စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါဝင်သူ ၁၃၁၆ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်း ခွင့်ပြု လိုက်ကြောင်း အောက်တိုဘာလ ၁၈ ရက်တွင် ကြေညာသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားမှတဆင့် ယနေ့ပြောကြားသည့် ရုပ်သံမိန်းခွန်းတွင် ၎င်းတို့အား သီတင်းကျွတ်ကာလတွင် ကုသိုလ်များလုပ်နိုင်ရန် လူသားချင်းစာနာမှု အထိမ်းအမှတ်အနေဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသည်။
ယခုလွှတ်ပေးလိုက်သူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဆိုသည့် ခံဝန်ဖြင့် ၎င်းတို့ကျခံရန်ကျန်သည့် ပြစ်ဒဏ်များကို လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သဖြင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦး၏ ကြားနာဆဲအမှုများကိုလည်း ပိတ်သိမ်းပြီး အမှုမှ လွှတ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အခြားထုတ်ပြန်ချက်တစောင်တွင် ဖော်ပြထားသည်။
You may also like these stories:
ဖလမ်းတွင် စစ်ကောင်စီတပ်က ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီး
လွိုင်ကော် တိုက်ပွဲ ပြင်းထန်၊ အရပ်သား ထောင်နှင့်ချီ ထွက်ပြေးနေရ