နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တဦးဖြစ်သူ ဒုရဲအုပ်ချယ်ရီထက်အား ယနေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်ကြောင်း ရှေ့နေဖြစ်သူက ပြောသည်။
၎င်းက “အယူခံ ဆက်ပြီးတက်မတက်ကတော့ မသိရသေးဘူး။ အခု ပြစ်ဒဏ်ချမှတ်လိုက်ပြီဆိုတော့ ရမည်းသင်းထောင် ကို ပြန်ပို့ပါလိမ့်မယ်။ သူ့ရဲ့ကျန်းမာရေးလည်း ကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒုရဲအုပ်ချယ်ရီထက် အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်ကလည်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ရဲတရား ရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အကျယ်ချုပ်ဖြင့် စောင့်ကြည့်ခံခဲ့ရသည့် ဒုရဲအုပ်ချယ်ရီထက်သည် ၂၀၂၁ စက်တင်ဘာ ၂၃ ရက်တွင် ဖမ်းဆီးခံရကာ ပုဒ်မ ၅၀၅-က ဖြင့် ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် ၁ ရဲစခန်း၌ အမှုဖွင့်အရေးယူခံခဲ့ရခြင်း ဖြစ်သည်။
၎င်းအနေဖြင့် May Mi အမည်ရှိ လူမှုကွန်ရက်အကောင့်မှ “ မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့”၊ “ဘယ်လိုပဲပြောပြော ဟိုဘက်ကလည်း CDM မပါရင် စစ်ကောင်စီ ဘက်တော်သား အဖြစ် အရေးယူမယ်တဲ့၊ ဒီဘက်ကလည်း CDM ပါရင် ရဲစည်း/အရပ်ဘက် ထောင် ၁၃ နှစ်တဲ့၊ နှစ်ဖက်စလုံးက ဖမ်းချင်နေ ကြတာဆိုတော့ တခါတည်းအထုပ်ပြင်ပြီး အချုပ်ထဲသွားနှင့်ရမလား” ဟူသည့် စာသားများ ရေးတင်ခဲ့ကြောင်း စစ်ကောင်စီ က စွပ်စွဲထားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ လူမှုကွန်ရက်စာမျက်နှာအကောင့်မှ “ လွမ်းလိုက်တာအမေ” ဟူသည့် ပို့စ်အား ပြန်လည် မျှဝေခြင်း ပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၁ ဇွန်လအတွင်းကလည်း NLD ပါတီမှ ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိ ရတနာနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲခဲ့သည်။
ယင်းသို့ စွပ်စွဲတရားစွဲဆိုမှုများနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် ပြစ်မှုမြောက်စေသည့် ကိစ္စရပ်များ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဒုရဲအုပ်ချယ်ရီထက်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။
ပြီးခဲ့သည့် မတ် ၂၄ ရက်ကလည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးသန့်စင် ထွန်းအား အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲတရားစွဲဆိုခဲ့သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်းလည်း သိရသည်။
You may also like these stories:
စစ်ကောင်စီစွပ်စွဲချက် ဒုရဲအုပ်ချယ်ရီထက် ငြင်းဆို
ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့် ချယ်ရီထက် ထောင် ၃ နှစ်ချမှတ်ခံရ