တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် သေဆုံးခြင်း

David Scott Mathieson
စစ်အာဏာသိမ်းအပြီး တောတွင်းစခန်းများတွင် စစ်သင်တန်းတက်နေကြသော လူငယ်များ

ကမ္ဘာ့ အရှည်ကြာဆုံးနှင့် အရှုပ်ထွေးဆုံး ပြည်တွင်းစစ်အပြင် ဘက်စုံ ပဋိပက္ခများကို မြန်မာနိုင်ငံ ရင်ဆိုင်နေရချိန် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၆ နှစ်ပြည့် အခါသမယအတွင်း အယုံအကြည်ကင်းမဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ မည်မျှကို ပြန်လည် အဖတ်ဆယ်နိုင်မည်ကို စဉ်းစားသင့်သည်။

မြန်မာနိုင်ငံမှ နောက်ဆုံးစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA ၆ နှစ်ပြည့်နှစ်ပတ်လည်တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းမှုနောက်ပိုင်း သူ၏ ထုံးစံဖြစ်သော စိတ္တဇသံဖြင့် မိန့်ခွန်းပြောကြား ကြိုဆိုသည်။

၂၀၂၂ ခုနှစ်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့မတိုင်မီ NCA လုပ်ငန်းစဉ် အကောင်အထည် ဖေါ်ရန် လုပ်ဆောင်ရမည့် ခြေလှမ်းများကို ကောက်ကြောင်း ဖေါ်ပြပြီးနောက် နိုင်ငံအတွက်အခြေခံအားဖြင့် လိုအပ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရပ်ထားရန် မဖြစ်နိုင်ကြောင်းပြောပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများသည် အမြဲမပြတ်ဆွေးနွေးညှိနှိုင်းနေမှသာ တိုးတက်မှုရမည်ဖြစ်ကြောင်းထောက်ပြသည်။ “ဒီနေရာမှာ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ လက်ရှိအစိုးရဟာ ရွေးကောက်ခံ အစိုးရမဟုတ်လို့ တွေ့ဆုံဆွေးနွေးစရာမလိုဘူး ဆိုတဲ့အယူအဆတွေ၊ ငြိမ်းချမ်းရေးကို အပြည့်အ၀ အကောင်အထည် ဖေါ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ဖို့ လိုပါတယ်”ဟုလည်း သူပြောသည်။

NCA ကို မြန်မာစစ်တပ်၊ ဦးသိန်းစိန်၏ အမည်ခံ အရပ်သားအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) ၈ ခုတို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကေအန်ယူ ဥက္ကဋ္ဌ မူတူးစေးဖော/ဧရာဝတီ

အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂ ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် ၂၀၁၂ ခုနှစ် စတင်ညှိနှိုင်းပြီးနောက် ချင်းအမျိုးသားတပ်ဦး CNF နှင့် KNU ခွဲထွက်အဖွဲ့ ၂ ဖွဲ့အပါအဝင် သေးငယ်ပြီးအရေးမပါသလောက်ပင်ဖြစ်သော အဖွဲ့ ၆ ဖွဲ့နှင့်အတူ NCA ကို လက်မှတ်ထိုးကြသည်။ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး တို့ကို ၂၀၁၅ ခုနှစ်က NCA တွင် ပါဝင်ခွင့်မပြုဘဲ ၂၀၁၈ ခုနှစ်ရောက်မှသာ လက်မှတ်ရေးထိုးခွင့်ပြုသည်။

ပြန်လည်သုံးသပ်ကြည့်သောအခါ NCA သည် ဦးသိန်းစိန်အစိုးရနှင့် အပေးအယူဖြင့် တည်ဆောက်ထားသော ကတိကဝတ်များ ဖြစ်သည်။ ယင်းကို အခြေတည်ရင်း ဦးသိန်းစိန်အစိုးရသည် နိုင်ငံတကာ ထိတွေ့ဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်ခဲ့ပြီး နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှဲရှောင်သာဘဲ ရှုံးနိမ့်သွားသည်။ NCA ပါပြဋ္ဌာန်းချက်များသည် ပြဿနာမရှိပေ။ ပြဿနာမှာ မေးခွန်းထုတ်ဖွယ်ရာ တရားဝင်မှု၊ ထူးဆန်းသော ခေါင်းဆောင်များ၊ မကြုံစဘူး များပြားလှသော အဖွဲ့များ၊ ရှုပ်ထွေးများမြှောင်လှသော ကော်မတီ၊ လုပ်ငန်းစဉ်နှင့် အစီအစဉ်များ၊ အနှစ်မပါသော သဘောတူညီချက်များဖြင့် စာချုပ်ကို အကောင်အထည်ဖော်ရခြင်းနှင့် မြန်မာနိုင်ငံမှ လွန်စွာမြန်ဆန်သည့် အခြားအပြောင်းအလဲများ ဖြစ်သည်။

