ဆောင်းပါး

အဆုံးမရှိသော မြန်မာ့ ပြည်တွင်းစစ်

Want create site? Find Free WordPress Themes and plugins.

ဆယ်စုနှစ်များစွာအတွင်း မြန်မာ့တပ်မတော်၏ အကျယ်ပြန့်ဆုံးသော လက်နက်ကိုင်ပုန်ကန်မှု နှိမ်နင်းရေး ထိုးစစ်တခု အနည်ထိုင်လာသောအခါ နိုင်ငံမြောက်ပိုင်း တောတောင် ထူထပ်သည့် ဒေသမှ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို တိုက်ခိုက်သော စစ်ပွဲ ရုတ်တရက် သိသိသာသာ အရှိန်မြင့်လာသည်မှာ ထင်ရှားလာသည်။ စစ်ကြောင့် သေဆုံးထိခိုက်မှု မြင့်မားလာပြီး ထောင်နှင့်ချီ ပိုမိုများပြားသည့် စစ်ဘေးရှောင်များလည်း ၎င်းတို့ နေအိမ်များကို စွန့်ခွာထွက်ပြေးကြရသည်။

ယခုလ စတင်လာသည့် မိုးရာသီတွင် ဖြစ်ပေါ်လာသော တိမ်တိုက်များကြောင့် လေကြောင်းတိုက်ခိုက်မှုကို လျော့ကျစေပြီး တပ်ဖွဲ့နှင့် လက်နက်များကို လမ်းသေးလမ်းမွှားများမှ သယ်ယူပို့ ဆောင်ရန် ခက်ခဲလာခြင်းကလည်း ပဋိပက္ခ၏ အရှိန်ကို ကျဆင်းစေမည် ဖြစ်သည်။ KIA သည် ပြန်လည်အင်အားစုစည်းပြီး လျော့နည်းလာသော သေနင်္ဂဗျူဟာ ရွေးချယ်မှုများကို ပြန်လည် သုံးသပ်နေသောကြောင့် စစ်ပွဲ၏ ပြောင်းလဲလာသော ပုံသဏ္ဍန်အရ ရှေ့လာမည့်လများအတွင်း ရေရှည် ပြင်းထန် ခါးသီးသော တိုက်ပွဲများ ဖြစ်လာမည်မှာ သေချာနေသည်။

“ပြောက်ကျားစစ်နဲ့ ပြန်တိုက်ရမယ့်အချိန်ရောက်ပြီ” ဟု KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ပြည်သူများ၊ အထူးသဖြင့် စစ်ဘေးရှောင်များကို ဧပြီလ ၂၈ ရက်နေ့က ၎င်း၏ အိတ်ဖွင့်ပေးစာတွင် ရေးသားဖော်ပြထားသည်။ “KIA ရဲဘော်တွေဟာ စစ်မြေပြင်မှာ ကြိုးစားအားထုတ်ရုံသာမက လွတ်မြောက်ဖို့ ထွက်ပြေးသူတွေကိုလည်း ဦးဆောင်ဖို့ တာဝန်ရှိတယ်” ဟုလည်း သူက ရေးသားဖော်ပြထားသည်။

“ငါတို့တတွေဟာ ကမ်းခြေတွေမှာ တိုက်ပွဲဝင်ကြမယ်” ဟူသည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန် ချာချီ ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် နာဇီဂျာမဏီအား တိုက်ခိုက်ရန် တိုက်တွန်းခဲ့သကဲ့သို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ စာက သြဇာကြီးမားမှု မရှိပေ။ သို့သော် ယခင် မကြုံဖူးလောက်အောင် ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ညီညွတ် စုရုံးကြရန်နှင့် အခက်အခဲကြားတွင် အားမာန်သတ္တိကို ပြကြရန် ကချင်လူထုအား တိုက်တွန်းပြီး ဝင်စတန်ချာချီနှင့် အလားတူသည့် အာခံသော ပုံစံဖြင့် ထိုစာကို ရေးသားခဲ့ခြင်းဖြစ်သည်။

ထိုစာသည် တခြား မရည်ရွယ်သော အကြောင်းရင်းတခုကြောင့်လည်း ထူးခြားနေသည်။ ဖက်ဒရယ် ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသော လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ၏ မြောက်ပိုင်းမဟာမိတ်တွင် ပါဝင်ပြီး အရှေ့တောင်အာရှ၏ အကြီးမားဆုံး လက်နက်ကိုင် တပ်များအနက် တခုဖြစ်သည့် KIA သည် ၇ နှစ်ကြာ စစ်ပွဲအပြီး ပြောက်ကျားစစ်သို့ ကူးပြောင်းကြောင်း ကြေညာခြင်းသည် ထူးခြားပြီး လက်ရှိ အခြေအနေကိုလည်း ပြသနေသည်။

