သတင်း

AA နှင့်တိုက်ပွဲတွင် အထိအခိုက်များပြီးနောက် စစ်တပ်က အရပ်သားများကိုဝင်ဖမ်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အထိအခိုက်များခဲ့သည့် အာဏာသိမ်း စစ်တပ်သည် အနီးရှိကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးနေကြောင်း စုံစမ်းသိရှိရသည်။

မောင်တောမြို့နယ်၊ မြဝတီကျေးရွာနှင့်တရိန်းကျေးရွာအကြားတွင် ဇူလိုင်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်မှ ၁၄ ဦးလက်ရဖမ်းဆီးခံရပြီး အများအပြားသေဆုံးခဲ့သည်။

ထို့နောက် တိုက်ပွဲဖြစ်ပွားသည့် နေရာ နှင့် ၅ မိုင်ကျော်ကွာဝေးသည့် ယင်းမြို့နယ် အတွင်းရှိ ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် အပါအဝင် ဦးထွန်းရွှေ၊ ကိုထွန်းကြိုင်တို့ကို ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၃ နာရီဝန်းကျင်က နေအိမ်သို့ ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင် အချို့က ပြောသည်။

၎င်းက “အိမ်ထဲကို ဝင်လာတာနဲ့ တအိမ်လုံးမှာရှိတဲ့ ဖုန်းတွေကို အရင်သိမ်းတယ်။ အိမ်ထဲ၊ အိမ်ပြင် အကုန်ပတ်ရှာဖွေတယ်။ ဘာရှာမှန်းတော့ မသိဘူး။ အိမ်ထဲကို ဝင်ပြီးတာနဲ့ စစ်ဆေးစရာရှိတယ်။ လိုက်ခဲ့ပါဆိုပြီး ဖမ်းခေါ်သွားတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရဘူး။ ကျနော်တို့ မိသားစုဝင်တွေလည်း စဉ်းစား မ ရဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအခြေအနေတွင် မောင်တောမြို့နယ်အတွင်းသို့ စစ်ကောင်စီခေါင်း ဆောင်များက တပ်အင်အား အလုံးအရင်းဖြင့် ပို့ဆောင်နေသည့်အတွက် စစ်ရေးတင်းမာမှုဖြစ်ပေါ်နေပြီး မြို့နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ကားများမှာလည်း ရပ်တန့်ထားကြောင်း မောင်တောမြို့နယ် အတွင်းက ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း AA ပြန်ကြားရေးဝန်ခံ ဦးခိုင်သုခကတော့ မကြာသေးမီက ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေအတွင်းရှိ AA စခန်း အား စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်သည့်အတွက် လက်တုန့်ပြန်ခြင်း ဖြစ်ကြောင်း မီဒီယာများသို့ ဖြေကြား ထားသည်။

ထိုသို့ နှစ်ဘက် အပြန်အလှန်လက်တုန့်ပြန်သည့်တိုက်ပွဲများ ပြန်လည်ဖြစ် ပွားကာ ရခိုင်ပြည်နယ်အတွင်းက အောက်ခြေ မြို့နယ်တိုင်းတွင် စစ်ရေး တင်းမာနေသည့် အတွက် စစ်တပ်နှင့် AA တို့အကြား ညှိနိုင်းမရသည့် အခြေအနေသို့ရောက်ရှိသွားပြီ ဖြစ်ကြောင်း နှစ်ဘက်တပ်ဖွဲ့ ခေါင်း ဆောင်များနှင့်နီးစပ်သည့် ဧရာဝတီ သတင်းရင်းဖြစ်တဦးက ပြောသည်။

၎င်းက “အခြေအနေကို ကြည့်ရတာတော့ တဘက်နဲ့ တဘက်ညှိနိုင်းလို့ ရမယ့်အနေအထားမဟုတ်တော့ဘူး။ စစ်ပွဲပြန်ဖြစ်မယ့်သဘောရှိတယ်။ အောက်ခြေမှာလည်း စစ်ရေးကအလွန်တင်းမာနေတော့ စစ်တပ်ဘက်က ဗိုလ်ချုပ်ရာပြည့်လောက်နဲ့ အဆင်မပြေသလို AA ဘက်က ကြားဝင် စေ့စပ်ပေးတဲ့ လူတွေလောက်နဲ့ ညှိနှိုင်းလို့ ပြေလည်နိုင်တဲ့ အခြေအ နေမရှိ တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ရေးနိုင်ငံရေး လေ့လာသူ သုတေသီတဦးကတော့ ရခိုင်တွင် စစ်ရေးတင်း မာနေသော်လည်း အဆုံးမသတ်နိုင်သည့် တိုက်ပွဲကြီးများ ဆက်လက်ဖြစ် ပွားလာနိုင်ခြေရှိမရှိ ဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော စစ်ရေးနိုင်ငံရေး အခြေအရ AA အပေါ်တွင် မူတည်နေကြောင်း ပြောသည်။

၎င်း “ဒီတကြိမ်ဖြစ်မယ့်တိုက်ပွဲက AA က တိုက်မတိုက်ဆိုတဲ့အပေါ်မှာဘဲ မူတည်နေတယ်။ စစ်တပ်ကတော့ သူ့မှာရှိတဲ့ အင်အားလောက်နဲ့ ပြီးခဲ့တဲ့ နှစ်တွေက ဖြစ်ခဲ့တဲ့ တိုက်ပွဲလိုမျိုး ထိုးစစ်ဆင်တိုက်ခိုက်နိုင်တဲ့ အနေအထား မရှိဘူး။ သူက ခံစစ်ပဲပြင်ဆင်ထားတာ။ အခုစစ်ရေး လှုပ်ရှား တယ်ဆို တာကလည်း အရင်နှစ်တွေကလို ထိုးစစ်ဆင်တာမဟုတ်ဘူး။ မြို့ပြနဲ့ အဓိ က ဆက်သွယ်ရေးလမ်းကြောင်းတွေကိုပဲ ထိန်းချုပ်ထားတဲ့ သဘောပဲ။ AA ဆက်သွယ်ရေးလမ်းကြောင်းနဲ့ မြို့ပြအထိ လာတိုက်ခိုက်မယ်ဆိုရင်တော့ တိုက်ပွဲကြီးတွေဖြစ်လိမ့်မယ်။ ဒီတကြိမ်တိုက်ပွဲက မြို့ပေါ်အထိရောက်ပြီးတော့ ရွာတွေမီးလောင်သလို မြို့ပါ မီးလောင်နိုင်တဲ့ အခြေအနေရှိတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

Loading