NCA ကျဆုံးရခြင်းမှာ အဓိက အတားအဆီး ၃ ခုကြောင့် ဖြစ်သည်။

ပထမအချက်မှာ မြန်မာစစ်တပ်က အပြည့်အ၀ ရိုးသားမှု မရှိခြင်းဖြစ်သည်။ စစ်တပ်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တရားဝင်ဖြစ်ရေးအတွက် NCA ကို တွန့်တိုစွာ သဘောတူပြီး လက်မှတ်ထိုးခြင်းနှင့် ဖက်ဒရယ်အကြောင်းဆွေးနွေးခြင်းဖြင့် လုံလောက်စွာ အလျှော့ပေးပြီးဖြစ်သည်ဟု ယူဆနေသည်။ သို့သော် စစ်တပ်သည် နှစ်ခွသေနင်္ဂဗျူဟာကို ချမှတ်ကာ EAOs များနှင့်ဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လှုပ်ရှားမှုများ အဆက်မပြတ်လုပ်သော်လည်း ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်များမှ ၎င်းတို့၏အပြုအမူများကို ပြောင်းလဲခြင်းမရှိသလောက်ပင်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်သည်။

၂၀၁၈ မွန်နှင့် လားဟူတို့ NCA လက်မှတ်ရေးထိုးပွဲ/ ဧရာဝတီ

မြန်မာစစ်တပ်၏ တယူသန်မှုကို အပစ်အခတ်ရပ်စဲမှုလေ့လာစောင့်ကြည့်ရေး ပူးတွဲကော်မတီ (JMC) ထက် ပိုမိုကောင်းမွန်စွာ ပြသနိုင်သောအရာ မရှိနိုင်ပေ။ ထိုကော်မတီသည် နိုင်ငံတကာ ရန်ပုံငွေ ဒေါ်လာ ၁၀ သန်း၊ တရုတ်နှင့် အိန္ဒိယတို့မှ လှူဒါန်းမှုအများအပြားကိုသုံးပြီး အစည်းအဝေးများစွာ ကျင်းပသော်လည်း ပြစရာ ငြိမ်းချမ်းရေးမရရှိပေ။ ထိုလုပ်ရပ်များသည် မရိုးသားသော လုပ်ဆောင်မှုများသာဖြစ်ပြီး ပြဿနာ ဖြေရှင်းနိုင်ခြင်း မရှိကြောင်း JMC အစည်းအဝေးများကို တက်ခဲ့သည့် အဆင့်မြင့် EAO အရာရှိတဦးပြောသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ်ိုင်၏နည်းလမ်းမှာ NCA တတိယမြောက် နှစ်ပတ်လည်က လုပ်သည့်အတိုင်း အနိုင်ကျင့်ရန်၊ ချိုးနှိမ်ရန်၊ စကားကြီးစကားကျယ်ပြောရန်နှင့် စော်ကားရန်သာ ဖြစ်သည်။ ထိုစဉ်က သူသည် RCSS ခေါင်းဆောင်နှင့် ကချင်ပြည်သူများကို စော်ကားပြီး မကြာမီ ထာဝရငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်းကြေညာသည်။ သို့သော် မြန်မာနိုင်ငံတဝှမ်းတွင် တိုက်ပွဲများ ပိုမိုမြင့်တက်လာခဲ့သည်။

ဒုတိယအချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသည် နိုင်ငံငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေးအဖြစ် မသတ်မှတ်ခြင်းဖြစ်သည်။ လက်တွေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှစ်မျိုးစဉ်းစားသည်။ ပထမ တမျိုးမှာ စစ်တပ်နှင့် တစုံတရာနားလည်မှု ရရန် ကြိုးစားခြင်းဖြစ်သည်။ ထိုသို့ စဉ်းစားခြင်းသည် မြန်မာ ဗုဒ္ဓဘာသာ အထက်လွှာအတွက် သဘောတူစရာ ဖြစ်သော်လည်း ဆိုးရွားသည့် ခွဲခြားဆက်ဆံမှုနှင့် နိုင်ငံတော်အကြမ်းဖက်မှုကို နှစ်ပေါင်း ၇၀ ကြာ ခံစားရပြီး စီးပွားရေးအရ လုယက်မှု၊ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းကို ခံနေရသော တိုင်းရင်းသားများက လက်မခံနိုင်ပေ။ ဒုတိယ အချက်မှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ အရှိန်အဝါကို အသုံးချပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၂၁ ရာစုပင်လုံအဖြစ် တံဆိပ်သစ်ကပ်ခြင်းဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် နိုင်ငံရေးအရ မရိုးသားမှုနှင့် တိုင်းရင်းသားများ၏ မျှော်မှန်းချက်များအား မထေမဲ့မြင်ပြုမှုကို မဖုံးကွယ် နိုင်သည့် သင်္ကေတဖြစ်သည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနောက်ပိုင်း NLD အစိုးရ သက်တမ်းအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသက်ကယ်စက် တတ်ထားရပြီး တိုးတက်မှု ရှိသယောင်လုပ်ထားရသည်။ ထိုလူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် နိုင်ငံတကာအသိုင်းအဝိုင်းသည် ကြံရာပါဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် ဆိုးရွားလှသော ရာဇဝတ်မှုများကို ဂရုမစိုက်ကြောင်း ထင်ရှားသည်။ ထို့အပြင် သူသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတို့ရှိ ပဋိပက္ခဇုန်များမှ အရပ်သားများကိုလည်း စာနာခြင်း မရှိပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်ရေးကဲ့သို့သော အနောက်နိုင်ငံအလှူရှင်များ ထောက်ခံသည့် ကောင်းမွန်သော သဘောထားများမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရှုံးပေးလိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသမီးများအပေါ် မုန်းတီးမှုသည် ဗိုလ်ချုပ်များနှင့် အလားတူနေပြီး အနောက်တိုင်း အလှူရှင်များ လိုလားသည့် လူ့အခွင့်အရေး၊ တာဝန်ခံမှု တာဝန်ယူမှုနှင့် စစ်မှန်သော တရားဥပဒေစိုးမိုးမှုတို့ကို အများအားဖြင့် လျစ်လျူရှုထားသည်။

