မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်၍ အာဆီယံ ဆောင်ရွက်ချက်များ မထိရောက်ပါက စစ်ကောင်စီ၏ ဝင်ငွေရလမ်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့ဖို့ သြဇာတိက္ကမကြီးသည့် အမေရိကန်အထက်လွှတ်တော် အမတ် မစ်ချ် မက်ကောနဲလ်က ပြောလိုက်သည်။
စစ်အာဏာရှင်၏ ရက်စက်သော တရားမဝင် အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်သူများကို အိမ်နီးချင်းနိုင်ငံနှင့် အာဆီယံက ကူညီရန်ဆန္ဒ မရှိပါက အမေရိကန်အစိုးရအနေဖြင့် ကွန်ဂရက်လွှတ်တော်က အခွင့်အာဏာ အပ်နှင်းထားသည့် အတိုင်း မြန်မာစစ်တပ်အပေါ် ဖိအားပေးရန်နှင့် ဘဏ္ဍာရေးအရ ဖြတ်တောက်နိုင်ရန် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရမည်ဟု ယမန်နေ့က ထုတ်သည့် ၎င်း၏ ထုတ်ပြန်ချက်၌ ဆိုထားသည်။
အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်သည် မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ ခေတ် အဆက်ဆက် ထောက်ခံအားပေးလာသူဖြစ်ပြီး အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ပါတီ၏ ခေါင်း ဆောင်လည်း ဖြစ်ကာ အမေရိကန်နိုင်ငံရေးတွင် ဩဇာကြီးမားသူတဦးလည်း ဖြစ်သည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် မေလက အမေရိကန် ခရီးစဉ်အတွင်း အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် အပါအဝင် လွှတ်တော်အမတ် တချို့တို့နှင့် တွေ့ဆုံရာ စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်နေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန် တောင်းဆိုထားခဲ့သည်။
MOGE သည် မြန်မာစစ်တပ်အတွက် နိုင်ငံခြားငွေ အဓိက ရှာဖွေပေးနေသော လုပ်ငန်းများဖြစ်ခြင်းကြောင့် ထိုလုပ်ငန်း နှင့် နိုင်ငံခြား ကုမ္ပဏီများကို မပတ်သက်ကြရန် လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှု ကြောင့် အမေရိကန်ကုမ္ပဏီ Chevron နှင့် ပြင်သစ်ကုမ္ပဏီ Total အစရှိသော စွမ်းအင်ကုမ္ပဏီကြီးများအပါအဝင် မြန်မာ့ စွမ်းအင်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားကြသော စွမ်းအင်ကုမ္ပဏီတချို့က ၎င်းတို့၏ မြန်မာ ရှိလုပ်ငန်းများကို ရပ်ဆိုင်းပြီး ယခုနှစ်ဆန်းပိုင်းက စတင်ပြီး ထွက်ခွာခဲ့ကြသည်။
အဆိုပါ ရေနံ နှင့် စွမ်းအင်ကုမ္ပဏီကြီးများ ထွက်ခွာပြီး သိပ်မကြာခင်မှာပင် ဥရောပသမဂ္ဂ (အီးယူ) က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခဲ့သည်။
MOGE ကို အမေရိကန် နိုင်ငံကပါ အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ပါက ၎င်းနှင့် လက်တွဲ လုပ်ကိုင်နေသော အခြား နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံပြင်ပရှိ MOGE ၏ ငွေကြေးစီးဆင်းမှု ကိစ္စရပ်များအတွက် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံ ခြားဘဏ်များကိုပါ အကြီးအကျယ် ထိခိုက်လာနိုင်သည့် အခြေအနေရှိကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက မှတ်ချက်ပြုကြသည်။
သို့သော် MOGE သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဆီသာ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အဓိက တင်ပို့ရောင်းချ နေခြင်းကြောင့် အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်လာပါက ကန်ဒေါ်လာဖြင့် ငွေပေးချေမှုများကို တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ဖြင့် အစားထိုး အသုံးပြုလာနိုင်သည်။
MOGE သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်များဖြစ်သည့် ရတနာ၊ ရွှေ၊ ဇောတိကနှင့် ရဲတံခွန် စီမံကိန်းတို့မှ အဓိက ဝင်ငွေရရှိနေပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်အထိ ရှိကြောင်း သိရသည်။
You may also like these stories:
NUG ကို ဘိုင်ဒင်အစိုးရ ထောက်ခံမှု မက်ကောနယ် မေးခွန်းထုတ်
MOGE ကို ပိတ်ဆို့အရေးယူရန် သမ္မတဘိုင်ဒင်ထံ ထပ်မံတောင်းဆို
ဥရောပသမဂ္ဂ အရေးယူသော်လည်း အာရှလုပ်ငန်းကြီးများ မြန်မာဓာတ်ငွေ့ ဆက်သုံးနေ
ရဲတံခွန် စီမံကိန်းမှ Petronas နှင့် Mitsubishi ကုမ္ပဏီတို့ နုတ်ထွက်မည်