မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့အနီး ရွှေတောင်ကျေးရွာနှင့် သရက်ကန်ကျေးရွာအနီးရှိ မြစ်ငယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (MN-PDF) ၏ စခန်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် MN PDF တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး ၂၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါစခန်းကို မတ် ၃၀ ရက် နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် (အင်အား ၂၀၀ ခန့်)၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း MN-PDF က သတင်းထုတ်ပြန်ထား သည်။
MN-PDF တာဝန်ခံတဦးက “ကာပစ်နဲ့ ဖောက်ထွက်ရတာဆိုတော့ တဝက်လောက်ပဲလွတ်ပြီး တဝက်လောက် အဖမ်းခံ လိုက်ရတယ်။ သူတို့က တက်လာကတည်းက RPG နဲ့ ၆၀ မမတွေ၊ စက်သေနတ်တွေ အများကြီးသုံးပြီး တက်လာကြတာ။ အပြန်အလှန် ထိတွေ့မှုတွေလည်း ရှိခဲ့တာပေါ့။ သူတို့ဘက်က အထိအခိုက်တော့ မသိရပါဘူး။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၁ ဦးနဲ့ ရဲမေ ၁ ဦး ကျဆုံးခဲ့ပြီး ၂၉ ဦး အဖမ်းခံလိုက်ရတယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။
နံနက် ၄ နာရီခန့်ကတည်းက ၎င်းတို့စခန်းရှိရာ တောင်ပေါ်ကိုတက်ပြီး ဝင်စီးခံရခြင်းဖြစ်ကြောင်း၊ တောင်အောက်ရှိ လုံ ခြုံရေးကင်းမှ လှမ်းအကြောင်းကြားသည့်အချိန်တွင် မမီတော့ဘဲ ဝိုင်းခံထားရသည့် အနေအထားတွင် ဖောက်ထွက်ခဲ့ရ ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါစခန်းအား စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းရာတွင် စစ်ကား ၁၀ စီး အင်အား ၂၀၀ ခန့်ဖြင့် အလစ်အငိုက် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ MN-PDF ဘက်မှ အင်အား ၇၀ ခန့်၊ ရှိသမျှလက်နက်ငယ်များဖြင့် ပြန်လည် ခုခံ ခဲ့သော်လည်း လက်နက်နှင့်လူအင်အား မမျှခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များ လာကူပေးချိန်တွင် စခန်းမှဆုတ်ခွာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီနေ့က စစ်ကားတွေ အင်အားတော်တော်များများနဲ့ ဖြတ်သွားတာ တွေ့လိုက်ရတယ်။ ပြီးတော့ ကားတွေကို တောင် ခြေမှာရပ်ခဲ့ပြီး မြို့သာရဲ့အရှေ့ဘက် ရွှေတောင်ရွာကနေ ခြေလျင်တောတိုးသွားကြတာ။ နေ့လယ်ကျတော့ တိုက်ပွဲတွေဖြစ် ပြီး PDF စခန်း စီးခံရတယ်လို့ သတင်းကြားရတာပဲ” ဟု မြို့သာဒေသခံတဦးက ပြောသည်။
မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN-PDF) စခန်းသည် သရက်ကန်ကျေးရွာ၏ အရှေ့ဘက်တောင်ကြောတွင် တည်ရှိ ကာ စခန်းတခုလုံး ဖျက်ဆီးခံခဲ့ရပြီး ရိက္ခာနှင့် လက်နက်အချို့၊ ဆိုင်ကယ်များ ဆုံးရှုံးခဲ့ရကြောင်း၊ MN PDF စခန်း ဝင်ရောက် စီးနင်းခံရမှုသည် ငါန်းဇွန်နယ်မှ ဒလန် ပျုစောထီးခေါင်းဆောင်တဦး၏ သတင်းပေးမှုကြောင့် လုံခြုံရေးစည်း ကျိုးပေါက်ခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။
MN PDF ၏ တာဝန်ခံကလည်း “ကျနော်တို့ စခန်းကို ဝင်စီးခံရတဲ့ အကြောင်းရင်းကတော့ အဓိက ဒလန်ကြောင့်ပေါ့။ ငါန်းဇွန်နယ်ထဲမှာ ဓားပြလှည့်တိုက်နေတဲ့ ပျုစောထီး ဓားပြခေါင်းဆောင်က သတင်းပေးတယ်လို့ တိတိကျကျ သိရတယ်။ အဲဒီကောင်ကနေ ကျနော်တို့အဖွဲ့ထဲက ရဲဘော်တယောက်ကို ဖမ်းတာမှာမမိလို့ အဖေကို ဓားစာခံအဖြစ်ဖမ်းပြီး လမ်းပြခိုင်း တယ်လို့ သိရတယ်” ဟု ပြောဆိုသည်။
MN-PDF သည် စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီဒေါက်တိုင်များအား သုတ်သင်ရှင်းလင်းခြင်း နှင့် မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချရာနေရာများကို ဗုံးပစ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ရက်ပိုင်း ကပင် စဉ့်ကိုင်မြို့နယ် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ယခုလို လုံခြုံရေးစည်းကျိုးပေါက်၍ MN-PDF ၏ အခြေစိုက်စခန်း ဆုံးရှုံးခဲ့ရသော်လည်း စစ်အာဏာရှင် အမြစ်ပြုတ်သည် အထိ တော်လှန်ရေးလုပ်ငန်းများကို ဆက်လက် လှုပ်ရှားသွားမည် ဖြစ်သလို ကျဆုံးရဲဘော်များနှင့် ဖမ်းဆီးခံရဲဘော်များ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း မြစ်ငယ် PDF တာဝန်ခံက ပြောသည်။
၎င်းက “ကျနော်တို့ စခန်းကျသွားပေမယ့် အသက်ပေးပြီးတိုက်ဖို့ ဆုံးဖြတ်ထားတာမို့ အဆုံးထိ ဆက်သွားမှာပါ။ အခု လောလောလတ်လတ်တော့ မြင်းခြံဘက်ကအဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့မယ်။ ပြီးရင် စုပေါင်းပြီးတော့ ဆက်ပြီးတိုက်ပွဲဝင် သွားမယ်။ ကျနော်တို့ မြစ်ငယ် PDF က နေရာတိုင်းမှာ ရှိနေတယ်။ UG မှာလည်း ရှိတယ်။ အဖွဲ့ငယ်လေးတွေလည်း ရှိနေ တာဆိုတော့ လှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်သွားမှာပါ” ဟု ဆိုသည်။
မြစ်ငယ် PDF စခန်း ဝင်ရောက်စီးနင်းခံခဲ့ရသည့် မြို့သာမြို့ အပါအဝင် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုး ကြီး၊ ငါန်းဇွန်မြို့နယ်များသည် စစ်ကောင်စီတပ်နှင့် ပျုစောထီးများ အားကောင်းနေပြီး ကျေးရွာများအတွင်း ဝင်ရောက်စီးနင်း လုယက်ခြင်းများ၊ နေအိမ်များအား မီးရှို့ခြင်းနှင့် အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။