NCA လက်မှတ်ရေးထိုးပွဲက သမ္မတဦးသိန်းစိန်

တတိယအတားအဆီးမှာ NCA လက်မှတ်ရေးထိုးသောအဖွဲ့များအကြား အကွဲအပြဲများနှင့် လက်မှတ်မထိုးသော အဖွဲ့များကို ဖယ်ထုတ်ထားခြင်းဖြစ်သည်။ NCA သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန်ခြင်းမရှိကြောင်း ပြောဆိုရခြင်းမှာ အပ်ကြောင်းထပ်နေသော စကားဖြစ်သည်။ ရှမ်းပြည်နယ်။ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ရခိုင်နှင့် ချင်းပြည်နယ်များတွင် NCA ၃ နှစ်ပြည့်နှစ်ပတ်လည်မှ စတင်ပြီး တိုက်ပွဲများ ပိုမိုများပြားလာသောကြောင့် အမှန်တကယ် အပစ်အခတ်ရပ်စဲခြင်းလည်း မရှိပေ။ သေးငယ်ပြီး လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိသလောက်ဖြစ်နေသော ရခိုင်လွတ်မြောက်ရေးပါတီ ALP သည် NCA တွင် ပါဝင်သော်လည်း ရက္ခိုင့်တပ်တော် AA သည် ပါဝင်ခြင်းမရှိသည်မှာ ဆီလျှော်ခြင်း မရှိပေ ။ ရက္ခိုင့်တပ်တော်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် စစ်အုပ်စုကိုအသေအပျောက် အများဆုံးဖြစ်အောင် လုပ်နိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်လာသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုက NCA ကို လက်မှတ်ထိုးရန် ငြင်းဆန်ကြပြီး ထိုစာချုပ်နှင့်အပြိုင် နှစ်ဘက်သီးခြားအစီအစဉ်များကို လိုလားကြသည်။ NCA ကို သဘောတူခြင်းသည် ကြိုတင်လိုအပ်သော စည်းကမ်းသတ်မှတ်ချက်ဖြစ်ကြောင်း၊ NCA သည် နိုင်ငံရေး ဆွေးနွေးပွဲသို့ ဦးတည်နိုင်သည့် တံခါးပေါက်ဖြစ်ကြောင်း အစိုးရ၏ ညှိနှိုင်းသူများက ပြောကြားလိုက်သောအခါ EAO များက ဆက်လက်တိုက်ခိုက်ရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် NLD နှင့် စစ်တပ်သည် ရောဂါထိန်းချုပ်ရေးတွင် EAOs များနှင့် ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု အကောင်းမြင် အမြင်များ ထွက်ပေါ်လာခဲ့သော်လည်း ထိုသို့ဖြစ်ခြင်း မရှိခဲ့ပေ။ လက်တွေ့တွင် စစ်တပ်သည် EAOs များ၏ ကိုဗစ်နိုင်တင်း စစ်ဆေးရေးစခန်းများကိုပင် ဖျက်ဆီးပစ်လိုက်သေးသည်။

စစ်အာဏာသိမ်းမှုကြောင့် အားလုံးမဟုတ်သော်လည်း များပြားလှသော EAOs များသည် စစ်တပ်၏ ခေါင်းမာခြင်းကို ပိုမိုရှင်းလင်းစွာ နားလည်လာကြသည်။ စစ်အာဏာသိမ်းခြင်းသည် NCA ၏ မူများအားလုံးနှင့် အကောင်အထည်ဖေါ်ခြင်းကို ချိုးဖေါက်ကြောင်း KNU က အောက်တိုလာလ ၁၅ ရက်နေ့က ကြေညာချက်တွင် ဖေါ်ပြလိုက်ပြီး ရန်လိုမှုများ ရပ်ဆိုင်းရေး၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ အဆုံးသတ်ရေးနှင့် လူသားချင်း စာနာမှုအကူအညီများပေးရေး စသည်တို့အပါအဝင် အကျပ်အတည်းပြေလည်ရေး အချက် ၆ ချက်ကို တောင်းဆိုလိုက်သည်။ အခြေအနေသည် လွန်စွာဆိုးရွားလာသောကြောင့် NCA နှင့် ငြ်ိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည် ဖေါ်ရန် မဖြစ်နိုင်တော့ကြောင်း RCSS ကပြောသည်။ တနည်းအားဖြင့်ဆိုရပါက NCA လက်မှတ်ထိုးသည့် အရေးပါသော EAOs ၂ ဖွဲ့က NCA သည် တစုံတရာ ဆိုင်းငံ့ထားသည့်အသွင်အဖြစ် ယူဆပြီး ထိုစာချုပ်ကျဆုံးခြင်းကို ကြေညာရန် စိတ်အားထက်သန်မှု ရှိပုံမရပေ။