ထိုစာ၏ နောက်ကွယ်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိသော အမှန်တရားမှာ လက်နက်ငယ်များ တပ်ဆင်ထားသော တိုက်ခိုက်ရေးသမား ၉၀၀၀ ခန့်ရှိသော KIA သည် ၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး ပျက်သွားချိန်မှ စတင်ပြီး စစ်တိုက်မည် သို့မဟုတ် ငြိမ်းချမ်းရေးဆွေးနွေးမည် သို့မဟုတ် နှစ်မျိုးစလုံးကို တချိန်တည်းတွင် ကြိုးစား ကြည့်မည်ကို ဆွေးနွေးရင်း သေနင်္ဂဗျူဟာအရ မပြတ်သားသော အနေအထားတွင် အချိန်များစွာ ကြာနေခဲ့သည် ဟူသော အချက်ဖြစ်သည်။

ထို့ကြောင့် အလွန်အကျွံ ပြင်းထန်သော တန်ပြန်ထိုးစစ်များကို ရှောင်ရှားပြီး အရေးပါသည်ဟု ယူဆသော ပိုင်နက် နယ်မြေများ၊ စခန်းများကို အသေဆုပ်ကိုင်ထားရေးကို ရည်မှန်းကာ ခံစစ်အနေအထားတွင်သာ ရှိနေခဲ့သည်။ ၎င်းသည် ကျိုးကြောင်းဆီလျှော်သော သေနင်္ဂဗျူဟာ မည်သည့်အခါကမျှ မဖြစ်ခဲ့ပါ။ ထိုသို့သော အချိန်တွင် အင်အား ကြီးထွားနေသော အမြောက်၊ သံချပ်ကာနှင့် လေယာဉ်များဖြင့် အင်အား ၃ သိန်းရှိသော မြန်မာ့တပ်မတော်သည် နှေးကွေး သော်လည်း ဖိအားကို သေချာစွာ တဖြည်းဖြည်း မြှင့်တင်လာခဲ့သည်။

အခက်အခဲများကြားမှ စခန်းများကို ကာကွယ်ရန် မဖြစ်နိုင်သော အားထုတ်မှု၏ ထင်ရှားသော ဥပမာ ၂ ခုမှာ ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှ ၂၀၁၃ ခုနှစ် အစောပိုင်းအထိ ဖြစ်ပွားသော တရုတ်နယ်စပ်ရှိ KIA ဌာနချုပ် လိုင်ဇာ စစ်ပွဲနှင့် ၂၀၁၆ ခုနှစ်က ဂီဒွန် တောင်ထိပ် စခန်းကို သူရဲကောင်းပီသစွာ ခုခံကာကွယ်သည့် တိုက်ပွဲတို့ ဖြစ်သည်။

လေကြောင်း၊ အမြောက်နှင့် ခြေလျင်တပ်များ၏ ရေရှည်တိုက်ခိုက်မှုကြောင့် ထိုနှစ် ဒီဇင်ဘာလတွင် ဂီဒွန်စခန်း ကျသွားခဲ့သည်။ ယခုအခါ တပ်မတော်၏ ထိရောက်သော အမြောက်ပစ် အကွာအဝေးအတွင်း ရှိနေသော လိုင်ဇာ ဆက်လက် တည်ရှိနေခြင်းမှာလည်း ထိုမြို့ကို တိုက်ခိုက်ခြင်းသည် တိုက်ပွဲများ တရုတ်နိုင်ငံဘက်သို့ ရောက်သွား နိုင်ခြင်းနှင့် တရုတ်နိုင်ငံ ဒေါသထွက်အောင် လုပ်မိမည်ကို တပ်မတော်က စိုးရိမ်နေခြင်းကြောင့် တစိတ်တပိုင်း ပါဝင်သည်။

လိုင်ဇာက KIA တပ်များ အခြားနေရာသို့ ပြန့်ထွက် မသွားရအောင် ချည်နှောင်နေခြင်းနှင့် နောက်ဆုံးတွင် နောင်တရနေသော KIA နှင့် ဆွေးနွေးရန် နေရာတခု ဖြစ်လာနိုင်ခြင်းတို့ကိုလည်း တပ်မတော်က ထည့်သွင်း စဉ်းစားနေသည်မှာ သံသယရှိရန် မလိုပေ။

