ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများနှင့် သက်မွေးပညာကျောင်းများ ထူထောင်ခဲ့သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် ငွေနှင့်ပစ္စည်းများအား သိမ်းယူရန် စစ်ကောင်စီက အမှု ပြင်ဆင် ချက် အယူခံအနေဖြင့် ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဖောင်ဒေးရှင်းရုံးများကို ချိပ်ပိတ် သိမ်းဆည်းကာ ရန်ကုန်နှင့်နေပြည်တော်ရှိ ဖောင်ဒေးရှင်းမြေနေရာ ငှားရမ်းချထားပေးမှုများတွင် နိုင်ငံတော်ငွေကြေး နစ်နာဆုံးရှုံးမှုများရှိသည်ဟု စွပ်စွဲ၍ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ၄ မှုဖြင့် တရားစွဲထားမှုအပေါ် စစ်ကောင်စီလက်အောက်ခံ တရားရုံးက ယခုနှစ် ဩဂုတ် ၁၇ ရက်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။
ယင်းပြင် ဖောင်ဒေးရှင်း မြေနေရာချထားပေးမှုများတွင် ပါဝင်ပတ်သက်သည် ဟုဆိုကာ NLD အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒု မြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ တို့ကိုလည်း ထောင် ၃ နှစ်စီ ကျခံစေရန် တပါတည်း အမိန့်ချခဲ့သည်။
သို့သော် အဆိုပါ အမိန့်ချမှုများတွင် ၎င်းတို့ စွပ်စွဲတရားစွဲဆိုသူ လူပုဂ္ဂိုလ်များအပေါ်သာ ထောင်ဒဏ်ချမှတ်ခဲ့ပြီး ဖောင် ဒေးရှင်း ပိုင်ဆိုင်မှုများအား ပြည်သူပိုင်သိမ်းဆည်းရန် ပါဝင်မှု မရှိသည့်အတွက် ယခုအခါတွင် စစ်ကောင်စီ လက် အောက်ခံ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ပြင်ဆင်ချက် အယူခံ တင်သွင်းလာခြင်း ဖြစ်ကြောင်းလည်း အမှုနှင့်နီးစပ်သူ တဦးက ပြောသည်။
အမည်မဖော်လိုသူ CDM တရားသူကြီးတဦးက “အဓိကတော့ ပစ္စည်းတွေကို သိမ်းဖို့ ပြင်ဆင်ချက် တက်တာလို့ ယူဆပါတယ်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းပိုင် မြေနေရာတို့ အဆောက်အအုံတို့ ငွေကြေးတို့ကို သိမ်းချင်လို့ လုပ်တဲ့ သဘောပါ” ဟု ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီမှ ဖောင်ဒေးရှင်းရုံးများအား အကြမ်းဖက်စီးနင်းကာ ချိပ်ပိတ်သိမ်းဆည်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်က ၎င်းတို့ ထုတ်ပြန်ခဲ့သည့် စာရင်းများအရပင်လျှင် လူမှုရေးလုပ်ငန်းများနှင့် ရုံးလုပ်ငန်းများ သုံးစွဲအပြီး ဖောင်ဒေးရှင်းပိုင် လက်ကျန်ငွေကြေးမှာ နိုင်ငံတကာလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁.၀၈ သန်းကျော်၊ ပြည်တွင်းဘဏ်အကောင့်များမှ လက်ကျန်အလှူငွေမှာ ငွေကျပ် ၆ ဒသမ ၀၄ ဘီလီယံကျော် ရှိနေသည်။
ယင်းပြင် မြန်မာ့စီးပွားရေးဘဏ် (ကော့မှူး)၊ CB ဘဏ်၊ ဧရာဝတီဘဏ်၊ UAB ဘဏ်နှင့် KBZ ဘဏ်တို့ရှိ စာရင်းရှင် အပ်ငွေ အကောင့် ၈ ခုမှလည်း လက်ကျန်ငွေကျပ် စုစုပေါင်း ၁၇ ဒသမ ၈ သန်းကျော်ရှိနေပြီး ကော့မှူးမြို့နယ်၊ ရန်ကုန် မြို့ ဗဟန်းမြို့နယ်နှင့် နေပြည်တော် လရောင်တော စီမံကိန်းတို့တွင်လည်း ကျပ်ဘီလီယံချီ တန်ဖိုးရှိ ဖောင်ဒေးရှင်းပိုင် အဆောက်အအုံ များစွာ ရှိနေသေးသည်။
မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အမည်ဖြင့် သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည် က ဖောင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ကာ နိုင်ငံတကာမှ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ကော့မှူးမြို့နယ်မှ သက်မွေးသင်တန်းကျောင်းအပါအဝင် နိုင်ငံတဝှမ်း လူမှုရေးလုပ်ငန်းများ၊ သက် မွေးပညာကျောင်းများ တည်ထောင်ကာ လူထုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ဖောင်ဒေးရှင်းတခုလည်း ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အား ပေးသည်မှာ အလှူငွေဟု ဦးမောင်ဝိတ် ထွက်ဆို
ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အား ထောင်ဒဏ် အနှစ်၂၀ ချမှတ်