မြောက်ပိုင်းအဖွဲ့များက NCA လက်မှတ်မထိုးပါ

လွန်စွာကွဲပြားနေသည့် NCA လက်မှတ်ရေးထိုးသောအဖွဲ့များ စုဆုံရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်ကော်မတီ (PPST)က ယခုနှစ် ဧပြီလတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်) ထူထောင်ခြင်းကို အပြည့်အ၀ ထောက်ခံကြသည်။ သို့သော် မကြာမီ အကွဲကွဲအပြားပြားဖြစ်နေသော PPST က NCA ကို ကြားဝင်ဆွေးနွေးရေးအတွက် ကိရိယာအဖြစ်သုံးနိုင်ကြောင်းအကြံပြုပြီး ထိုအကြံကို ထောက်ခံရန် နိုင်ငံတကာမှ ဝင်ရောက်လက်မှတ်ရေးထိုးသူများနှင့် အသိသက်သေများထံ ပုဂ္ဂလိက စာများရေးသားပေးပို့ကြသည်။ NCA ကို ဆန့်ကျင်သည့် KNU အတွင်းမှ အုပ်စုကွဲက ထိုသို့လုပ်ခြင်းသည် အာရုံလွှဲရာရောက်သည်ဟု မြင်ပြီး ပိုမိုပျော့ပျောင်းသော အုပ်စုများကမူ NCA သည် ရှင်သန်နေသေးသည်ဟု ထင်ယောင်ထင်မှားဖြစ်နေကြသည်။ NCA ၆ နှစ်ပြည့်အခမ်းအနားတွင် PPST ကကြေညာချက်တစောင် ထုတ်ပြန်ပြီး ၎င်းတို့သည် NCA ၏ အနှစ်သာရကို ဆက်လက်ကိုင်စွဲကြောင်းနှင့် လက်ရှိအကျပ်အတည်းများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် နိုင်ငံရေးရပ်တည်ချက်ကို ဆက်လက် ကတိကဝတ်ပြုကြသည်။ PPST ၏ ရိုးသားတည်ကြည်မှုကို မလျှော့ချပါက လက်ရှိအခြေအနေနှင့် PPST ၏ မကိုက်ညီမှုကို မေးခွန်းထုတ်စရာ မလိုပေ။

NCA သေဆုံးပြီလော အမည်ရှိ အစီရင်ခံစာတိုတစောင်ကို ယူရိုဘားမားရုံးက မကြာသေးမီက ထုတ်ပြန်ပြီး ထိုအစီရင်ခံစာတွင် NCA သည် သေဆုံးကောင်းသေဆုံးသွားနိုင်သော်လည်း တစုံတရာပြန်လည် အသက်သွင်း နိုင်သေးကြောင်းဖေါ်ပြသည်။ ထိုးထွင်းသိမြင်မှုနှင့် အကြောင်းပြချက်များဖြင့် ဆွေးနွေးရပါက ထိုသုံးသပ်မှုသည် မြန်မာန်ိုင်ငံ၏ လက်ရှိပကတိအခြေအနေများနှင့် လုံးဝကိုက်ညီခြင်းမရှိပေ။ ဖေဖေါ်ဝါရီလနောက်ပိုင်း ပဋိပက္ခတွင် ပါဝင်သူများသည် စစ်မှန်သော တိုးတက်မှုမျှ မရဘဲ မြန်မာစစ်တပ်နှင့် နှစ်ပေါင်းများစွာ ဆွေးနွေးနေသော အဖိုးကြီးများ၏ စကားကို မည်သည့်အတွက် နားထောင်ရမည်နည်း။

ထိုသို့ဆိုခြင်းကြောင့် ပုံကြီးချဲ့မထားသည် EAOs အစစ်များ ပါဝင်ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍ မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ ၎င်းတို့ပါဝင်ရန် အခန်းကဏ္ဍရှိသည်မှာ သေချာသော်လည်း NCA သည် ထိုကိစ္စအတွက် ကိရိယာတခု မဟုတ်တော့ပေ။ အကျပ်အတည်းမှာ တုံးအသော သို့မဟုတ် လုံးဝနားမလည်သော ဆုံးဖြတ်ချက်ချသူများက NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများကို အသုံးချခြင်းအပါအဝင် ၎င်းတို့ အလုပ်ဖြစ်မည် ထင်သည့်အရာအတွက် ငွေကို ပုံအောခြင်းဖြစ်သည်။ နေပြည်တော်သို့ တရွေ့ရွေ့သွားနေသည့် နိုင်ငံတကာ ပညာရှင် ဟန်ဆောင်သူများ၏ ယာဉ်တန်းများ အဆုံးသတ်သွားသော်လည်း ညံ့ဖျင်းလှသော အတွေးအခေါ်များကမူ မသေဆုံးနိုင်ကြပေ။

