မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) ၇ ဖွဲ့မှ ထိပ်ပိုင်း ခေါင်းဆောင်များ ပါဝင် သည့် ပွည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) အစည်းအဝေးကို ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းတွင် မတ်လ ၁၅ ရက်မှ စတင်ကာ ကျင်းပနေကြောင်း အဆိုပါ EAOs များထံမှ သိရသည်။
ဆွေနွေးပွဲကို UWSA၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်– မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရက္ခိုင်စစ်တပ် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ခေါင်းဆောင်ပိုင်းများ တက်ရောက်နေခြင်းဖြစ်သည်။
AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က “ကျနော်တို့ ULA/AA ဘက်ကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပါတယ်။ အစည်းအဝေးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ မသိရသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကလည်း အစည်းအဝေးပြီးပါက ထုတ်ပြန်ကြေညာချက် တစောင် ထွက်လာနိုင်ပြီး အစည်းအဝေး မည်သည့်ကာလတွင် ပြီးဆုံးမည်ကို မပြောနိုင်သေးကြောင်း ဆိုသည်။
၎င်းက “အစည်းအဝေး လုပ်နေတာတော့ မှန်ပါတယ်။ ဘယ်အကြောင်းအရာ တွေလဲ ဆိုတာတော့ ကျနော်ခရီးလွန်နေလို့ မသိရသေးပါဘူး” ဟု ဆိုသည်။
တရုတ်နယ်စပ်မှ သတင်းရင်းမြစ်များကမူ အစည်းအဝေးတွင် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ MNDAA ဥက္ကဋ္ဌ ဦးဖုန်တာ့ရွှင်၊ TNLA ဥက္ကဋ္ဌ တာအိုက်ဘုန်း တို့လည်း တက်ရောက်နေကြောင်း ပြောသည်။
မြောက်ပိုင်း EAOs ၇ ဖွဲ့သည် အစိုးရအပါအဝင် မြန်မာစစ်တပ်နှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ၌ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်း ခဲ့သည်။
FPNCC အစည်းအဝေးသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျင်း၏ နေပြည် တော်နှင့် တရုတ်နယ်စပ် EAOs နယ်မြေတို့ကြား လွန်းပျံခရီးစဉ်များ ပြီးသည့်နောက် ပေါ်ပေါက်လာသော အစည်း အဝေး တရပ်ဖြစ်သဖြင့် အရေးကြီးကြောင်း တရုတ်နယ်စပ်မှ သတင်းရင်းမြစ်များက ဆိုသည်။
တရုတ်အထူးကိုယ်စားလှယ်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ တတိယအပတ်တွင် တရုတ်နယ်စပ်ရှိ မြောက်ပိုင်း EAOs နယ်မြေအချို့သို့ သွားရောက်ကာ EAOs များနှင့် တဖွဲ့ချင်းဆီ တွေ့ဆုံဆွေးနွေးခဲ့ပြီး မတ်လ ၆ ရက်တွင် နေပြည်တော် သို့ သွားကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်တွေ့ဆုံမှုတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အချို့သည် စစ်ကောင်စီနှင့် ငြိမ်း ချမ်းရေး ဆွေးနွေးနေပြီး အချို့အဖွဲ့များသည် စစ်ကောင်စီနှင့် ဆွေးနွေးမှုမရှိသည့်အပေါ် မြောက်ပိုင်းအဖွဲ့များအတွင်း ညီညွတ်မှု မရှိဖြစ်နေကြောင်း ပြောခဲ့သည်။ ယင်းပြင် မြောက်ပိုင်း EAOs များကိုလည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းခဲ့သည်။
စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တရုတ်၏ အကူအညီပေးနေမှု၊ နှစ်နိုင်ငံ မူးယစ်ဆေး ဝါးတားဆီးရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်လာသည့် အခြေအနေ၊ နှစ်နိုင်ငံ ဆက် ဆံရေး ကဏ္ဍပေါင်းစုံမြှင့်တင်ရန် ဆောင်ရွက်မှုအပါအဝင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို ဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာအရ သိရသည်။
တရုတ်နယ်စပ်မှ သတင်းရင်းမြစ်တဦးကလည်း “တရုတ်အထူးကိုယ်စားလှယ်က ပြီးခဲ့တဲ့ ၂ လကျော်အတွင်းမှာ မြောက်ပိုင်း EAOs ၇ ဖွဲ့နဲ့ သီးခြားစီ၂ ခါ တွေ့တယ်။ စစ်ကောင်စီနဲ့ ၂ ခါ တွေ့တယ်။ အဲဒါပြီးတော့ ၇ ဖွဲ့ ဆွေးနွေးပွဲ ပေါ်တာပဲ။ ဘာတွေဆုံးဖြတ်မလဲဆိုတာ မသိရတဲ့ အခြေအနေမှာ ဘာဖြစ်နိုင်တယ်ဆိုတာ ကြိုပြောရတာတော့ ခက်ပါ တယ်။ ဘာဆုံးဖြတ်ချက်တွေ ချမလဲဆိုတာ အလေးထား စောင့်ကြည့်သင့်တဲ့ အချက်ဖြစ်ပါတယ်” ဟု ဆိုသည်။
You may also like these stories:
မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ ပန်ဆန်းမှာတွေ့
စစ်ကောင်စီကို ဖြုတ်ချရန် လူမျိုးစုံ စည်းလုံးရမည်