ယာယီရပ်ဆိုင်းထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ၁၇ ကြိမ်မြောက်ကွန်ဂရက်ကို ဧပြီ ၂၄ ရက်မှစ၍ ပြန်လည်ကျင်းပနေကြောင်း သိရသည်။
ယင်း ၁၇ကြိမ်မြောက် ကွန်ဂရက်ကို ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်တပ် အာဏာသိမ်းမှု အပါအဝင် လုံခြုံရေးအခြေ အနေတို့ကြောင့် ၂ နှစ်ကြာ ရွှေ့ဆိုင်းထားခဲ့ရာ ယခုနှစ် ဖေဖေါ်ဝါရီ ၂၇ရက်တွင် အွန်လိုင်းမှတဆင့် ပြန်လည်ကျင်းပ ခဲ့သော်လည်း အခက်အခဲများကြောင့် ထပ်မံရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။
KNU သတင်းရင်းမြစ်တဦးက ယခု ကွန်ဂရက်ပြန်လည် ကျင်းပခြင်းနှင့် ပတ်သက်၍ ဧရာဝတီသို့ အတည်ပြု ပြောကြား သော်လည်း အသေးစိတ်အခြေအနေကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ယခု ပြန်လည်ကျင်းပသည့် ဧပြီ ၂၄ ရက် ကွန်ဂရက်တွင်မူ ခရိုင် ၇ ခုနှင့် တပ်မဟာ ၇ ခုမှ ခေါင်းဆောင်များ အစုံအညီ တက်ရောက်ကြသော်လည်း နောက်ပိုင်းရက်များတွင် KNU တပ်မဟာ ၂ နှင့် တပ်မဟာ ၅ မှ ခေါင်းဆောင်များ ဆက် လက်တက် ရောက်ခြင်း မရှိကြောင်း၊ အကြောင်းအရင်းကိုမူ မသိရသေးကြောင်း အဆိုပါ သတင်းရင်းမြစ် က ဆိုသည်။
၎င်းက “တပ်မဟာ ၂ နဲ့ ၅ မပါလည်း တက်ရောက်ရာနှုန်း ပြည့်တယ်ဆိုပြီး ရွေးကောက်ပွဲကတော့ ဆက်လုပ်မှာ ဖြစ် တယ်” ဟု ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် KNU ၏ ကွန်ဂရက်တွင်လည်း တပ်မဟာ ၅ မှ ခေါင်းဆောင်များ တက်ရောက် ခဲ့ခြင်း မရှိပေ။
ယခုဧပြီလဆန်းပိုင်းက ပြုလုပ်သော ဧရာဝတီနှင့် သီးသန့်မေးမြန်းခန်းတွင်မူ KNU ပြောခွင့်ရ ပဒိုစောတောနီးက “ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက စတင်ကျင်းပနေတာက အဆုံးမသတ်သေးဘူး။ အခက်အခဲတွေရှိနေလို့ ကျနော်တို့ အဖွဲ့ထဲမှာ ဆွေးနွေးတယ်၊ ညှိနှိုင်းတယ်။ အရပ်ဘက်အဖွဲ့တွေနဲ့ ညှိနှိုင်းတာတွေရှိသလို မပြေလည်တဲ့၊ အဆင်မပြေမှု တွေရှိတဲ့ ကျနော်တို့ခရိုင်တွေနဲ့လည်း ဆွေးနွေးတာတွေရှိတယ်” ဟု ပြောထားသည်။
လက်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆ စသည့်နယ်မြေ များတွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်နေသလို လေကြောင်းမှ တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ် မှုများ၊ တိုက်ပွဲများကြောင့် ဒုက္ခသည် အရေအတွက်မှာလည်း ၃၆၅၁၈၇ ဦး ရှိကြောင်း KNU လူ့အခွင့်အရေးကော်မတီ နှင့် သုတေသန မှတ်တမ်းဌာနခွဲ၏ ၂၀၂၂ခု ဒီဇင်ဘာလ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် KNU ပြောခွင့်ရ ပဒိုစောတောနီးကမူ ကရင်ပြည်နယ်တွင် စစ်ရှောင် ၅ သိန်းရှိကြောင်း မကြာသေးမီက ပြုလုပ်သည့် ဧရာဝတီနှင့် သီးသန့်အင်တာဗျူးတွင် ပြောဆိုထားသည်။
ထိုသို့ စစ်ကောင်စီနှင့် တိုက်ပွဲများအပြင် လက်ရှိ KNU ခေါင်းဆောင်ပိုင်း တချို့မှာ တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ပတ် သက်ဆက်နွယ်နေသည်ဆိုသော စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရပြီး ကရင်အရပ်ဘက်အဖွဲ့အစည်း ၆၈ဖွဲ့မှ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီတရပ်လုံး နှုတ်ထွက်ပေးရန် တောင်းဆိုထားသလို ၂၀၂၂ ခု ဇူလိုင်လ အတွင်းက ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ကရင်အမျိုး သားအစည်းအရုံး (KNU) မှ ခွဲထွက်၍ ကော်သူးလေတပ်မတော် (Kaw Thoo Lei Army – KTLA) ကို တည်ထောင် ခဲ့သည့် အကွဲအပြဲ ပြဿနာများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
လက်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှာ အသက် ၉၀ အရွယ် ရှိနေပြီး မကြာသေးမီက သွေးတိုးနေသဖြင့် ထိုင်းနိုင်ငံရှိ ဆေးရုံတရုံ၌ ဆေးကုသမှု ခံယူခဲ့ရသေးသည်။
ယခုကျင်းပနေသည့် KNU ကွန်ဂရက်သည် လက်ရှိနွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု ရှိနိုင်သလို ခေါင်းဆောင် ပိုင်း အပြောင်းအလဲများ ဖြစ်လိမ့်မည်ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်နေသဖြင့် ၁၇ ကြိမ်မြောက်ကွန်ဂရက် ကျင်းပနေမှုနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
KNU ၏ ၁၆ ကြိမ်မြောက်ကွန်ဂရက်ကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်းက ကျင်းပခဲ့ပြီး KNU ၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ ၄ နှစ်တကြိမ်ကျင်းပရန် သတ်မှတ်ထားသော ကွန်ဂရက်သည် KNU ဗဟို၏ခေါင်းဆောင်များကို ပြန်လည်ရွေးကောက် တင်မြှောက်သည့်ပွဲလည်း ဖြစ်သည်။
You may also like these stories:
BGF နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမှု ကရင်အရပ်ဘက်အဖွဲ့များ ဝေဖန်
တပ်မဟာ ၇ နယ်မြေ၌ ကော်သူးလေတပ်အား လှုပ်ရှားခွင့် မပြုကြောင်း KNU ထုတ်ပြန်
ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း
ကော်သူးလေတပ်မတော် ဘာကြောင့်ပေါ်လာသလဲ