၂၀၁၆ ပထမအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ/ဧရာဝတီ

ယခုအခါ NCA ကျဆုံးရခြင်းအတွက် ဝန်မခံရသေးသော စတုတ္ထအကြောင်းရင်းလည်း ရှိလာသည်။ ယင်းမှာ အနောက်တိုင်းအလှူရှင်များ၏ နိုင်ငံရေးနှင့် ဘာဏ္ဍာရေး ကျားကန်ပေးမှုဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် NCA သည် အလုပ်မဖြစ်ဆိုသည့် ကြမ်းတမ်းသော ပကတိအရှိတရားကို ရင်ဆိုင်ရဲရမည်ဖြစ်သည်။ စစ်အာဏာမသိမ်းမီ နှစ်အတန်ကြာကပင် NCA ၏ အဓိက လက္ခဏာများသည် အားနည်းနေပြီးဖြစ်သည်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး NCA သည် မျောသွားခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် NCA သည် အေးစက်တောင့်တင်းလာသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စတင်ပုပ်သွားသည်။ သေဆုံးရခြင်းအကြောင်းရင်းမှာ စစ်အာဏာသ်ိမ်းမှုကြောင့်ဖြစ်သော်လည်း နောက်ခံရောဂါများကိုလည်း အထင်အရှားတွေ့နေရသည်။

NCA လိမ်လည်မှုတွင် အနောက်တိုင်းအလှူရှင်များသည် ကြံရာပါများဖြစ်သည်။ အနောက်တိုင်း ရန်ပုံငွေ သန်း ဆယ်ပေါင်းများစွာ သုံးပြီး စုစည်းထားသည့် အလှူရှင် ၁၁ ဦးပါသော ပူးတွဲငြိမ်းချမ်းရေး ရန်ပုံငွေ (JPF) နှင့် အခြားရန်ပုံငွေများ၊ နှစ်နိုင်ငံကြား ရန်ပုံငွေ ထောက်ပံ့မှုများသည် တရားဝင် လုပ်ငန်းစဉ်အတွက် ၎င်းတို့၏ ထောက်ခံမှုကို ပြသစရာ ရလဒ် မရှိသလောက်ပင်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရိုးသားစွာ အကဲဖြတ်ခြင်းနှင့် ပတ်သက်သည့် အနောက်န်ိုင်ငံ အလှူရှင်များ၏ လှည့်စားမှုကို ကျိုးကြောင်းဆီလျှော်မှု မရှိသည့် အပြုအမူနှစ်မျိုးဖြင့် ဖေါ်ပြနိုင်သည်။ ၎င်းတို့မှာ ရာဇဝတ်မှု မြောက်သော လျစ်လျူရှုခြင်းမျိုး သို့မဟုတ် ဖုံးကွယ်မှုမျိုးဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်။ ထိုသို့ပြောလျှင် လွန်စွာပြင်းထန်သည့် ပြောဆိုချက် သဘောရောက်နေသည်။ သို့သော် ကျဆုံးသွားသော NCA ၏ ဝန်ခံခြင်းမရှိသည့် နောက်ထပ်လက္ခဏာတခုမှာ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခတွင် အရပ်သားများ သတ်ဖြတ်ခံနေရခြင်းနှင့် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရခြင်းဖြစ်ပြီး အလှူရှင် အများအပြားက ထိုအချက်ကို အလေးမထားခြင်းဖြစ်သည်။ ၎င်းတို့သည် ထိတွေ့ဆက်ဆံရေးအကျိုးအတွက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖေါက်မှုများကို တာဝန်ခံခိုင်းရန် ပျက်ကွက်ကြပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအတွက် စ်ိတ်ပိုင်းဖြတ်မှု မရှိစေကာမူ NLD ကို ၎င်းတို့အကျိုးအတွက် ဆက်လက်ထောက်ခံကြသည်။

ငွေစီးဆင်းမှု ဆက်လက်ဖြစ်ပေါ်နေရေးအတွက် အလှူရှင်များသို့ မရိုးသားသော အစီရင်ခံစာများနှင့် ခွဲခြမ်းစိတ်ဖြာမှုများပေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံများသာမက ကြံရာပါ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းအများအပြားလည်း ပါဝင်နေသည်။ အခြားလမ်းကြောင်းတခုကို ထောက်ခံရန် ငြင်းဆန်ကြသည့် အနောက်တိုင်းအလှူရှင်များသည် ထိုသို့သော ဟန်ဆောင်အလိမ်အညာများကို ငွေကြေး ထောက်ပံ့ကြသည်။ ဗျူရိုကရေစီ တရားသေဆန်ခြင်း၊ ဂုဏ်မောက်ခြင်းနှင့် မှားယွင်းသော အကောင်းမြင်မှုများသည် ကျင့်ဝတ်အရ သူရဲဘောကြောင်မှုများ၏ ရောဂါလက္ခဏာများပင်ဖြစ်သည်။ အကူအညီများနှင့် ပတ်သက်သည့် တာဝန်ယူမှု တာဝန်ခံမှုအပေါ် အနောက်တိုင်းအလှူရှင်များ၏ တောင်းဆိုမှုကို ဂရုမစိုက်ဘဲ JPF ကဲ့သို့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူ အများအပြား၏ လှည့်စားမှုများနှင့် ဘာတခုမျှ ဖြစ်လာမည်မဟုတ်ပေ။

