ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းကို ဦးဆောင်သူ စစ်ကောင်စီအညံ့ခံရေးသမား ဟီဒဲအို ဝါတာနာဘေသည် စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီကို နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံသည်။
မြန်မာ့ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် မဆုတ်နစ်သော အားထုတ်မှုများအတွက် ၎င်းတို့ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သီရိပျံချီဘွဲ့များ ချီးမြှင့်ပြီး မကြာမီ ၎င်းတို့ ၂ ဦး USDP ဌာနချုပ်တွင် တွေ့ဆုံခြင်းဖြစ်သည်။
ထို့နောက် ဝါတာနာဘေနှင့် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံသည်။
ဂျပန်အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ပါလီမန်ကိုယ်စားလှယ်ဟောင်း မစ္စတာ ဝါတာနာဘေသည် မြန်မာမှ ဂျပန်ရင်းနှီးမြှုပ်နှံသူများကို ကိုယ်စားပြုသည်။
စစ်ကောင်စီက လာမည့်နှစ်တွင် ရွေးကောက်ပွဲဟုဆိုသည့် ကိစ္စကို ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် စစ်တပ်လက်ဝေခံပါတီကို သူသွားရောက်တွေ့ဆုံခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က USDP ကို သုံးပြီး သူ၏အာဏာ ခိုင်မာစေရန် ပြုလုပ်သည့် အတုအယောင်အဖြစ် ပြည်တွင်းပြည်ပက ရှုတ်ချထားသည်။
ဦးခင်ရီက ပါတီဝါဒ ဦးစားပေး ၈ ခုနှင့် လှုပ်ရှားမှုများကို ရှင်းပြသည့် ထိုတွေ့ဆုံပွဲသို့ USDP မှ အဆင့်မြင့် ခေါင်းဆောင်များလည်း တက်ရောက်သည်။ မစ္စတာ ဝါတာနာဘေသည် စစ်ကောင်စီ လက်ဝေခံပါတီနှင့် ရင်းနှီးမှုကို ထုတ်ဖော်ကြေညာပြီး သူ၏နိုင်ငံရေးဘဝကို ဆွေးနွေးကာ ဂျပန်နှင့် မြန်မာမှ နိုင်ငံရေးပါတီများအကြား ဆက်ဆံရေး အားပေးလိုကြောင်းပြောသည်ဟု ဦးခင်ရီက Facebook တွင် ရေးသားသည်။
သူ USDP နိုင်ငံတကာဆက်ဆံရေး ကော်မတီကို ဦးဆောင်စဉ် သူနှင့် ဝါတာနာဘေတို့သည် ၂၀၁၆ ခုနှစ်က ထိုနေရာတွင်ပင် တွေ့ဆုံဖူးကြောင်း ရေးသားသည်။ အသက် ၈၈ နှစ် ရှိနေပြီဖြစ်သော်လည်း မစ္စတာ ဝါတာနာဘေ၏ နိုင်ငံရေးအတွေးအခေါ်သည် လန်းဆန်းထက်မြက်နေကြောင်း ဦးခင်ရီက မြှောက်ပင့် ရေးသားသည်။
မစ္စတာ ဝါတာနာဘေသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိကြာသည့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် အရပ်သားတပိုင်း အစိုးရခေတ်ကပင် USDP နှင့် ရင်းနှီးသောဆက်ဆံရေး ရှိသည်။ မေလအတွင်းက ထိုဂျပန်နိုင်ငံရေးသမားသည် USDP ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ဆုံခဲ့သည်။
မစ္စတာ ဝါတာနာဘေနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆက်ဆံရေးသည် ဆယ်စုနှစ်တခုကျော် ကြာပြီဖြစ်ပြီး ၎င်းတို့ ၂ ဦး လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု မတိုင်မီနှင့်နောက်ပိုင်း မကြာမီကလည်း တွေ့ဆုံကြသည်။
စစ်ကောင်စီအညံ့ခံရေးသမား
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းခြင်း မဟုတ်ဘဲ ဥပဒေအရ လုပ်သင့်သည်ကို လုပ်ခြင်းဖြစ်ကြောင်း စစ်အာဏာသိမ်းပြီးနောက် မစ္စတာ ဝါတာနာဘေက ဂျပန်မှ အဆာဟိရှင်ဘွန်း သတင်းစာသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ မေလ၌ မြန်မာအရပ်သားများကို စစ်ကောင်စီက သတ်ဖြတ်မှု ၈၀၀ ကျော်နေချိန်တွင် မစ္စတာ ဝါတာနာဘေ၏ သား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း အထွေထွေအတွင်းရေးမှူး ယူဆူကီက Diplomat စာစောင်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖြစ်ကြောင်း၊ ဂျပန်သည် “မြန်မာတပ်မတော်နှင့် အထူးဆက်ဆံရေး” ကို ဆက်လက်မြှင့်တင်ရမည် ဖြစ်ကြောင်း ရေးသားသည်။
သူသည်စစ်တပ်ဘက်က ရပ်တည်ခြင်း မဟုတ်ကြောင်း၊ စစ်တပ်က ကိုယ့်ပြည်သူကိုယ် ဖိနှိပ်သတ်ဖြတ်သည်ဟု လူအများက မပြောစေလိုကြောင်း ဝါတာနာဘေက ပြောသည်။ မင်းအောင်လှိုင်သည် မြန်မာသို့ စစ်မှန်သော ဒီမိုကရေစီကို ဆောင်ယူပေးမည်ဆိုသည့် ကတိကို ယုံကြည်ကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီ၏ လက်ဝေခံပါတီအဖြစ် စစ်ဗိုလ်များဖြင့် ၂၀၁၀ ပြည့်နှစ် ဖွဲ့စည်းခဲ့သော USDP သည် နိုင်ငံတကာ လေ့လာသူများက ရွေးကောက်ပွဲအတုအဖြစ် သတ်မှတ်သည့် ရွေးကောက်ပွဲဖြင့် ၂၀၁၁ ခုနှစ်တွင် အာဏာရသော်လည်း ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် မရှုမလှ ရှုံးနိမ့်သည်။ နောက်ဆုံးအကြိမ် ရှုံးနိမ့်ပြီးနောက် ထိုပါတီသည် ရွေးကောက်ပွဲအသစ် တောင်းဆိုရန် စစ်တပ်နှင့် ပူးပေါင်းကြံစည်သည်။ စစ်အာဏာမသိမ်းမီက ထိုပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပစ်မှတ်ထားပြီး စစ်တပ်ထောက်ခံပွဲများ ကျင်းပသည်။
ထိုစစ်တပ်ထောက်ခံပွဲများကို ဦးခင်ရီက USDP ဒု ဥက္ကဋ္ဌအဖြစ် နောက်ကွယ်မှ ကြိုးကိုင်ပြီးနောက် မင်းအောင်လှိုင် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဖြစ်လာသည်။ လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာပြီးနောက် စစ်တပ်လက်ဝေခံပါတီကို ဦးဆောင်ရန် လွန်ခဲ့သောလ အနည်းငယ်က ပြန်လည်နုတ်ထွက်သည်။
You may also like these stories:
ဒေါ်လာမှ ကျပ်ပြောင်းမည့် မူဝါဒသစ်မှ ဂျပန်လုပ်ငန်းများ ကင်းလွတ်ခွင့်ပေးရန် သံရုံးတောင်းဆို
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့
မြန်မာစစ်အရာရှိများကို လေ့ကျင့်ပေးသောကြောင့် ဂျပန် ဝေဖန်ခံနေရ
ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