စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၅၆၀၀ ကျော်ကို လွှတ်ပေးမည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် လွှတ်ပေး လိုက်သူမှာ ၎င်းတို့၏ ကြေညာချက်ပါ အရေအတွက်ထက် နည်းနေနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သုံးသပ်ထားသည်။
အကျဉ်းထောင်မှ လွှတ်ပေးလိုက်ပြီး နေ့ချင်းပြန်လည် ဖမ်းဆီးမှုများ၊ မူလစွဲဆိုထားသည့် ပုဒ်မကို ရုပ်သိမ်းလိုက်ပြီး အခြား ပုဒ်မများဖြင့် ထပ်မံတရားစွဲဆိုကာ ဆက်လက် ချုပ်နှောင်ထားခြင်းများ ရှိနေကြောင်း၊ အလားတူ ဖြစ်ရပ်များသည် နိုင်ငံအနှံ့ တွင် ဖြစ်ပွားနိုင်သည့်အတွက် ထိုကဲ့သို့ သုံးသပ်ခြင်း ဖြစ်သည်ဟုလည်း AAPP က ဆိုသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့၍ နိုင်ငံရေးနှင့် ဆက်နွယ်သော ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၁၃၁၆ ဦး၊ တရားရင်ဆိုင်နေရသူ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို လွှတ်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာပြီးနောက် အောက်တိုဘာ ၁၈ ရက်မှ စတင်၍ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးနေခြင်း ဖြစ်သည်။
သို့သော် ရက်မည်မျှကြာအတွင်း လွှတ်ပေးမည်ကိုမူ စစ်ကောင်စီက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားခြင်း မရှိပါ။
AAPP က မှတ်တမ်း ပြုနိုင်ခဲ့သည့် စာရင်းအရ အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် လွတ်မြောက်လာသူ ၁၉၁ ဦး ရှိကြောင်း၊ လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး ရရှိလာသည်များကို ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်ကြောင်း AAPP က ဆိုသည်။

သတင်း
ထိုသို့ ပြန်လွတ်လာသူများအနက် မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်မှ အောက်တိုဘာ ၁၈ ရက်တွင် ပြန်လွတ်မြောက် လာသူ ၁၁ ဦးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ပေါက်ဝတွင် ပြန်လည် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
၎င်းတို့ ၁၁ ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မိတ္ထီလာမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်၊ ဦးသက်မောင်မောင်၊ ကိုဝေဖြိုးအောင်၊ ကိုသီဟကျော်၊ ကိုနေလင်းအောင်၊ ကိုထွန်းအောင်ကျော်၊ ကိုအောင်ကျော်ထက်၊ ကိုဇော်ထက်အောင်၊ ကိုစောနန္ဒ၊ ကိုပိုင်ဇေစိုးနှင့် သာစည်မြို့နယ်မှ သပိတ်ခေါင်းဆောင် ဒေါ်လေးလေးနိုင်တို့ ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ အောက်တိုဘာ ၁၈ ရက်တွင် ပြန်လည်လွတ်မြောက်လာသော ကိုရဲမြင့်အောင်နှင့် ကိုကုလားကြီးတို့သည်လည်း ယင်းနေ့တွင်ပင် ပြန်လည် ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မည်သို့ပင်ဖြစ်စေ ယနေ့တွင် လွတ်မြောက်လာသူများအား မိမိတို့ (AAPP) အနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် ကြိုဆို လိုက်ပါသည်။ ထို့ပြင် ကျန်ရှိနေသေးသည့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ဖမ်းဆီးထား သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် မတရားညှဉ်းပန်းနှိပ်စက် ဖမ်းဆီးမှုများ ကျူးလွန်ထားသူများကို အပြစ်ပေး အရေးယူပေးနိုင်ရန်အတွက် မိမိတို့ တတ်စွမ်းသရွေ့ ဆက်လက် ကြိုးပမ်းသွားပါမည်” ဟုလည်း AAPP က ဆိုသည်။
အကျဉ်းသားများ လွှတ်ပေးမှုနှင့် ပတ်သက်၍ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ် ပိုင် မြဝတီရုပ်မြင်သံကြားမှတဆင့် အောက်တိုဘာ ၁၈ ရက်က ပြောကြားသည့် ရုပ်သံမိန့်ခွန်းတွင် ၎င်းတို့အား သီတင်း ကျွတ်ကာလ စိတ်အေးချမ်းမြေ့စွာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ရန်အတွက် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