အနောက်တိုင်းသည် မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမိုအဓိပ္ပါယ် ပြည့်၀သောနည်းလမ်းဖြင့် မည်သို့ ပံ့ပိုး နိုင်သနည်း။ နည်းလမ်းတခုမှာ “မဟာလူဖြူ” ပဋိပက္ခဖြေရှင်းရေးသဘောတရားကို ရှောင်ရှားရန်ဖြစ်သည်။ ထိုသဘောတရားသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သေလုမျောပါးဖြစ်စေသည့် သဘောတရားဖြစ်သည်။ တောင်အာဖရိကမှဖြစ်စေ၊ ဆွစ်ဇာလန်မှဖြစ်စေ၊ စကင်ဒီနေးဗီးယားမှဖြစ်စေ မည်သည့် ဘဝင်မြင့်နေသည့် ပညာတတ် ဟန်ဆောင်သူကမဆို မြန်မာ့အရေးတွင် စိတ်ဝင်စားသည်ဆိုပါက ထိုသူများကို မောင်းထုတ်ပါ။ အလုပ်ရုံဆွေးနွေးပွဲများ၊ ရှင်းလင်းပွဲများနှင့် လေ့လာရေး ခရီးစဉ်များတွင် ရောက်ရောက်လာသော ၎င်းတို့အယူအဆ မှန်ကန်ကြောင်း ရှင်းပြတတ်သည့် တုံးအသူများကြောင့် မြန်မာပြည်သူများမှာ စိတ်ရှုပ်ထွေးနေကြပြီး ထိုကျွမ်းကျင်သူများကို နှစ်လိုဖွယ်ဖြစ်အောင် သူတို့ မလုပ်နိုင်၍ မဟုတ်ပေ။ ၎င်းတို့ ရွှေဉာဏ်တော်မှ အသွင်ပြောင်းလဲဖြစ်ပေါ်လာသော ကြားဝင်ဆောင်ရွက်မှုကို ချီးမြှောက်တတ်သော ထိုပေါက်ကရ ပညာရှင်များအား အနောက်တိုင်းအလှူရှင်များက ငွေကြေးပေးနေခဲ့ခြင်း၊ ရွှေထီးဆောင်းရသောနေ့များကို ကြည်နူးပြီး နိုင်ငံရေးနှင့် စီးပွားရေးအရင်းအနှီးကို ရိတ်သိမ်းကာ ငြိမ်းချမ်းရေးကို ၎င်းတို့ အကျိုးစီးပွားအတွက် အသုံးပြုလိုခြင်းကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်သည်။

ရှမ်း ပန်းချီဆရာ ဆဝန်ဝေါင်ဆီ ညောင်ရွှေ၏ Peace Industrial Complex 1 (2014) ပန်းချီကား

ဂျိုနသန် ပါဝဲလ်နှင့် သူ၏ Inter Mediate အဖွဲ့အကြောင်းက ထိုအချက်ကို တစိတ်တပိုင်းအားဖြင့် ရှင်းပြသည်။ ပါဝဲလ်သည် စေ့စပ်ညှိနှိုင်းရေးမှူး၊ ယခင်ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၏ အရာရှိချုပ် နှင့် အကြမ်းဖက်သမားများနှင့် စကားပြောခြင်း စာအုပ်ကို ရေးသားသူဖြစ်သည်။ (NCA လက်မှတ်မရေးထိုးမီတရက်အလိုတွင် လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့စာရင်းမှ ပယ်ဖျက်ပေးသည်။ ထို အဖွဲ့အစည်း အများစုတို့သည် ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အစည်း စာရင်းသွင်းထားသည် ကိုပင် မသိကြပေ။) ပါဝဲလ်နှင့် သူ၏အဖွဲ့သည် နေပြည်တော်တွင် လျှို့ဝှက်နေထိုင်ပြီး နှစ်ပေါင်းများစွာနှင့် ပေါင် ၇ သန်း သုံးစွဲသော်လည်း EAOs ခေါင်းဆောင်များနှင့် လျှို့ဝှက်သဘောတူမှုများ သို့မဟုတ် သူ၏ ခမ်းနားသော လေ့လာရေး ခရီးများနှင့်ပတ်သက်ပြီး မယ်မယ်ရရ ပြသစရာ မရှိပေ။ စက်ဆုတ်စရာ စစ်ရာဇဝတ်ကောင် တိုနီဘလဲသည် နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပေါင်းသင်းရသည်မှာ အဆင်ပြေသည်ဟု ခံစားကောင်းခံစားမိမည်။ သူသည် အရှေ့အလယ်ပိုင်းမှ အာဏာရှင်များနှင့် ဆက်ဆံခဲ့ပြီးနောက် နေပြည်တော်သို့ သွားရောက်ခြင်းဖြစ်သည်။ ပါဝဲလ်သည် စေ့စပ်ညှိနှိုင်းမှုများတွင် အဆင်ပြေချောမွေ့အောင် မလုပ်ဘဲ ဖျက်မြင်း ဖြစ်နေသောကြောင့် သူ့ကို မုန်းကြကြောင်း၊ ၎င်းတို့အတွက် အသုံးမဝင်သလောက်ပင် ဖြစ်ကြောင်း EAO အဆင့်မြင့်ခေါင်းဆောင်တဦးက စာရေးသူကို ၂၀၂၀ ခုနှစ်တွင် ပြောဖူးသည်။ (ထို EAO သည် NCA ကို လက်မှတ်မထိုးဘဲ ပါဝဲလ် ရောက်လာပြီးနောက် မည်သည့် ငြိမ်းချမ်းရေးမျှလည်း မရပေ။ ငြိမ်းချမ်းရေးသည် အောင်မြင်မှုကို တိုင်းတာရန် လိုအပ်သည့် ခိုင်မာသော အတိုင်းအတာဖြစ်သည်။)

