စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းချခံထားရသူ ၁၀၀ ဝန်းကျင်ကို ထောင်အာဏာ ပိုင်များက ယနေ့ ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း သိရသည်။
ယနေ့တွင် ထောင်အာဏာပိုင်များက မုံရွာအကျဉ်းထောင်ဘက်သို့လာသည့် လမ်းပိုင်းများအား ပိတ်ထားပြီး ပြောင်းရွှေ့မှုများ ပြုလုပ်နေခြင်းဖြစ်ကာ မန္တလေးအိုးဘိုထောင်နှင့် မြင်းခြံထောင်များသို့ ရွှေ့ပြောင်းမည်ဟု သိထားကြောင်း ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၃ ရက်က မုံရွာထောင်အတွင်း ဆန္ဒပြမှုတွင် အာဏာသိမ်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်ဖြိုခွင်း နှိမ်နင်းမှု ကြောင့် အကျဉ်းသား ၁ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်အပြီး ယခုကဲ့သို့ မုံရွာထောင်အတွင်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့လာခြင်းလည်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများအတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေတဦးကလည်း “ပြီးခဲ့တဲ့ရက်က ထောင် အတွင်း ပစ်ခတ်ဖြိုခွင်းတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားတဲ့ သပိတ်ခေါင်းဆောင်တွေကို ခွဲခြားပစ်တဲ့ အနေနဲ့ ထောင်ပြောင်းရွှေ့တာပဲ ဖြစ်မှာပါ” ဟု သုံးသပ်ပြောဆိုသည်။
ပြောင်းရွှေ့ခံရသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မင်းကင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်မွှေးလွင်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရှင်းသန့်တို့လည်း ပါဝင်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများအကြောင်း မကြာခဏ သတင်းထွက်ပေါ်လေ့ရှိသည့် မုံရွာထောင်အတွင်း ဧပြီ ၃ ရက် ညနေပိုင်းက ဆန္ဒပြကြွေးကြော်မှုတရပ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များက ဝင်ရောက်ပစ်ခတ်မှုကြောင့် မုံရွာမြို့ နယ်၊ တောပုကျေးရွာမှ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ကိုသန့်ဇင်အောင် သေဆုံးခဲ့ရ ကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီဝင်တဦးက ပြောဆိုထားသည်။
အဆိုပါ ပစ်ခတ်မှု နောက်ဆက်တွဲ အနေဖြင့် ယခုအပတ်အတွင်း ထောင်တွင်း၌ တရားရုံးထုတ်စစ်ဆေးမှုများအား စစ်ကောင်စီက ပိတ်ပင်ထားပြီး အပြင်တရားရုံးများတွင် ရုံးချိန်းယူနေရကြောင်း ရှေ့နေများထံမှ သိရသည်။
ယခင်ကမူ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူများအား ထောင်တွင်းယာယီတရားရုံးများ၌ ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။
လက်ရှိ မုံရွာထောင်အတွင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်တို့ အပြင် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲခံထားရသူ ရာနှင့်ချီ ရှိနေသည်။
You may also like these stories:
မုံရွာထောင်အတွင်း ဆန္ဒပြမှု ပစ်ခတ်ခံရ၍ တဦး သေဆုံး
ထောင်တွင်းအကြမ်းဖက်မှုများ စစ်ဆေးပေးရန် ICRC ကို တောင်းဆို