စစ်ကောင်စီက သူ့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူအားလုံးနှင့် တွေ့ခွင့်မပေးပါက မြန်မာနိုင်ငံသို့ သွားရောက်မည်မဟုတ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က အင်္ဂါနေ့တွင် အတည်ပြုပြောကြားသည်။
နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ဒါတိုအာရီဝန် ယူဆွတ်သည် အကျပ်အတည်းဖြစ်နေသော မြန်မာနိုင်ငံသို့ အင်္ဂါနေ့တွင်လာရောက်မည်ဖြစ်ကြောင်း မြန်မာမီဒီယာများက ကနဦးက ဖေါ်ပြခဲ့သည်။ သို့သော် ထိုအစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း နောက်ပိုင်းတွင် ဖေါ်ပြသည်။
Myanmar Now သတင်းဌာန၏ အဆိုအရ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်သည် ဖြုတ်ချခံအာဏာရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အထူးသံတမန်နှင့် တွေ့ဆုံပွဲသို့ ဖိတ်ကြားခြင်းမရှိကြောင်း သိရသည်။
NLD လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံရေးသည် ကြိုတင်စည်းကမ်းသတ်မှတ်ချက်ဖြစ်ကြောင်း အာရီဝန်က ယခင်ကပင်ပြောကြားထားသည်။
သူ၏ခရီးစဉ်နှင့်ပတ်သက်သည့် သတင်းများကို တုံ့ပြန်သည့်အနေဖြင့် သူ၏ရုံးက ကြေညာချက်တစောင်ထုတ်ပြန်သော်လည်း ထိုခရီးစဉ်ကို လာမည့်ရက်အနည်းငယ်အတွင်း သွားဖြစ်မည် မသွားဖြစ်မည်ကို အတည်မပြုပေ။
ဘုံသဘောတူညီချက် ၅ နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ထားဆဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ မည်သည့် ခရီးစဉ်မဆိုသည် သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံရေးအပေါ် မူတည်ကြောင်း အထူးသံတမန်ပြောသည်။
အထူးသံတမန်အနေဖြင့် သူသည် ကြားနေပြီး မည်သည့်နိုင်ငံရေးသဘောထားဘက်မျှ လိုက်မည်မဟုတ်ကြောင်းလည်း သူပြောသည်။
“အထူးသံတမန်အပေါ် မြန်မာန်ိုင်ငံ၏ ယုံကြည်အားထားမှုနှင့် မြန်မာနိုင်ငံအပေါ် ASEAN နှင့် နိုင်ငံတကာ အသိုက်အဝန်း၏ ယုံကြည်အားထားမှုများကို ကူညီတည်ဆောက်ပေးရန် ဘုံသဘောတူညီချက် ၅ ချက်နှင့် ကိုက်ညီသော မြန်မာနိုင်ငံခရီးစဉ်ကို အထူးသံတမန်က စောင့်ကြိုနေသည်” ဟု အထက်ပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။
မြန်မာနိုင်ငံသို့ အထူးသံတမန်၏ ခရီးစဉ်နှင့် နိုင်ငံရေးပါတီအားလုံးနှင့်တွေ့ဆုံရေး အသေးစိတ်များကို မြန်မာစစ်ကောင်စီက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
အထူးသံတမန်က ဖမ်းဆီးခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် တောင်းဆိုမှုကို မြန်မာစစ်ကောင်စီက ယခင်က ငြင်းဆန်ထားပြီး အပစ်အခတ်ရပ်စဲရန် သူတောင်းဆိုသည်ကိုလည်း တုံ့ပြန်ခြင်း မရှိသေးပေ။
ကိုးကား။ ။ The Scoop
You may also like these stories:
အာဆီယံ အထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့ ဆွေးနွေးပွဲပျက်
ASEAN က မြန်မာစစ်ရာဇဝတ်ကောင်များကို ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ဖိတ်မှာလား
မြန်မာ့ဒေါသနှင့် ASEAN အထူးသံတမန်၏ ရှေ့ခရီး
ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