Center for Humanitarian Dialogue အဖွဲ့နှင့်ပတ်သက်ပြီးလည်း အလားတူသော ခံစားမှုများ ရှိကြသည်။ ထိုအဖွဲ့သည် ကြားဝင်စေ့စပ်ခြင်း မလုပ်ဘဲ ကြားဝင်စွက်ဖက်ကာ ၎င်းတို့၏ အလုပ်ရုံဆွေးနွေးပွဲများအတွက် အဆင့်မြင့်အရာရှိများနှင့် အဆက်အသွယ်ရစေရန် စစ်တပ်ကို ချီးကျူးချော့မော့နေသည်။ အနောက်နိုင်ငံများမှ ငွေကြေးရက်ရက်ရောရောထောက်ပံ့ထားသည့် မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးဌာန (MIPS) သည်လည်း ၎င်းတို့၏ စစ်တပ်လိုလားသော ပညာသားပါသည့် တင်ပြမှုများကြောင့် သံသယဖြင့် ရှုမြင်ကြသည်။ အာဏာသ်ိမ်းပြီးနောက် မကြာမီ MIPS မှ အဆင့်မြင့်ခေါင်းဆောင်တဦးသည် စစ်ကောင်စီနှင့် ပူးပေါင်းလိုက်သည် ဆိုသည့်အချက်ကို မတော်တဆ တိုက်ဆိုင်မှုဟု မယူဆနိုင်ပေ။ နိုင်ငံတကာ အသိုက်အဝန်းသည် ငြိမ်းချမ်းရေးကို ချဉ်းကပ်ရာတွင် နိုင်ငံတော်လိုလားသည့် သိသာသော ဘက်လိုက်မှုရှိပြီး အဆင့်မြင့် စစ်ခေါင်းဆောင်မှုဘက်သို့ လိုက်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အနောက်တိုင်းအလှူရှင်များ၊ JPF ၏ ငွေတွင်းကို ဖြည့်ဆည်း ပေးသူများနှင့် စဉ်းစားတွေးခေါ်မှု ချို့တဲ့သည့် မအောင်မြင်သော ပူးတွဲလုပ်ငန်းအများအပြားသည် အနာဂတ်ငြိမ်းချမ်းရေးပံ့ပိုးခြင်း မလုပ်မီ ၎င်းတို့၏အားထုတ်မှုများကို အချိန်ယူ လေ့လာသင့်သည်။ ပထမဆုံး ယူရမည့် သင်ခန်းစာမှာ ၂၀၁၈ ခုနှစ်အောက်တိုဘာ နောက်ပိုင်းတွင် အထင်အရှားတွေ့ရသည့်အတိုင်း ရပ်ဆိုင်းနေသော သို့မဟုတ် ဗဟိုအစိုးရဘက်သို့ အထင်အရှားလိုက်သည့် လမ်းကြောင်းတွင်ရှိသည့် မည်သည့် လုပ်ငန်းစဉ်ကိုမဆို ထောက်ပံ့မှုများကို အရှိန်လျှော့ သို့မဟုတ် ဆိုင်းငံ့ထားရေးပင်ဖြစ်သည်။

