နှစ်နိုင်ငံ စီးပွားရေးအဆက်အသွယ် မြှင့်တင်ရန် တလအတွင်း ဒုတိယမြောက် ရုရှားကိုယ်စားလှယ်အဖွဲ့ တဖွဲ့ နေပြည်တော်သို့ရောက်လာသည်။
စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့် သူ၏ ဝန်ကြီးများနှင့် ဆွေးနွေးပွဲများ ကျင်းပပြီးနောက် ရုရှားစီးပွားရေးတိုးတက်မှုဝန်ကြီး မက္ကဆင် ရက်ရှက်နီကော့ဗ်သည် စီးပွားရေးလုပ်ငန်း ပိုင်ရှင်များနှင့် တွေ့ဆုံကာ သဘောတူစာချုပ် ၇ ခု လက်မှတ်ရေးထိုးသည်။ စစ်ကောင်စီဘက်က အသေးစိတ်များကို ထုတ်ပြန်ခြင်းမရှိသော်လည်း ရုရှားအစိုးရသတင်းဌာန တက်စ် ကမူ ကုန်သွယ်ရေး၊ ရောဂါထိန်းချုပ်ရေး၊ ပညာရေးနှင့် သိပ္ပံနှင့် သက်ဆိုင်သော ပူးတွဲ ပဏာမသဘောတူညီချက်တခု လက်မှတ်ထိုးခဲ့ကြောင်း ဖေါ်ပြသည်။
မင်းအောင်လှိုင်နှင့် ရက်ရှက်နီကော့ဗ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သံနှင့် သံမဏိ၊ သတ္တုတူးဖေါ်ရေးနှင့် စွမ်းအင်ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသည်ဟု စစ်ကောင်စီ မီဒီယာများက ဖေါ်ပြသည်။
ခရီးသွားလုပ်ငန်းတိုးတက်ရေး နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးကိုလည်း ၎င်းတို့ ၂ ဦးဆွေးနွေးသည်။
ဗလာဒီဗော့စတော့၊ နိုဗိုဆီဘာ့စ်နှင့် ကရက်စနိုယာ့စ်တို့သို့ နိုင်ငံတကာ မြန်မာ့လေကြောင်းက ရန်ကုန်မှ လာမည့်နှစ်တွင် စတင် ပျံသန်းပြေးဆွဲရန် နိုဝင်ဘာလတွင် သဘောတူခဲ့သည်။ စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာန ရုရှားခရီးသွားများကို ဝန်ဆောင်မှုပေးရန် ဝန်ထမ်းများကို ရုရှားဘာသာစကားသင်တန်းများ ပို့ချနေသည်။
၎င်းတို့သည် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းများ ဖွဲ့စည်းရေးနှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အစီအစဉ်များကိုလည်း ဆွေးနွေးကြသည်။
နိုဝင်ဘာလအတွင်းက ရော့စ်ကွန်ဂရက် ဖေါင်ဒေးရှင်း ကိုယ်စားလှယ်အဖွဲ့တခုကို ဗလာဒီမာ ပူတင်က မြန်မာသို့ စေလွှတ်ခဲ့သည်။
စက်တင်ဘာလက ဗလာဒီဗေါ့စတော့တွင် ကျင်းပသည့် အရှေ့ဖျား စီးပွားရေးဖိုရမ် နောက်ပိုင်းတွင် အစိုးရများဆိုင်ရာ ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကော်မရှင် တတိယအကြိမ် အစည်းအဝေးကို ယခုအပတ်အတွင်း နေပြည်တော်တွင် ကျင်းပသည်။
ရုရှားရေနံ၊ ဓာတ်မြေသြဇာ၊ မျိုးစေ့နှင့် နေကြာဆီနှင့် မြန်မာမှ ဆန်၊ ပင်လယ်စာ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် အခြားကုန်စည်များ ကုန်သွယ်ရေးနှင့်ပတ်သက်သည့် သဘောတူညီချက်များကို လက်မှတ်ထိုးခဲ့ကြောင်း ရုရှားအာဏာပိုင်များပြောသည်။
ရုရှားဗဟိုဘဏ်နှင့် မြန်မာဗဟိုဘဏ်တို့အကြား နားလည်မှုစာချွန်လွှာတခုကို လက်မှတ်ရေးထိုးကြောင်း စစ်ကောင်စီမီဒီယာများက ကြေညာသည်။
ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့ခံထားရသော ကုန်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်သည် နိုဝင်ဘာလအတွင်းက ရုရှား ကိုယ်စားလှယ်အဖွဲ့နှင့် သဘောတူညီချက်များ လက်မှတ်ထိုးခဲ့ပြီး ထိုသဘောတူညီချက်များသည် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများ မြှင့်တင်ပေးမည်ဟု ပြောသည်။
ရုရှား-မြန်မာ စီးပွားရေး ဖိုရမ်ကို ရုရှားကုမ္ပဏီ ၁၀၀ ကျော်နှင့် မြန်မာမှ စီးပွားရေးလုပ်ငန်းရှင် ၂၀၀ ခန့် တက်ရောက်ကြသည်။ စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးလည်း ထိုဖိုရမ်သို့ တက်ရောက်သည်။
ထိုဆွေးနွေးပွဲတွင် စွမ်းအင်၊ သတ္တုတူးဖေါ်ရေး၊ စိုက်ပျိုးရေး၊ ဘာဏ္ဍာရေး၊ ဘဏ်လုပ်ငန်း၊ သတင်းနည်းပညာ၊ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးသည်ဟု ဆိုသည်။
နိုင်ငံတကာအထီးကျန်မှု ကြီးထွားနေချိန်တွင် ၂ နိုင်ငံဆက်ဆံရေး ခိုင်မာလာနေပြီး အထူးသဖြင့် စက်တင်ဘာလက ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံပြီးနောက် ပိုမိုခိုင်မာလာသည်။
ပြည်တွင်းစစ်ဖြစ်ပွားနေစဉ် အသုံးစရိတ်လိုငွေပြခြင်း၊ စီးပွားရေးကျဆင်းခြင်းနှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဆုတ်ခွာခြင်းတို့ကို ရင်ဆိုင်နေရသောကြောင့် စစ်ကောင်စီသည် မော်စကို ကို လက်နက်၊ သံတမန်ရေး ထောက်ခံမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမိုမှီခိုလာရသည်။
ရုရှား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကာကွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်အဖွဲ့မျာသည် လွန်ခဲ့သောလက နေပြည်တော်သို့ လာရောက်ခဲ့သည်။
You may also like these stories:
ကွယ်လွန်သူ တရုတ်သမ္မတဟောင်းက ယခင်စစ်အုပ်စုကို ထောက်ခံပံ့ပိုးခဲ့သည်
ဂျပန်မှ စစ်ကောင်စီလော်ဘီ USDP ကို ထောက်ခံအရောဝင်
အရပ်သားဝန်ထမ်းများ ပျော်ရွှင်အောင် စစ်ကောင်စီ လုပ်နေသည်
အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်
—