တပ်မတော်ဘက်က ၎င်းတို့၏ ရည်မှန်းချက်များဖြစ်သော လက်နက်ဖြုတ်ပြီး တပ်ပေါင်းစည်းခြင်း အကြိုအဖြစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်ရန် တွန်းအားပေးခြင်း သို့မဟုတ် ထိုသို့ မလုပ်နိုင်ပါက အလျှော့ပေးသော အနေအထားဖြစ်အောင် KIA တပ်များကို ချေမှုန်း ထိုးနှက်ရန် တို့ကို ရှင်းရှင်းလင်းလင်း နားလည်သည်။

KIA ခေါင်းဆောင်မှုအဆင့်ဆင့်တွင် သေနင်္ဂဗျူဟာအရ မပြတ်သားခြင်းနှင့် ပတ်သက်သော ဆက်စပ်နေသည့် အကြောင်းရင်းများလည်း ရှိနေသည်။ အကြောင်းရင်းတခုမှာ NCA ၏ စွဲဆောင်မှုနှင့် လက်ရှိအခြေအနေတွင် စွမ်းဆောင်ရည် မရှိတော့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် KIA ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ခေါင်းဆောင်မှု အခန်းကဏ္ဍဖြစ်သည်။

ဖက်ဒရယ် ဒီမိုကရေစီကို လိုလားသော လူမျိုးစုများအတွက် အထောက်အကူအဖြစ် ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့သည့် UNFC သည် အနောက်နိုင်ငံများက ကျောထောက်နောက်ခံပြုသော NCA နှင့် ၎င်းကို မူကြမ်းရေးဆွဲရန် ရှည်လျားလှသော ဆွေးနွေးညှိနှိုင်းမှုများကို အကြီးအကျယ် အားကိုးခဲ့သည်။

ဒုတိယအချက်မှာ KIA သည် လူမျိုးစုလက်နက်ကိုင်အဖွဲ့များ ခံစားရသည့် “အပစ်အခတ်ရပ်စဲရေး ရောဂါ” ၏ ဆိုးကျိုး သက်ရောက်မှုများကို ခံစားနေရသည်။ ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၁၇ နှစ်ကြာသော အပစ်အခတ် ရပ်စဲခြင်းသည် သဘောတူညီချက်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို မပေးနိုင်သည့်အပြင် နိုင်ငံရေး အမြတ်ထွက်ခြင်းကိုပင် ပေးစွမ်းနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ထိုအပစ်အခတ်ရပ်စဲခြင်းသည် အုပ်ချုပ်ပိုင်ခွင့်၊ လိုင်ဇာမြို့တော် တို့ကို ဖြစ်ပေါ်လာစေခဲ့ပြီး သစ်နှင့် ကျောက်စိမ်း အပါအဝင် နိုင်ငံ၏ သယံဇာတများကို အကြီးအကျယ် လုယက်ရာတွင် မြန်မာနှင့် တရုတ် စီးပွားရေးသမားများနှင့် ပူးပေါင်းပြီး KIA ခေါင်းဆောင် အများအပြားကို အလွန်အမင်း ချမ်းသာသွားစေခဲ့သည်။ ၎င်းတို့၏ ခေါင်းဆောင်များသည် ငွေများပြားသည့် ဘဏ်စာရင်းပိုင် ဗိုက်ပူကြီးများ ဖြစ်လာသောကြောင့် KIA သည် တိုက်ခိုက်ရေးတပ်ဖွဲ့အနေဖြင့် အင်အား ချိနဲ့လာသည်။

နောက်ဆုံးအချက်မှာ ၂၀၁၁ ခုနှစ် ဇွန်လ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားချိန် မတိုင်မီ စောစီးစွာကပင် ဖြစ်ပွားနေသော KIA ခေါင်းဆောင်ပိုင်း အတွင်းမှ ပြဿနာများသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေခြင်းဖြစ်သည်။ ထိုသဘောထား ကွဲလွဲမှု များကို KIA ရာထူးအဆင့်ဆင့်အတွင်း လက်တွေ့ ဒီမိုကရေစီဆိုင်ရာ တွန်းအားများနှင့် ဆွဲအားများဟုလည်း လျှော့လျှော့ပေါ့ပေါ့ ဖွင့်ဆိုနိုင်သည်။ သို့သော် သေနတ်သံများအောက်က ဒီမိုကရေစီသည် စစ်ရေးအရ အောင်မြင်မှုများကို မရယူနိုင်ခဲ့ဘဲ တပ်မတော်ကသာ ထိုအကွဲအပြဲများကို ကျွမ်းကျင်စွာ အမြတ်ထုတ်သည်။

ယခု KIA သည် ပြောက်ကျား မဟာဗျူဟာသစ် ချမှတ်ရာတွင် အောင်မြင်လျှင် အချိန်မီရုံမျှသာ ရှိသည်။ ယခု ပြီးဆုံးသွားသော တပ်မတော်၏ ပွင့်လင်းရာသီ ထိုးစစ်များသည် တခုတည်း မဟုတ်ဘဲ ယခင်မကြုံဖူးသည့် တခုပြီးတခု ဆက်တိုက် ဖြစ်လာသည်။ ပထမအကြိမ် ဇန်နဝါရီလတွင် ထိုးစစ်ဆင်ပြီးနောက် မတ်နှင့် မေလ များတွင် ဆက်လက်ထိုးစစ်ဆင်သည်။

ယခင် မကြုံဖူးသော အခြားအချက်တခုမှာ KIA သည် ပြည်နယ်တခုလုံး နေရာအနှံ့တွင် ညှပ်ပြီး အတိုက်ခိုက်ခံရသည်။ ရှမ်းပြည်နယ်နှင့် နယ်စပ် မန်စီမြို့နယ်၊ မြောက်ဖက်တွင် တနိုင်းနှင့် ဟူးကောင်းချိုင့်ဝှမ်း၊ ကျောက်စိမ်းလုပ်ငန်း အချက်အခြာ ဖားကန့် ပတ်ဝန်းကျင်၊ မြစ်ကြီးနားမြို့မြောက်ဖက် မလိခနှင့် အမိုင်ခ မြစ်များရှိရာ ကချင်ပြည်နယ်၏ အချက်အခြာ တြိဂံ ဒေသဖြစ်သော အင်ဂျန်းယန်နှင့် လိုင်ဇာ ပတ်ဝန်းကျင်တို့တွင် တပ်မတော်က ထိုးစစ်များ ဆင်နွှဲသည်။

ထို ထိုးစစ်သည် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် အပြင်းထန်ဆုံးဖြစ်သည်ဟု KIA ပြောခွင့်ရသူများက ဆိုသည်။ ၁၉၆၁ ခုနှစ်တွင် KIA စတင် လက်နက်ကိုင် ပုန်ကန်ပြီးနောက် အပြင်းထန်ဆုံး ဖြစ်သည်ဟုပင် ပြောနိုင်သည့် အနေအထား ဖြစ်သည်။ မကြာသေးမီ လများအတွင်း နောက်ထပ် ဒုက္ခသည် ၁၀,၀၀၀ တို့မှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေး ကြရပြီး စခန်းများတွင် နေထိုင်နေပြီး ဖြစ်သော စစ်ဘေးရှောင် ၁၀၀,၀၀၀ တွင် ထပ်မံတိုးပွားလာခြင်း ဖြစ်သည်။

နိုင်ငံရေး အဆင့်တွင် တပ်မတော်၏ ထိုးစစ်သည် NCA လက်မှတ်မထိုးခြင်း အတွက်သာမက နိုင်ငံတွင် လက်နက် အင်အား အကောင်းဆုံးဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေးတပ်တော် (UWSA) နှင့် ပြောင်ပြောင် တင်းတင်း လက်တွဲခြင်း အတွက်ပါ အပြစ်ပေးရန် ရည်ရွယ်သည်။ ထို့ကြောင့် KIA ကို ရွေးချယ်တိုက်ခိုက်ခြင်း၏ ရိုးရှင်းသည့် ကျိုးကြောင်း ဆီလျော်သော အဖြေမှာ KIA သည် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် အင်အားအကြီးဆုံး ဖြစ်သည်သာမက ပထဝီ အနေအထားအရ သီးခြားအဖြစ်ဆုံး အနေအထားလည်း ဖြစ်နေသည်။

UWSA ၏ ရှမ်းပြည်မြောက်ပိုင်းမှ အခြားသော မဟာမိတ်များဖြစ်သည့် တအာန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့နှင့်မတူဘဲ KIA တပ်များသည် UWSA အမာခံ ဒေသများဖြစ်သော သံလွင်မြစ်အရှေ့ဖက်ခြမ်းနှင့် ၀ တို့ ရောင်းချလိုသော လက်နက်ခဲယမ်း သိုလှောင်ရာ နေရာများမှ ဝေးကွာသော နေရာတွင် တိုက်ခိုက်နေကြရသည်။ ထို့အပြင် ခရစ်ယာန် ဘာသာဝင် KIA များသည် အခြားအဖွဲ့များ ဖြစ်သော MNDAA ၊ TNLA ၊ AA နှင့် UWSA တို့အကြား နီးကပ်သည့် နိုင်ငံရေး ဆက်စပ်မှုမျိုးကို မရရှိပေ။