သို့သော် လာမည့် အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် စစ်ကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်လှပ်ထားခဲ့သည့် ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဆက်တိုက်ဆိုသလို နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလာခြင်း ဖြစ်သည်ဟူသော သုံးသပ်ချက်များလည်း ရှိနေသည်။
ထိုသို့ လွှတ်ပေးရာတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်ဆိုသည့် ခံဝန်ဖြင့် စစ်ကောင်စီက ထိန်းချုပ်ထားသေးသည်။
ယခုတကြိမ် အကျဉ်းသားများ ပြန်လည်လွှတ်ပေးမှုတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပြစ်မှုများအတွက် အကျဉ်းကျ ခံနေရသော နိုင်ငံရေးအကျဉ်းသား အများအပြား ပြန်လွှတ်ပေးခြင်းဖြစ်ပြီး NLD ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင် အပါအဝင် NLD ပါတီဝင် နိုင်ငံသမားများကိုပါ ပထမဆုံးအကြိမ် ပြန်လွှတ်ပေးခြင်းလည်း ဖြစ်သည်။

ပြန်လွတ်လာသူများထဲတွင် DVB သတင်းဌာနမှ ကိုအောင်ကျော်၊ ကိုမင်းညို၊ Mizziam ပူးတွဲတည်ထောင်သူ မသင်းသင်းအောင်နှင့် အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်၊ ကချင်ပြည်နယ် အခြေစိုက် မြစ်ကြီးနားဂျာနယ် မှ မမျိုးမြတ်မြတ်ပန်၊ အားဂျယ်၊ ခရစ္စတိုဖာ၊ Kachin Wave မှ ကိုလရော်၊ 74 Media မှ မချန်ဘူနှင့် ဂျာနယ်လစ်ဟောင်း စာရေးဆရာမ မတူးတူးသာတို့ အပါအဝင် သတင်းသမား ၁၃ ဦးခန့် ပါဝင်လာခဲ့သည်။
ပြန်လွတ်မြောက်လာသည့် သတင်းထောက်တဦး က “သူတို့ (စစ်ကောင်စီ) က နိုင်ငံတကာမှာ တရားဝင် ဖြစ်တည်မှုကို လိုချင်နေတာ။ အခုချိန်မှာက နိုင်ငံတကာကရော၊ အာဆီယံ ကရော တောင်းဆိုတဲ့ အချက်တွေကို သူတို့အနေနဲ့ မလုပ်ချင်ပေမယ့် လိုက်လျောလိုက်တာလို့ မြင်တယ်” ဟု ပြောသည်။
နိုင်ငံသားအခွင့်အရေးအရ ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခဲ့ခြင်းကြောင့် အကျဉ်းထောင်တွင်း ဖမ်းဆီးထောင်ချခံ နေရသည့် လူများရှိသလို မည်သည့်အပြစ်မှ မရှိဘဲ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးအကျဉ်း ကျခံထားရသည့်သူများလည်း ရှိကာ ၎င်းတို့ ပြန်လွတ်မြောက်ရေးမှာ အရေးကြီးကြောင်း ၎င်းက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၀၀ ကျော်ကို ဖမ်းဆီးထောင်ချခဲ့ပြီး လက်ရှိအချိန်ထိ ၆၀ ဦးကျော် ပြန်လွတ်မြောက်လာကာ ၄၀ ဝန်းကျင်မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
ထို့ပြင် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရပြီး အကျဉ်းကျခံနေရသော လူသိများသည့် အနုပညာရှင်များအနက် လူရွှင်တော် ဇာဂနာ တဦးသာ အောက်တိုဘာ ၁၈ ရက်နေ့က ပြန်လွတ်မြောက်လာခဲ့ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့မှာ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ယခုချိန်အထိ ပြန်လွှတ်ပေးသည့် သူများထဲတွင် မပါဝင်သေးပေ။
လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ ဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့် ထား၍ ထွက်ပြေးတိမ်းရှောင်နေရသော လူသိများသည့် အနုပညာရှင် ၃၄ ဦးကိုလည်း စစ်ကောင်စီက အမှုပိတ်သိမ်းခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ (အောက်တိုဘာ ၁၉ ရက်) ထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ ၇၁၉၀ ဦး ရှိပြီး ၎င်းတို့အနက်မှ ၃၁၇ ဦး မှာ ထောင်ဒဏ် ချမှတ်ခြင်း ခံထားရသည်။
အဆိုပါ ပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ် ချမှတ်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၅၄ ဦးရှိကာ ၎င်းတို့အနက်မှ မျက်ကွယ်သေဒဏ် ချမှတ် ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည်။
ထို့ပြင် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာလည်း ယမန်နေ့အထိ ၁၁၈၁ ဦး ရှိခဲ့ပြီ ဖြစ်သည်။
You may also like these stories:
တောင်ကုတ် NLD ခေါင်းဆောင်နှစ်ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံရ
စစ်ဆန့်ကျင်ရေး ဆန္ဒပြ ရခိုင်ကျောင်းသား ၄ ဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရ