ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီ CITIC (China International Trust and Investment Corporation) က တာဝန်ယူ တည်ဆောက်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရပ်တန့်ထားရန် ဒေသခံများက အောက်တိုဘာ ၂၇ ရက်တွင် ဆန္ဒပြခဲ့သည်။
အဆိုပါ ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ဒေသခံများ၏ ငါးဖမ်းလုပ်ငန်းအား ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများ သဘောတူညီမှု မပါသော စီမံကိန်းအား ချက်ချင်းရပ်တန့်ရန် အပါအဝင် ရေနက်ဆိပ်ကမ်းစီမံကိန်း အလိုမရှိ၊ ရေလုပ်သားများကို လေးစားပါ စသည့် စာသားပါ ဗီနိုင်းများအား စီမံကိန်းအနီးတလျှောက် ဒီရေတောများ၌ ချိတ်ဆွဲပြီး ယင်းစီမံကိန်းအား ကန့်ကွက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာနေ ရေလုပ်သားတဦးက “ကျနော်တို့ရဲ့ မိရိုးဖလာ ငါးဖမ်းလုပ်ကွက်တွေမှာ သင်္ဘော ကြီးတွေနဲ့ ရေအောက်မြေတွေကို တရုတ်ကုမ္ပဏီက တူးနေတယ်။ မြစ်ကြောင်းတလျှောက် ယန္တရားတွေနဲ့ တူးနေတော့ ကျနော်တို့ ငါးဖမ်းလုပ်ကွက် ပျက်စီးကုန်တယ်။ ငါးဖက်ပိုက်တွေလည်း ကြိုးတွေပြတ်။ လျော်ကြေးတောင်းတော့လည်း တရုတ်စကားပြန်က ကျနော်တို့ကို မတူသလိုမတန်သလို ဆက်ဆံတယ်။ အထက်လူကြီးတွေ ခွင့်ပြုချက်နဲ့ လုပ်နေတာလို့ ပြောတယ်” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက အကြီးမားဆုံး စီမံကိန်းတခု ဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (KPSEZ) စီမံကိန်းကို ပြီးခဲ့ သည့် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ ဖြစ်သည့် CITIC (China International Trust and Investment Corporation) က လုပ်ပိုင်ခွင့်တင်ဒါ အောင်မြင်ခဲ့သည်။
တရုတ်နိုင်ငံသည် ကချင်ပြည်နယ်ထဲရှိ မြစ်ဆုံစီမံကိန်းကို လက်လွှတ်လိုက်ရသည့်နောက်ပိုင်း ရခိုင်ပြည်နယ်ထဲမှ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်သည့် ကျောက်ဖြူကို တဖန်ရယူရန် ကြိုးစားခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ကျောက်ဖြူစီမံကိန်းကို ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုလက်မှုနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်း တည်ဆောက်သွားရန်အတွက် မြေ ၄၂၈၉ ဒသမ ၃၂ ဧက ကို လျာထားကြောင်း သိရသည်။
စီမံကိန်းလုပ်ငန်းများတွင် စက်ရုံများ၊ အပန်းဖြေစခန်းများ၊ ဘဏ်လုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်းများ ပါဝင်မည်ဖြစ်ပြီး စီမံ ကိန်း ဧရိယာအတွင်း ကြတ္တိန်၊ ကန္ဒီး၊ ချောင်းဝ၊ သိုင်းချောင်း၊ စစ်တော၊ ကပ်သပြေ၊ မင်းပြင်၊ ဒိုးမတောင်၊ မဒေးကျွန်း စသည့် ကျေးရွာအုပ်စု ၉ စု ပါဝင်နေသည်။
