ဧရာဝတီ ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃
အာဏာသိမ်း စစ်ကောင်စီဟာ လူထုကို ခြိမ်းခြောက်မှုတွေလုပ်တဲ့အခါ တယ်လီဂရမ်ချန်နယ်တွေကိုလည်း အသုံးပြုပြီး ဒီချန်နယ်တွေကတဆင့် ခြေရာခံ၊ အကြပ်ကိုင်တာ၊ ဖမ်းဆီးဖို့ တိုက်တွန်းတာတွေကို လုပ်ဆောင်လျှက်ရှိပါတယ်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ် ချန်နယ်တွေကနေ အာဏာသိမ်းမှုအပေါ် လူထုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး လွတ်လပ်စွာရေးသားဖော်ထုတ်နေကြတဲ့ သတင်းမီဒီယာသမားတွေ၊ တော်လှန်ရေးမှာ ပါဝင်နေသူတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသူတွေကို နောက်ကွယ်က ထောက်ပံ့ပေးနေသူတွေကို ဖမ်းဆီးနိုင်ဖို့ ခြေရာခံပေးနေတာဖြစ်ပါတယ်။
အဲ့ဒီချန်နယ်တွေဟာ အခုနောက်ပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင် လှုပ်ရှားသူတွေကိုသာမကဘဲ အာဏာသိမ်းမှုကြောင့် လူမှုဘဝ ရိုက်ခတ်ကြောင်း လူမှုကွန်ရက်ပေါ် ရေးတင်နေတဲ့ ပြည်သူတွေကိုပါ ဖမ်းဆီးဖို့ခြိမ်းခြောက်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ တိုက်ခိုက်တာတွေကိုပါ လုပ်ဆောင်လာတာတွေ့နေရပါတယ်။
ဒီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေက ခြေရာခံပေးပို့လာတဲ့ ပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ ထောင်ချတာနဲ့ ငွေညှစ်တာတွေလုပ်ဆောင်နေလျှက်ရှိပါတယ်။
ဒီလိုလုပ်ရပ်တွေဟာ စစ်ကောင်စီကျရှုံးမှုတွေ လူထုအကြား မပြန့်နှံ့စေလိုတဲ့ အပြင် လူထုကို အကြောက်တရားနဲ့ ဖိနှိပ်နေတာ ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။