ဒုတိယအချက်မှာ အားလုံးပါဝင်ရေးသည့် စကားဖြင့်မဟုတ်ဘဲ လက်တွေ့ဖြစ်ရမည်။ ပဋိပက္ခဒဏ် ကိုယ်တွေ့ခံရသူများကို ဖယ်ထုတ်ထားခြင်းသည် ထိုပဋိပက္ခကို ပိုမိုဆိုးရွားစေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခု၏ ကျန်းမာရေးကို တိုင်းတာရန် အကောင်းဆုံးနည်းလမ်းမှာ သေနတ်ကိုင်ထားသူများ ကြီးစိုးသော ပတ်ဝန်းကျင်မှ အမှန်တကယ် ခံစားနေရသူများကို မေးမြန်းရေးဖြစ်ပြီး ဇိမ်ခံဟိုတယ်ခန်းမများမှ လေလုံးထွားနေသူများကို မေးရန် မဟုတ်ပေ။ ရုံးထိုင်များသော အရာရှိများသည် အကြမ်းဖက်သည်ဟု သူတို့ထင်နေသော သူပုန်များနှင့် ၎င်းတို့ကို ယဉ်ကျေးအောင်လုပ်ရေးဆိုသည့် စိတ်ကူးဖြင့် ယစ်မူးတတ်ကြပြီး ၎င်းတို့နှင့် ထိတွေ့ဆက်ဆံသူအများစုသည် အရေးမပါသူများဖြစ်သည်ဆိုသည့်အချက်ကို ဝန်ခံခြင်းမရှိပေ။

တတိယအချက်မှာ အနောက်တိုင်း ဖွံဖြိုးတိုးတက်ရေးအရာရှိများသည် အခြားသူများ၏ ဒုက္ခများကို နှိမ့်ချမှု၊ စာနာမှုနှင့် စစ်မှန်သော ကူညီလိုစိတ်ဖြင့် မချဉ်းကပ်ကြခြင်းဖြစ်သည်။ နားထောင်ပါ၊ လေ့လာပါ၊ အပေါ်စီးမှ မဆက်ဆံပါနှင့်။ ပြဿနာကို ငွေပုံပေးခြင်းဖြင့် ဖြေရှင်းန်ိုင်မည်ဟု မယုံကြည်ပါနှင့်။ ပဋိပက္ခ၏ သဘောသဘာဝကို နားလည်ရန် အချိန်ယူရပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်စဉ်းစားခြင်းသည် အရာမရောက်ပေ။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်စားသူ အများအပြားသည် လုပ်ငန်းအဆင့်အဆင့်ဆိုင်ရာ ပြဿနာနှင့် ငြိမ်းချမ်းရေးတည်ဆောက်ပုံတို့ကို လူနားမလည်သည့် ပေါက်ကရများဖြင့် ပြောကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် မြန်မာနိုင်ငံအကြောင်း ဘာမျှ မသိသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းတို့အနက် အများအပြားက ရှမ်း ပန်းချီဆရာ ဆဝန်ဝေါင်ဆီ ညောင်ရွှေ၏ Peace Industrial Complex 1 (2014) ပန်းချီကားသည် အရာရာကို ရှင်းပြနေသည့် လျှို့ဝှက်သင်္ကေတများဟု ထင်နေကြခြင်းဖြစ်သည်။

NCA ၆နှစ်ပြည့်မတိုင်မီ ၂ ရက်အလိုတွင် နေပြည်တော်မှ ခမ်းနားထည်ဝါသော Kempinski ကမ်ပင်စကီး ဟော်တယ် ပိတ်သိမ်းလိုက်ခြင်းသည် ပရမ်းပတာ တိုက်ဆိုင်မှုဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် စည်းကမ်းပြည့်၀သော ဒီမိုကရေစီနှင့် ပတ်သက်သည့် အနောက်တိုင်း၏ စမ်းသပ်မှုအများစုကို ထိုဟိုတယ်မှတဆင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုဟိုတယ်၏ ဧည့်သည်တော်အများအပြားသည် ပြည်ပနိုင်ငံများတွင် ကြွယ်ဝချမ်းသာမှု အများအပြား ရရှိသွားပြီး မြန်မာနိုင်ငံသည် အမျိုးမျိုးသော ပြည်တွင်းစစ်များအတွင်း ဆက်လက်ကျဆင်းနေသည်။ မလွှဲရှောင်သာသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် ပြန်လည်စတင်သောအခါ လုံးဝတင်းကျပ်စွာ ရှောင်ရှားရမည့်အရာမှာ ပြည်ပမှ သိုက်တူးသမားများနှင့် ၎င်းတို့ရွံရှာသည့် ပကတိ အရှိတရားများကို လျစ်လျူရှုသည့် ၎င်းတို့ အမြတ်တနိုးထားသော ကျွမ်းကျင်မှုများသာဖြစ်သည်။

(ဒေးဗစ်စကော့ မက်သီဆန်သည် မြန်မာ့ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့် လူ့အခွင့်အရေး ပြဿနာများကို အထူးပြုသည် လွတ်လပ်သော သုတေသီဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Nationwide Ceasefire Agreement is Dead ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်ကောင်စီ NCA ၆ နှစ်ပြည့်ပွဲ CNF နှင့် KNU မတက်

ကိုဗစ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတဲ့ ကရင်နီစစ်ရှောင်များ

တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ အကြမ်းဖက်မှုများကို ပံ့ပိုးနေဟု စစ်ကောင်စီ မီဒီယာစွပ်စွဲ

ကလေးငယ် ၇၆၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ တောထဲတွင် ဖွားမြင်နေရ

Loading