အဓိက အရေးပါသော ရေနက်ဆိပ်ကမ်း ၂ ခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းနှင့် ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာ အုပ်စု၊ သစ်ပုတ်တောင် ကျေးရွာအနီးတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုရေနက်ဆိပ်ကမ်းစီမံကိန်း၂ ခုအား စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၂ စက်တင်ဘာလအတွင်း၌ တရုတ် CITIC ကုမ္ပဏီက ဒေသခံလူထုအား တစုံတရာ အသိပေးခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ လုပ်ငန်းစတင်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ကျောက်ဖြူ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဆိုသည်။
ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ဒါရိုက်တာအဖွဲ့ဝင် ကိုထွန်းကြည်က “ရွှေဂတ်စ် စီမံကိန်းတုန်းက လည်း တရုတ်တွေက ဒီလိုပဲလုပ်ခဲ့တာ။ ဒေသခံတွေရဲ့ သဘောထားကို ရယူခဲ့တာ မရှိဘူး။ အခုလည်း ဒီရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ငါးဖမ်းလုပ်ကွက်တွေ ပျက်စီးသွားရင် ဒေသခံ ငါးဖမ်းလုပ်သားတွေရဲ့ မိသားစုဝမ်းရေးကို ထိခိုက်မယ်။ ဒေသတွင်း အလုပ်လက်မဲ့တွေ များလာမယ်။ ဒါတွေကို တရုတ်ကုမ္ပဏီ အနေနဲ့ တာဝန်ယူပြီး ဖြေရှင်းပေးသင့်တယ်လို့ မြင်တယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာအတွင်း ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်မှ ရွာမကျေးရွာ၊ ပရိန်ကျေးရွာ၊ စစ်တော ကျေးရွာအုပ်စုမှ စစ်တောကျေးရွာ၊ သစ်ပုတ်တောင်ကျေးရွာတို့မှ ဒေသခံ ငါးဖမ်းလုပ်သား ၁၀၀၀ ကျော် မှီခိုနေပြီး မိရိုး ဖလာ လုပ်ကိုင်စားသောက်နေသည့် ငါးဖမ်းလုပ်ကွက်တခု ဖြစ်ကြောင်းလည်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသော ကျေးရွာ သားများက ပြောဆိုသည်။
စစ်ကောင်စီက ၎င်းတို့ လက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် မီးရထား ဒုဝန်ကြီးဟောင်း ဦးမြင့်သိန်းအား ကျောက်ဖြူ SEZ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကာ စီမံ ကိန်းဇုန်အတွင်း ကျရောက်သော လယ်ယာမြေများအား ကွင်းဆင်းစိစစ်မှုကို ၂၀၂၁ နိုဝင်ဘာလအတွင်းက လုပ်ဆောင် ခဲ့သည်။
ယင်းသို့ ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်း ဧရိယာအတွင်း ကျရောက်သည့် လယ်မြေများ လျော်ကြေး မရရှိဘဲ မြေသိမ်းဆည်းခံရမည့် အရေးကိုလည်း ဒေသခံ လယ်သမားများက စိုးရိမ်လျက် ရှိကြောင်း သိရသည်။
လက်ရှိ အခြေအနေတွင် အဆိုပါ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို တရုတ် CITIC ကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်း စစ်အာဏာသိမ်းမှုနှင့်အတူ ဒေသတွင်း ဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေး ရှုပ်ထွေးနေမှုများကို အခွင့်ကောင်းယူ ကာ အရေးပါသည့် ရေနက်ဆိပ်ကမ်းစီမံကိန်း ၂ ခုအား အပြီးသတ် တည်ဆောက်ရန် ကြိုးပမ်းလုပ်ကိုင်နေသည့် သဘော ရှိကြောင်း စီမံကိန်းအား လေ့လာစောင့်ကြည့်နေသူများက သုံးသပ်ပြောဆိုသည်။
You may also like these stories:
ကျောက်ဖြူ SEZ ဧရိယာရှိ လယ်မြေများ လျော်ကြေးမရဘဲ သိမ်းခံရမည်ကို ဒေသခံများ စိုးရိမ်
မရေရာမှုများဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်များ
တရုတ်စီမံကိန်းကြောင့် လယ်သမားများ မြေယာမဲ့ကိန်းဆိုက်