တပ်မတော်၏ ကချင်ပြည်နယ် ထိုးစစ်များသည် KIA ကို စစ်ရေးအရ အင်အားချိနဲ့စေရေး သေနင်္ဂဗျူဟာ ရည်မှန်းချက် နှစ်ခုကို အကောင်အထည် ဖော်နေသည်။ ပထမရည်မှန်းချက်မှာ တနိုင်းရှိ ရွှေ၊ ပယင်းမိုင်းများနှင့် ဖားကန့် ကျောက်စိမ်းမှော်များမှ KIA ၏ အခွန်ကောက်ခံသည့် ရင်းမြစ်များကို ဖြတ်တောက်ရေး ဖြစ်သည်။ ဒုတိယ ရည်မှန်းချက်မှာ လူသိနည်းသော်လည်း အလားတူ အရေးပါသည့် လိုင်ဇာနှင့် ပြည်နယ်အနှံ့တွင် ဖြန့်ချထားသော KIA တပ်မဟာများ အကြား ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပြီး တပ်မဟာ အချင်းချင်းကြား အဆက်အသွယ် ပြတ်တောက်သွားစေရေး ဖြစ်သည်။

မကြာသေးမီက ထိုးစစ်များ၏ ပြင်းထန်မှုကို တပ်မတော်၏ ရွေ့လျား အရံတပ်မ ၁၀ ခုအနက် ၃ ခုဖြစ်သော အမှတ် ၃၃၊ ၈၈ နှင့် ၁၀၁ ခြေမြန်တပ်မများနှင့် အခြားစစ်တိုင်းများမှ တပ်များကို မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်အောက်တွင် အင်အား ဖြည့်ထားခြင်းက ပြသနေသည်။ ရခိုင်မြောက်ပိုင်းမှ အမည်ဆိုးဖြင့် ကျော်ကြားသည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ အပြီး ရက်သတ္တပတ် အတန်ကြာမျှ လေ့ကျင့်မှုနှင့် အနားယူမှုများ ပြုလုပ်ပြီးနောက် အမှတ် ၃၃ ခြေမြန်တပ်မသည် စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

လူအင်အားဖြင့် ကျားကန်ခြင်းသည် တပ်မတော်၏ ထိုးစစ်များတွင် လုပ်ရိုးလုပ်စဉ် ဖြစ်သော်လည်း အမြောက်နှင့် လေကြောင်း ပစ်ကူခြင်းမှာ ယခင် မကြုံစဖူး ပြင်းထန်ပုံရသည်။

ဆာဗီးယားနိုင်ငံလုပ် ၁၅၅ မမ အမြောက်စနစ်များကို ပထမဆုံးအကြိမ် ထုတ်သုံးပြီး KIA ခြေကုပ်စခန်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ၊ အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း နမ်ခမ်းမြို့နယ်စပ်တွင် တိုက်ခိုက်သည်။ ထိုနောက် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း စစ်မြေပြင်များတွင် တဖြည်းဖြည်း အသုံးများလာသော လေကြောင်းပစ်ကူခြင်းသည်လည်း ယခုနှစ်တွင် အကျယ်ပြန့်ဆုံး ဖြစ်လာသည်။

တရုတ်နိုင်ငံလုပ် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များ၊ ရုရှားလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ အကူအညီ၊ တောင်ပံကို ပြန်လည်ပြင်ဆင် တပ်ဆင်ထားသော ဂျက်လေယာဉ်များသည် မြစ်ကြီးများမြို့ အနီး နမ်ပေါင် အခြေစိုက် စခန်းမှ ထွက်ခွာပြီး မြေပြင်ပစ်မှတ်များကို ပြည်နယ်တခုလုံးတွင် တိုက်ခိုက်သည်။ အတည်မပြုရသေးသော မီဒီယာ သတင်းတခုအရ ပါကစ္စတန်နိုင်ငံမှ ဝယ်ယူထားသော JF -17 ဘက်စုံသုံး တိုက်လေယာဉ်များကို စစ်ဆင်ရေးတွင် ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်တွင် ယခုနှစ် အသုံးပြုသည်ဟု သိရသည်။

တိုက်ပွဲများ မကြာခဏဖြစ်ပွားသည့် တရုတ်နယ်စပ်အနီးရှိ ရှမ်းပြည်မြောက်ပိုင်းနှင့် မတူဘဲ ကချင်ပြည်နယ် လေကြောင်း တိုက်ခိုက်မှုများတွင် တရုတ်လေပိုင်နက် ကျူးကျော်ခြင်းနှင့် အရပ်သား ထိခိုက်သေဆုံးခြင်းအတွက် ပူပန်စရာ မလိုလှပေ။ နယ်စပ်ရှိ လိုင်ဇာနှင့် တရုတ်-ကချင်-ရှမ်း နယ်စပ်တွင်သာ ထိုသို့ စိုးရိမ်စရာရှိသည်။

ထိုသို့သော လေကြောင်း တိုက်ခိုက်မှုနှင့် ဖိအားအောက်တွင် KIA ၏ နှောင့်နှေးနေသော ပြောက်ကျား စစ်ဗျူဟာသို့ ပြောင်းလဲခြင်းသည် လွယ်ကူလှမည် မဟုတ်ပေ။ မည်သို့သော အခြေအနေတွင်မဆို ကချင် ပုန်ကန်မှုသည် အကြီးမားဆုံး စိန်ခေါ်မှုနှင့်လည်း ရင်ဆိုင်နေရသည်။ ထိုစိန်ခေါ်မှုမှာ နိုင်ငံတကာ နယ်စပ်တွင် ခိုလှုံရန် နေရာနှင့် အောင်မြင်သော ပြောက်ကျားစစ် အများစုကို အထောက်အပံ့ပြုသည့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင် ထောက်ပံ့မှု မရှိခြင်းဖြစ်သည်။ KIA သည် UWSA ထံမှ လက်နက်ခဲယမ်း ဝယ်ယူနိုင်ခဲ့သော်လည်း အများအပြားနှင့် အမြဲတမ်း ဝယ်ယူနိုင်မည်ဟု မျှော်လင့်နိုင်ခြင်း မရှိပေ။

ထို အကျပ်အတည်းကြောင့် ရန်သူထံမှ လက်နက်ခဲယမ်းများ သိမ်းပိုက်ရန် ရည်ရွယ်သည့် စစ်ဆင်ရေးများကို လတ်တလော ပူးတွဲလုပ်ဆောင်ရန် လိုအပ်လာစေသည်။ မိုးရာသီ၏ တိမ်တိုက်များသည် တိုက်ပွဲဖြစ်ပွားနေသည့် တပ်မတော် စခန်းများအတွက် အနီးကပ် လေကြောင်း ပစ်ကူမှုကို အတားအဆီးဖြစ်စေပြီး KIA အနေဖြင့် ထိုသို့သော စခန်းများကို တိုက်ခိုက်ရန် အခွင့်အလမ်းများစွာ ဖန်တီးပေးသည်။ မိုးရာသီမစတင်မီ ဧပြီလ ၆ ရက်နေ့က KIA တပ်များက တပ်မတော် စခန်းကို သိမ်းပိုက်သည့် ဖားကန့် မြို့နယ်အတွင်း တိုက်ပွဲတွင် လက်နက်ခဲယမ်း အများအပြားကို သိမ်းပြီး ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ ထိုအချက်သည် KIA ၏ အနာဂတ် စစ်ဆင်ရေးများနှင့် နည်းဗျူဟာများကို ရှင်းရှင်း လင်းလင်း ပြသနေသည်။

အလားတူ အရေးပါသော အချက်မှာ နောက်တန်း အခြေစိုက်စခန်းအဖြစ် အသုံးပြုနိုင်သော လူနေကျဲသည့် ဒေသများ ဖြစ်သည်။ သစ်တော ပြုန်းတီးစေသော တရုတ် သစ်ထုတ်လုပ်ရေး ကုမ္ပဏီများ၏ လုပ်ရပ်များရှိသော်လည်း ကချင်ပြည်နယ်တွင် အထူးသဖြင့် တြိဂံဒေသတွင် သစ်တောများ အများအပြား ကျန်ရှိနေသေးသည်။ KIA သည် လိုင်ဇာ-မိုင်ဂျာယန် ဒေသမှ သင်တန်းကျောင်းများနှင့် လက်နက်ခဲယမ်း ထုတ်လုပ်ရေး အဆောက်အအုံများ ကဲ့သို့သော အရေးပါသည့် အဆောက်အအုံများကို ပိုမိုလုံခြုံသော ထိုချောင်ကျသည့် နေရာများသို့ ရွှေ့ပြောင်းခဲ့ပြီး ဖြစ်နိုင်သည်။

အလွန်အကျွံ လုပ်ရပ်များကြောင့် အမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာလွှမ်းမိုးသည့် စစ်တပ်ကို ဆန့်ကျင်သည့် လူမျိုးစုများ၏ ဆက်လက် ရှင်သန်ရေးတိုက်ပွဲ အဖြစ် KIA ၏ စစ်ပွဲကို မြင်ကြသောကြောင့် KIA သည် ကျယ်ပြန့်သော လူထု ထောက်ခံမှုကို ရရှိနေသည်။ နိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ရွေးကောက်ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် စစ်တပ်အပေါ် ထိုက်သင့်သော သြဇာလွှမ်းမိုးမှု ရှိလိမ့်မည်ဟု တခါက ထင်ခဲ့သော ကချင်များသည် ယခု ထိုမျှော်လင့်ချက်ကို အများအားဖြင့် စွန့်လွှတ်လိုက်ကြပြီဖြစ်သည်။

ထိုသို့သော နောက်ခံအခြေအနေများတွင် KIA သည် တပ်ဖွဲ့များကို ပြန်လည်ပြင်ဆင် တည်ဆောက်လာသည်။ အခြေစိုက် စခန်းများရှိသော ပိုမိုကြီးမားသည့် တပ်မဟာ ဌာနချုပ်ကြီးများကို ပိုမိုသေးငယ်ပြီး နည်းပရိယာယ်အရ ပြုလွယ်ပြင်လွယ် ရှိပြီး ပြောက်ကျားစစ်တွင် အရေးပါသော ဒေသအခြေအနေနှင့် ပိုမိုကိုက်ညီသည့် တပ်ဖွဲ့များအဖြစ် ပြောင်းလဲလိုက်သည်။

KIA သည် ယခင်က တပ်မဟာ ၄ ခုသာရှိသော ကချင်ပြည်နယ်တွင် တပ်မဟာ ၇ ခု ဖြန့်ချထားသည်။ ယခင်က တပ်မဟာတခုသာ ရှိသော ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မဟာ ၃ ခု ချထားသည်။ KIA သည် ကချင် လူမျိုးစုများထံမှ လူသစ် စုဆောင်းများလည်း သိသိသာသာ ပြုလုပ်သည်။ ထို့အပြင် KIA သည် ပြောက်ကျား နည်းဗျူဟာသို့ ပြောင်းရာတွင် စံနမူနာအဖြစ် အသုံးပြုသည့် ရွေ့လျားတပ်မဟာ ၂ ခုကိုလည်း ဖြန့်ချထားသည်။ တပ်မဟာ ဖွဲ့စည်းပုံသစ်အောက်မှ ပိုမိုသေးငယ်သော တပ်ဖွဲ့များသည် ပိုမိုပြင်းထန်သည့် တပ်ဖွဲ့ငယ် စစ်ဆင်ရေးများကို ဦးဆောင်ရန် လိုအပ်သည့် စိတ်ဓာတ်တက်ကြွသော အရာရှိငယ်များကို မွေးထုတ်ပေးနိုင်ခြင်း ရှိ မရှိကိုမူ ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။

တပ်မတော်၏ တိုးချဲ့လာသော ဆက်သွယ်ရေး လမ်းကြောင်းများဖြစ်သည့် အဓိလမ်းမကြီး အနည်းငယ်နှင့် ကာလကြာရှည်စွာ အကာအကွယ် ကင်းမဲ့နေသော မြစ်ကြီးနား-မန္တလေး ရထားလမ်းများကို ပိုပိုသေးငယ်သော ရွေ့လျားတပ်ဖွဲ့များဖြင့် တိုက်ခိုက်နှောင့်ယှက်ခြင်းသည် ရှေ့လာမည့်လများအတွင်း နည်းပရိယာယ်အရ ဦးစားပေးများ ဖြစ်လာမည်မှာ ထင်ရှားသည်။ မေလ ၁၅ ရက်နေ့က မြစ်ကြီးနားတောင်ဘက် ရထားလမ်းတွင် မိုင်း ၂ လုုံး ပေါက်ကွဲ ခြင်းသည် နောင်လာမည့်တိုက်ခိုက်မှုများအတွက် ရှေ့တော်ပြေးဖြစ်နိုင်သည်။

အရေအတွက် အနည်းငယ်မျှနှင့်ပင် နိုင်ငံမြောက်ပိုင်းတွင် သေနင်္ဂဗျူဟာ ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းလဲ သွားစေနိုင်သည့် လူနှင့် သယ်ဆောင်နိုင်သော လေကြောင်း ကာကွယ်ရေးစနစ် – man-portable air defense systems (MANPADS) များကို KIA သည် UWSA ထံမှ ဝယ်ယူနိုင်ခြင်း မရှိသေးကြောင်း ထင်ရှားသည်။ မြေပြင်မှ ထောင်ပစ်ရသော အမြောက်များနှင့် လေတပ် အခြေစိုက် စခန်းများကို တိုက်ခိုက်ခြင်း သို့မဟုတ် ကွန်မန်ဒို အထူးတပ်များသုံးပြီး လေတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းတို့ကို မည်မျှလုပ်ဆောင်နိုင်မည်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။

KIA တို့သည် ဒုတိယ ကမ္ဘာစစ်မှ ၇၅ မမ ဟော်ဝစ်ဇာ အမြောက် အနည်းငယ်ကို အသုံးပြုနိုင်ပြီး တရုတ်နိုင်ငံလုပ် ၁၀၇ မမ ဒုံးကျည်များကို မကြာသေးမီက (UWSA မှတဆင့်) ရရှိထားသည်။ ရှစ် ကီလိုမီတာမျှအထိ ပစ်ခတ်နိုင်ပြီး တိကျမှု နိမ့်ကျသော ထိုဒုံးကျည်များသည် အခြေစိုက် စခန်းများ၊ လေယာဉ်ကွင်းများကို မြေပြင်မှ ထောင်ပစ်ရာတွင် သင့်တော်သည်။ ဇန်နဝါရီလ နှောင်းပိုင်းနှင့် ဖေဖော်ဝါရီလ အစောပိုင်းတွင် မိုးကောင်းနှင့် မြစ်ကြီးနားအနီး တပ်မတော် စခန်းများကို ထိုဒုံးကျည်များနှင့် ပစ်ခတ်ခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။

နောက်ဆုံးအနေဖြင့် KIA သည် ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်း အသုံးမပြုခဲ့သည့် နည်းလမ်းတခုဖြစ်သည့် မြို့ပြနေရာများကို တိုက်ခိုက်ခြင်း နည်းလမ်းလည်း ရှိသည်။ သတင်းခေါင်းစဉ်များတွင် မကြာခဏပါလာသော ထိုနည်းလမ်းသည်လည်း တပ်မတော်၏ အားနည်းချက်ကို ပြသနေသည်။ ထိုနည်းလမ်းကို ရှမ်းပြည်မြောက်ပိုင်းတွင် အကြိမ်ကြိမ် အသုံးပြုနေသည်။

၂၀၁၅ ခုနှစ်မှစတင်ပြီး MNDAA နှင့် TNLA ပြောက်ကျားများသည် တခါတရံတွင် ဒေသခံ KIA တပ်များ၏ အကူအညီဖြင့် လောက်ကိုင်၊ မူဆယ်နှင့် မုံးကိုး တို့ကဲ့သော ရှမ်းပြည်နယ်မြို့များရှိ ရဲနှင့် စစ်စခန်းများကို တိုက်ခိုက်ကြသည်။ ထိုကဲ့သို့သော စစ်ဆင်ရေးများ ကချင်ပြည်နယ်အတွင်းသို့ ရောက်ရှိလာလျှင် အံ့သြဖွယ် မဟုတ်ပေ။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဒင်ဗျင်ဖူး စစ်ပွဲ (ပြင်သစ် ကျူးကျော်တပ်များ၏ ဆက်လက်တိုက်ခိုက်လိုသော စိတ်ကို ရိုက်ချိုးသည့် ဗီယက်နမ်တို့၏ စစ်ပွဲ) ကဲ့သို့သော အလှည့်အပြောင်း ဖြစ်စေနိုင်သည့် စစ်ပွဲမျိုး မရှိပေ။ သို့သော် သာမန် မြန်မာလူမျိုးများသည် တပ်မတော်၏ အဆုံးမရှိသော စစ်ပွဲ ရည်မှန်းချက် နောက်ကွယ်မှ ယူဆချက်များကို စတင် မေးခွန်းထုတ်နေပြီ ဖြစ်သောကြောင့် KIA သည် ၎င်းတို့၏ ရန်သူ စစ်တပ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်သည့် သေနင်္ဂဗျူဟာကို ချမှတ်နိုင်လျှင် အကျပ်အတည်း ကျရောက်နေပြီးဖြစ်သည့် အစိုးရအတွက် စီးပွားရေးနှင့် သံတမန်ရေး ဝန်ထုတ်ဝန်ပိုး ပိုမို ကြီးမားလာမည်မှာ သေချာသည်။

တချိန်တည်းတွင် ဗိုလ်ချုပ်ကြီး အင်ဗန်လသည် ၁၉၄၀ ပြည့်နှစ်များက ချာချီကဲ့သို့ပင် “သွေး၊ လုပ်အား၊ မျက်ရည်နှင့် ချွေး” မှလွဲပြီး အခြားပေးဆပ်စရာ ရှိမည်မဟုတ်ပေ။

(Asia Times ပါ Anthony Davis ရေးသည့် A vision for war without end in Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading