွေးသော ဖြစ်စဉ်တခုကို ရောင်ပြန်ဟပ်ပြနေခြင်းလည်း ဖြစ်နိုင်ပါသည်။ မသဲကွဲသော်လည်း အရေးကြီးသည်မှာ သိမ်းဆည်းရမိခဲ့သော FN-6 က ၎င်း၏ ဘက်ထရီ အခြေအနေကို အဓိက မသိရခြင်းနှင့် အတူ အမှန်တကယ် အသုံးပြု၍ ရ/မရပင် ဖြစ်သည်။

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သော တပ်မတော်(လေ) နှစ် ၇၀ ပြည့်ပွဲ

မည်သည့် အလေးအနက် လေ့လာဆန်းစစ်မှုတွင် မဆို အနည်းဆုံး အနေဖြင့် လက်နက်များရှိနေခြင်းကို တပ်မတော် တပ်ဖွဲ့များသို့ လျှို့ ဝှက်သတင်းပေးခဲ့သည် (သို့မဟုတ်) ဒုံးကျည်လက်နက်သည် မူဝါဒ အပြောင်းအလဲတခု လုပ်ရန် ပျက်ကွက်ခဲ့ပါက မြန်မာနိုင်ငံမြောက်ပိုင်းမှ ပဋိပက္ခသည် လာမည့် ပွင့်လင်းရာသီအတွင်းတွင် လုံးလုံးလျားလျား အရှိန်မြင့်တက်လာနိုင်ကြောင်း မြန်မာ့တပ်မတော်ကို အထိအခိုက်မရှိဘဲ ရှင်းလင်းစွာ သတင်းပေးပို့သည့် နည်းလမ်းတခု အနေဖြင့် မြင်တွေ့သွားစေရန် ထားခြင်းဖြစ်သည် ဆိုသည့် ဖြစ်နိုင်ချေများကို ထည့်သွင်း စဉ်းစားရန် လိုအပ်လိမ့်မည် ဖြစ်သည်။

မည်သို့ ယူဆသည် ဖြစ်စေ တိုင်းပြည်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် MANPADS များ ပေါများလာသည့် အရိပ်လက္ခဏာ မှန်သမျှက အလေးထားရမည့် ကိစ္စဖြစ်သည်။ အကယ်၍ အဆိုပါစနစ်ကို တိုက်ပွဲများတွင် အသုံးပြုခဲ့လျှင် အရင်ဆုံး ပစ်မှတ်များ ဖြစ်လာမည်မှာ ရဟတ်ယာဉ်များ (မြန်မာလေတပ်တွင် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး အတွက် သုံးသည့် ရုရှားလုပ် Mi-17 ‘Hips’ နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-24 ‘Hind’ များ) ဖြစ်ရန် သေချာသလောက်နီးပါး ရှိနေသည်။ Mi-24 ‘Hind’ များသည် ၁၉၈၆ ခုနှစ် စက်တင်ဘာလအတွင်းက အာဖဂန်နစ္စတန်နိုင်ငံ Jalalabad မြို့အနီးတွင် အမေရိကန် Stingers ဒုံးကျည်များ၏ ပထမဆုံးသော သားကောင်များ ဖြစ်ခဲ့ကြရသည်။

အခြားသော ပစ်မှတ်များထဲတွင် မြန်မာလေတပ်၏ ခေတ်မမီတော့သော တရုတ်နိုင်ငံလုပ် A-9 ‘Fantans’ တိုက်လေယာဉ်များနှင့် ပိုမိုသစ်လွင်၍ စွမ်းဆောင်ရည်ကောင်းသည့် ရုရှားထုတ် Yak-130 တိုက်လေယာဉ်များ အပါအဝင် ဝေဟင်မှ မြေပြင်သို့ တိုက်ခိုက်သည့် လေယာဉ်များ ပါဝင်ဖွယ်ရှိပါသည်။ Yak-130 များကို မြန်မာနိုင်ငံသို့ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် များတွင် ပေးပို့ခဲ့ပြီး ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများတွင် ပါဝင်ပျံသန်းနေခဲ့ကြပြီး ဖြစ်သည်။

