သတင်း

ဒေါ်လာမှ ကျပ်ပြောင်းမည့် မူဝါဒသစ်မှ ဂျပန်လုပ်ငန်းများ ကင်းလွတ်ခွင့်ပေးရန် သံရုံးတောင်းဆို

အမေရိကန်ဒေါ်လာကို လက်ဝယ်ထားခွင့် မပြုဘဲ ၁ ရက်အတွင်း သတ်မှတ်ထားသော ကျပ်ငွေနှုန်းထားအတိုင်း ရောင်းချရ မည့် ဗဟိုဘဏ်၏ မူဝါဒအသစ်ကို ဂျပန်ကုမ္ပဏီများနှင့် ဂျပန်အဖွဲ့အစည်းများအား ကင်းလွတ်ခွင့်ပေးရန် မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံရုံးက တောင်းဆိုလိုက်သည်။

ယခု စည်းမျဉ်းသစ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကာ လုပ်ငန်း လုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီများ အားလုံးအတွက် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ပြီး မြန်မာနိုင်ငံအတွင်း၌ ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင် ရန်ပင် အခက်အခဲများ ဖြစ်လာစေမည် ဖြစ်ကြောင်း ဧပြီလ ၄ ရက်က စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ လိုက်သော ဂျပန်သံရုံး၏ တောင်းဆိုစာတွင် ဖော်ပြထားသည်။

ထိုသို့ ဂျပန်စီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီများကို လုပ်ငန်းလည်ပတ်ရန် ထိခိုက်နိုင်သည့်အပြင် ဂျပန်သံရုံးနှင့် မြန်မာ နိုင်ငံတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေသော ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) တို့ကဲ့သို့သော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ အပေါ်တွင် လည်း ထိခိုက်လာနိုင်ကြောင်း ဆိုထားသည်။

ထို့အတွက်ကြောင့် ဂျပန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ရှေးရှုပြီး ဗဟိုဘဏ်၏ အမိန့် ညွှန်ကြားချက် ၁၂/၂၀၂၂ ၏ အပိုဒ် ၃ တွင် ဖော်ပြထားသော ကင်းလွတ်ခွင့်ကို ဂျပန်ကုမ္ပဏီများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရားဝင် ဖွဲ့စည်းထားသော ဂျပန် အဖွဲ့အစည်းများ အားလုံးကို ပေးရန်အတွက် ဂျပန်သံရုံးက တောင်းဆိုသည်။

အဆိုပါ အမိန့်ညွှန်ကြားချက် ၁၂/၂၀၂၂ ၏ အပိုဒ် ၃ တွင် ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင်ငွေများကို မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များတွင် ငွေစာရင်း ဖွင့်လှစ်၍ အလုပ် လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ရောင်းချရမည်ဖြစ်သော်လည်း ကင်း လွတ်ခွင့်ပြုမည့် ကိစ္စရပ်များ ပေါ်ပေါက်ပါက သီးခြား ထုတ်ပြန် ဆောင်ရွက်မည်ဟု ဆိုထားခြင်း ဖြစ်သည်။

ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ သုံးစွဲမှုအပေါ် ကန့်သတ်မှုကြောင့် ပြည်တွင်းပို့ကုန်လုပ်ငန်းများနှင့် ပြည်ပပို့ကုန် အတွက် အဓိကထား ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြားတွင် ဂယက်ကြီးမားစွာ ရိုက်ခတ်လျက်ရှိ ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ဝင်တာနဲ့ ၁ ရက်အတွင်း တခါတည်း မြန်မာကျပ်ငွေ ပြောင်းခိုင်းတယ်။ ဒါပေမယ့် အခုဘဏ်တွေမှာက အများဆုံး ငွေထုတ်ခွင့် ပေးထားတာက ကျပ်သိန်း ၁၀၀ ဆိုတော့ ကုမ္ပဏီတွေအတွက်က လုပ်ငန်း လည်ပတ်ဖို့အတွက် ငွေကြေး အကျပ်အတည်းက ပိုဖြစ်လာနိုင်တယ်လေ” ဟု ပြောဆိုသည်။

ထို့ပြင် အမေရိကန်ဒေါ်လာ လဲလှယ်ရာတွင်လည်း ဈေးကွက်ပေါက်ဈေးအတိုင်း မဟုတ်ဘဲ ကျပ် ၁၈၅၀ နှုန်းဖြင့် ဗဟိုဘဏ် သတ်မှတ်ထားခြင်းကလည်း ပို့ကုန် လုပ်ငန်းလုပ်နေသော ပြည်တွင်းပြည်ပ ကုမ္ပဏီများ အတွက် အခက်အခဲ ဖြစ်စေ ကြောင်း ၎င်းက ဆိုသည်။

လတ်တလောတွင် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာဈေးသည် ကျပ်၂၀၅၀ ဝန်းကျင်အထိ ဈေးပေါက် လျက် ရှိသည်။

အမေရိကန်ဒေါ်လာအပေါ် တင်းကျပ်လိုက်သော ဗဟိုဘဏ်၏ မူဝါဒအသစ်ကြောင့် ပြည်ပပို့ကုန်လုပ်ငန်းများအပေါ် သက်ရောက်မှု ကြီးမားလာမည် ဖြစ်သလို နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ရှားပါးမှု ပိုဖြစ်လာပြီး မှောင်ခိုဈေးကွက်ကို ပိုပြီး အားပေးရာ ရောက်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကြားတွင် ဝေဖန်ပြောဆိုနေကြလျက် ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

ဗဟိုဘဏ်ထုတ်ပြန်ချက် ပို့ကုန်သမားနှင့် အမေရိကန်ဒေါ်လာလက်ဝယ်ရှိသူများ ထိခိုက်နိုင်

လျှပ်စစ်ရထားစီမံကိန်း မြန်မာနှင့် ဂျပန်ကုမ္ပဏီများဆွေးနွေး

Loading