တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော့ရှန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံသွားရန် ရှိကြောင်း တရုတ် – မြန်မာအရေး လေ့လာစောင့်ကြည့်နေသည့် သတင်းရင်းမြစ်များက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
မစ္စတာ ဆွန်းကော့ရှန်၏ ယခု ခရီးစဉ်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ် ၂၁ မှ ၂၈ ရက်အထိ လာရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုအကြိမ် လာရောက်စဉ်က ဖမ်းဆီး ထိန်းသိမ်းထားခံနေရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီဘက်က ခွင့်မပြုသဖြင့် တွေ့ဆုံခွင့် မရခဲ့ပေ။
ယခု ဒုတိယအကြိမ် ခရီးစဉ်အတွင်း မည်သည့် ကိစ္စဖြင့် လာရောက်နေသည်ကို အသေးစိတ် မသိရှိရသေးသော်လည်း လတ်တလော ဖြစ်ပွားနေသော မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိစ္စနှင့် ပတ်သက်၍ ပါဝင်ပတ်သက်နေသူများကြား တွေ့ ဆုံညှိနှိုင်းရေးနှင့် အာဆီယံက တောင်းဆိုထားသည့် အချက် ၅ ချက်ကို အမြန်ဆုံးဆောင်ရွက်ရန် ထပ်မံ တိုက်တွန်းနိုင်ခြေ ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ပြောသည်။
၎င်းက “အခု ဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးတာအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်တွေ့ခွင့်ရဖို့ ထပ်ပြီး ကြိုးစားနိုင်ခြေ ရှိတယ်” ဟု ဆိုသည်။
ထိုသို့ တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် ဆွန်းကော့ရှန် ရောက်ရှိနေသလို ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။

မစ္စတာ ဆာဆာကာဝါ သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယနေ့ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စ အချို့နှင့် ဂျပန်နိုင်ငံက ကူညီနေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းသိရသည်။
မစ္စတာ ဆာဆာကာဝါသည် ပြီးခဲ့သည့်နှစ်က ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခါနီးအချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ရခိုင်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာစစ်တပ် နှင့် AA ကြား ၂ နှစ်ကျော် ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်သွားစေရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သလို ရခိုင်ပြည်နယ် ရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပရန်အတွက်လည်း တိုက်တွန်း ပြောဆိုပေးခဲ့သူ ဖြစ်သည်။
လက်ရှိ အခြေအနေအရ မစ္စတာ ဆာဆာကာဝါ၏ ခရီးစဉ်အတွင်း ရခိုင်အမျိုးသားပါတီ (ANP) နှင့် တွေ့ဆုံရန်အတွက် ဖိတ်ကြား ပြောကြားလာခြင်း တစုံတရာ မရရှိသေးကြာင်း ANP ပါတီ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ဧရာဝတီသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီး ၇၅ နှစ် အတွင်းမှာ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှု အခြေအနေတွေက မြန်မာနိုင်ငံ တခုတည်းတင် မကဘဲနဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်လည်း ရိုက်ခတ်တယ်၊ အခက်အခဲတွေ ရှိမယ်။ အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ၊ နောက်တခုက နယ်စပ်ဒေသအတွက်ပါ ပါတယ်ပေါ့။ ဒီပုဂ္ဂိုလ် နှစ်ယောက်စလုံးက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေ ရှင်း ဆောင်ရွက်ပေးစေလိုတဲ့ စိတ်ဆန္ဒရှိမယ်လို့ ကျနော်တို့ ခန့်မှန်းနိုင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ခရီးစဉ် ယနေ့တွင် နေပြည်တော်၌ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေး အခြေအနေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်အပြင် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန် ထားသည်။
You may also like these stories:
မြန်မာ့စစ်လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်
မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်
ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်