မြန်မာစစ်ကောင်စီသည် တရားလက်လွတ်သတ်ဖြတ်မှုများ၊ ဂျနီဗာကွန်ဗင်းရှင်း ချိုးဖေါက်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော်လည်း တော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့၏ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) တို့သည် ဖမ်းမိသူများကို လူသားပီသစွာ ဆက်လက်ဆက်ဆံကြသည်။
စစ်ကောင်စီသည် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ စည်းမျဉ်းများကို လိုက်နာသည်ဟု အကြိမ်ကြိမ် ပြောသော်လည်း စစ်ကောင်စီတပ်များသည် ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် ထောက်ခံသူများ အပါအဝင် ဖမ်းဆီးထားသူများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသည်။
အောက်တိုဘာလ အစောပိုင်းတွင် မန္တလေးတိုင်း ညောင်ဦး၊ တောင်သာ၊ နွားထိုးကြီးနှင့် ကျောက်ဆည်မှ NLD အဖွဲ့ဝင်နှင့် ထောက်ခံသူ ၁၁ ဦးသည် တော်လှန်ရေး အင်အားစုများကို ကူညီသည်ဟု စွပ်စွဲခံရပြီး စစ်ကောင်စီက ဖမ်းဆီးထားစဉ် ဓါးဖြင့် ထိုးသတ်ခံရသည်။ ထိုဖမ်းဆီးမှုများတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ပါဝင်ပတ်သက်နေသည်။
ဇွန်လနှောင်းပိုင်းကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှ ဆယ်ကျော်သက် ၄ ဦးအပါအဝင် တော်လှန်ရေးအဖွဲ့ဝင် ၉ ဦးသည် ရွှေဘိုမြို့နယ်တွင် ဆေးသင်တန်း တက်ရောက်ရန် သွားရောက်စဉ် လက်နက်မဲ့ဖမ်းမိပြီး နောက် စစ်ကောင်စီက သတ်ဖြတ်လိုက်သည်။
မေလအစောပိုင်းတွင် စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာကို စီးနင်းတိုက်ခိုက်စဉ် ဖမ်းဆီးခံရသော အမျိုးသား ၃၀ အနက် ၂၉ ဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်။

ထိုရက်စက်ကြမ်းကြုတ်မှုတွင် ပါဝင်ခဲ့သော စစ်သားတဦး၏ လက်ကိုင်ဖုန်းမှ ရရှိသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို လွတ်လပ်သော အာရှအသံနှင့် အခြားသတင်းဌာနများက ထုတ်ပြန်ခဲ့သည်။
ထိုဓာတ်ပုံများအနက်တခုတွင် မျက်နှာကို အဝတ်ဖြင့်စည်းပြီး လက်များကို နောက်ပြန်ကြိုးတုတ်ကာ ဝမ်းဗိုက်များနှင့်လည်ပင်းများကို ဓားဖြင့် ထိုးသတ်ခံရသူများကို ပြသထားသည်။
ထိုသူများသည် တော်လှန်ရေးအင်အားစုများကို ကူညီသည်ဟု စွပ်စွဲခံရကြောင်း သတ်ဖြတ်ခံရသူ တဦး၏သားဖြစ်သူက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ဗီဒီယိုတခုတွင်မူ စစ်သားများက ဖမ်းဆီးထားသူ မည်မျှကို မည်သို့သတ်ဖြတ်သည်ကို ကြွားဝါနေသည်။
အကျဉ်းသားများကို ဖမ်းဆီးထားစဉ် ကျန်းမာရေး မထိခိုက်စေဘဲ လူသားဆန်စွာ ဆက်ဆံရမည်ဟု ဂျနီဗာ ကွန်ဗင်းရှင်းတွင် ဖေါ်ပြထားသည်။
ထိုသို့သော အခွင့်အရေးများကို ရုတ်သိမ်းခြင်း သို့မဟုတ် လက်နက်ချသည့် လက်နက်ကိုင်များကို အန္တရာယ်ပေးခြင်းသည် ထိုကွန်ဗင်းရှင်းအရ စစ်ရာဇဝတ်မှုမြောက်သည်။
တချိန်တည်းတွင် စင်ပြိုင်အမျိုးသား ညီညွတ်ရေးအစိုးရသည် ၎င်းတို့တပ်များအနေဖြင့် ဂျနီဗာ ကွန်ဗင်းရှင်းကို လိုက်နာရန် အမိန့်ထုတ်ထားသည်။

စစ်ကောင်စီတပ်မှ ဗိုလ်မှူး အောင်ကျော်မင်းကို ဒဏ်ရာပြင်းထန်စွာဖြင့် သတိလစ်နေစဉ် ရဲဘော် ၁၆ ဦးနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် အောက်တိုဘာလ ၁၆ ရက်နေ့က တိုက်ပွဲအတွင်း ဖမ်းမိသည်။
“KNLA တွေက ကျနော့်အသက်ကို ကယ်ပြီး ကျနော့်ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေကို စနစ်တကျ ကုသပေးတယ်။ သူတို့က ကျနော်တို့ကို လူသားဆန်စွာ ဆက်ဆံတယ်” ဟု မီဒီယာများကို ထို ဗိုလ်မှူးပြောသည်။
သူ့ကို တော်လှန်ရေးအင်အားစုများက ဖမ်းမိလျှင် လည်ပင်းအဖြတ်ခံရမည်ဟု အမှတ် ၄၃၄ ခြေလျှင်တပ်မှ ဇင်မိုးအောင်ကိုလည်း စစ်ကောင်စီက ပြောထားသည်။
သို့သော် KNLA နှင့်တော်လှန်ရေး မဟာမိတ်များက သူ့ကို မွန်ပြည်နယ် ရေးမြိုနယ်တွင် စက်တင်ဘာလက ဖမ်းမိသောအခါ သူ့ကို ကောင်းမွန်စွာ ဆက်ဆံကြောင်း သိလိုက်ရသည်။
“သူတို့က ကျနော်တို့ကို ညီအကိုလို ဆက်ဆံတယ်။ သူတို့ရဲ့ နွေးထွေးတဲ့ဆက်ဆံရေးအတွက် ကျနော် သူတို့ကို ကျေးဇူးတင်တယ်” ဟု သတင်းမီဒီယာများကို သူပြောသည်။
KNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင်အတွင်းရေးမှူး စောလစ္စတန်က ၎င်းတို့အဖွဲ့အစည်း၏ မူဝါဒမှာ အကျဉ်းသားများကို လူသားဆန်စွာ ဆက်ဆံရေးဖြစ်ကြောင်းပြောသည်။
“ကျနော်တို့က လူသတ်သမားတွေ မဟုတ်ဘူး။ စစ်ကောင်စီ လုပ်သလို မလုပ်နိုင်ဘူး” ဟု သူပြောသည်။
You may also like these stories:
ရင်ပေါင်တိုင်ရွာပစ်ခတ်မှု အမျိုးသမီး ၂ ဦးသေဆုံး၊ လူ၄၀ကို ဓားစာခံ ဖမ်းထား
ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး သေဆုံးမှု ဒေသခံ ၁၅၀ ခန့် ဖမ်းခံရ
ဝက်လက်တွင် စစ်တပ်စီးနင်းမှု ၁ လအတွင်း ၆၀ ကျော် သေဆုံး
ဗန်းမောက်မြို့နယ်က ဆေးရုံ ၂ ရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်
အနန့်ပါက ပြည်သူတွေ သွားလာတဲ့ နေရာဖြစ်တယ် စစ်ရေးပစ်မှတ်မဟုတ်ဘူး