MANPADS က အရပ်ဘက် လေကြောင်းလိုင်းများရော တပ်မတော်လေကပါ အသုံးပြုနေသည့် ရှမ်းပြည်နယ် လားရှိုးနှင့် ရခိုင်ပြည်နယ်မှ စစ်တွေကဲ့သို့သော လေဆိပ်များတွင် အတက်အဆင်းပြုလုပ်နေသည့် ပန်ကာတပ်လေယာဉ်များ အ တွက်ပင်လျှင် ကြီးမားသော ခြိမ်းခြောက်မှုတခု ဖြစ်စေသည်။ ထိုသို့ တွဲဖက် အသုံးပြုခြင်း၏ အန္တရယ် ရှိနေသည့် အချိန်တွင်  ပန်ကာတပ် ATR-42 နှင့် ATR-72 လေယာဉ်များကို အရပ်ဘက်လေကြောင်းလိုင်းများက ပြည်တွင်းခရီးစဉ်များတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။ တပ်မတော်ကလည်း ၎င်း၏ တပ်ဖွဲ့များကို သယ်ယူပို့ဆောင်ရန် ထိုလေယာဉ် အမျိုးအစားများကို အသုံးပြုနေသည်။

အမေရိကန်က ထောက်ပံ့သည့် Stingers  ဒုံးကျည်များကို အာဖဂန် နစ္စတန်တွင် ပထမဆုံးစတင် အသုံးပြုပြီး ၄ နှစ်နီးပါး အကြာ ၁၉၉၀ ခုနှစ် သြဂုတ်လ ညနေခင်းတခုတွင် မူဂျာဟီဒင် တိုက်ခိုက်ရေးသမားများက မြောက်ပိုင်းမှ Kunduz မြို့ အပြင်ဘက်တွင် နှေးကွေးစွာ ရွေ့လျားနေသော Antonov AN-26  အမျိုးအစား ပန်ကာတပ်လေယာဉ်တစင်းကို လေဆိပ်သို့ ချဉ်းကပ်လာသည့် အချိန်တွင် တပ်ဖွဲ့များ ပို့ဆောင်ပေးသည့် လေယာဉ်ဟု ယူဆ၍ ပစ်ချခဲ့သည်။ Kabul မှ အစိုးရ၏ ဒေါသတကြီး ထုတ်ပြန်ခဲ့သော ကျေညာချက်များတွင် လေယာဉ်သည် အရပ်ဘက်ခရီးသည်များကို သယ်ဆောင်၍ ပုံမှန် ပြည်တွင်းခရီးစဉ် တခုကို ပျံသန်းနေခဲ့ခြင်း ဖြစ်ကြောင်း အခိုင်အမာဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အဖြစ်အပျက်များက ထိုအခြေအနေသို့ မရောက်ရှိသေးပါ။ သို့သော်လည်း ပြင်းထန်လာသည့် ပဋိပက္ခ၏ နိုင်ငံရေးအရ စွန့်စားရမှုများက မြင့်တက်လာနေသည့်တိုင် MANPADS အသုံးပြုနိုင်မှု မြင့်တက်လာနိုင်သည့် အလားအလာနှင့် ပတ်သက်၍ ထိတ်လန့်စရာ သတိပေးချက်တခုကို တပ်မတော်က လက်ခံရရှိခဲ့သည့်အသွင် ဖြစ်ပါသည်။

(Anthony Davis သည် ဘန်ကောက်အခြေစိုက် အာရှဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်ဝါဒနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ဝေဖန် အကြံပေးသူ ဖြစ်သည်။ Asia Times တွင် ၎င်းရေးသားသော China’s mobile missiles on the loose in Myanmar ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်-

သွေးထွက်များလာနေသော ရခိုင်စစ်ပွဲ

အဆုံးမရှိသော မြန်မာ့ ပြည်တွင်းစစ်

ရခိုင်ပြည်က ဘင်္ဂလီ စစ်သွေးကြွတို့၏ ခြေလှမ်းသစ်

Your Thoughts …
Tags: FN-6TNLAUWSAတရုတ်လေယာဉ်ပစ်ဒုံးများ
Anthony Davis

Anthony Davis

Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS)မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် / ဧရာဝတီ

အလုပ်သမားရေး မန္တလေးတိုင်းအစိုးရ ပိုအာရုံစိုက်ဖို့ လိုနေတယ်

တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် သြဂုတ်လအတွင်းက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ကွတ်ခိုင်မြို့နယ် လွယ်ပယ် စုစည်းကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည်များ / ဇော်ဇော်

စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဆုတောင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved