သတင်း

အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဂွမြို့နယ် NLD အမတ်တဦးပါ ၃ ဦးအား ထောင်ဒဏ်ချမှတ်

စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဦးရဲခေါင်ညွန့် အပါအဝင် ဂွမြို့ခံ ၃ ဦးကို ထောင် ဒဏ်များ ချမှတ်ခံရကြောင်း သတင်း ရရှိသည်။

အဆိုပါ ဂွမြို့ခံများ ဖြစ်ကြသည့် ဦးရဲခေါင်ညွန့်၊ ဦးလူနီ၊ ဦးအောင်စိုးမိုး တို့ကို ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်က ဂွ မြို့နယ် တရားရုံးက နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေ၊ ငြိမ်းစု/စီ ဥပဒေ ပုဒ်မတို့ဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်သည့် ရှေ့နေက ပြောသည်။

၎င်းက “မနေ့က သူတို့ ၃ ယောက်အမှုမှာ ဦးရဲခေါင်ညွန့် ကိုတော့ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ဘေးစီ/မံ နဲ့ ၃ လ ချပါ တယ်။ ဦးလူနီကိုတော့ ၅၀၅ ( ခ) နဲ့ ၂ နှစ်ချပါတယ်။ ကိုအောင်စိုးမိုးကိုတော့ ငြိမ်းစု/စီ နဲ့ ထောင်ဒဏ် ၂ လ ချပြီးတော့ ဘေးစီ/ မံနဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာ အလိုမရှိ စသည်ဖြင့် ဂွမြို့နယ် အတွင်း လူထု ဆန္ဒပြခဲ့ကြသည့်အတွက် ဦးရဲခေါင်ညွန့်ကို ဖေဖော်ဝါရီလ ၁၁ ရက်ကလည်းကောင်း၊ ဦးလူနီနှင့် ဦးအောင် စိုးမိုးတို့ကို ဖေဖော်ဝါရီလ ၁၃ ရက်ကလည်းကောင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁၇ ရက်ကလည်း တောင်ကုတ်မြို့နယ်အတွင်းက NLD ခေါင်းဆောင်များဖြစ်ကြသည့် ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့ကို တောင်ကုတ်မြို့နယ်တရားရုံးက သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ဥပဒေနှင့် ငြိမ်းစု/စီ ဥပဒေပုဒ်မ တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ အသီးသီး ချမှတ်ခံရသည်။

ယင်းပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါအဝင် ဝန်ကြီးဟောင်း ၅ ဦး ကိုလည်း စစ်ကောင်စီက အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးပြီး တရားချုပ်နှောင် တရားစွဲဆို ထားသည့်အတွက် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် တရားလွှတ်တော၌် အမှုရင်ဆိုင်နေရသည်။

ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းယူခဲ့ပြီးနောက်ပိုင်း တခြားတိုင်းနှင့် ပြည်နယ်များ ကဲ့သို့ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ဂွ၊ မာန်အောင် စသည့်မြို့နယ်များတွင် စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒပြပွဲ များ ဆက်တိုက် လုပ်ဆောင်မှုများ ရှိခဲ့သည်။

You may also like these stories:

ဖမ်းဆီးသွားပြီး ရုပ်အလောင်းပါ ဖျောက်ခံလိုက်ရသည့် မန္တလေးက ကိုသန်းထွန်းဦး

ဘူးသီးတောင်တွင် မွတ်ဆလင်ကျေးရွာလူကြီးတချို့ကို စစ်တပ်က ဖမ်းဆီးမှုများ ရှိနေ

တောင်ကုတ် NLD ခေါင်းဆောင်နှစ်ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံရ

Loading