ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ မြောက်ဦးမြို့တွင် အင်အားပြင်းဆိုင်ကလုန်းမိုခါ မုန်တိုင်းဒဏ်ကြောင့် တမြို့လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ရေသန့်နှင့်အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “မြောက်ဦးမြို့မှာ အခုက မီးလည်း မရှိဘူး။ သောက်စရာရေလည်းမရှိဘူး။ သုံးစရာရေလည်းမရှိဘူး။ အမိုးလန်သွားတဲ့လူတွေဆိုရင်လည်း ညဆို မိုးတွေကရွာ ရင် လူတွေက နေစရာကိုမရှိဘူး” ဟု ဧရာဝတီကို ပြောသည်။
မိုခါမုန်တိုင်းဖြတ်ပြီးနောက်ပိုင်း မြောက်ဦးမြို့၏ အနောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ လူနေအိမ်အများစုနှင့် မြို့မ ဈေး ခေါင်မိုးလန်ပျက်စီးသွားခဲ့ပြီး မြောက်ဦးမြို့ရှိ အရိပ်ရသစ်ပင်ကြီးအားလုံးနီးပါးမှာလည်း လမ်းမထက် ပြိုလဲကျကုန် ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “လောလောဆယ်တော့ ကူညီကယ်ဆယ်ရေးတွေ လုံလုံလောက်လောက် မရောက်လာကြသေးဘူး။ ပျက်စီးဆုံးရှုံးမှုကအရမ်းများတော့ ကူညီကယ်ဆယ်ရေးတွေ မြန်မြန်ရောက်လာနိုင်လေ လူသက်သာရာရလေပေါ့” ဟု ပြောသည်။
မိုခါမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၂၄၀ ကျော်တွင် ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူဦးရေ ၃၀,၀၀၀ ကျော် မုန်တိုင်းရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ကိုင် နေသော မြောက်ဦးလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “အိမ်တွေက အကုန်ပျက်စီးသွားတာဆိုတော့ ညဘက်တွေမိုးရွာရင် အိပ်ကိုမအိပ်ရဘူး၊ ငုတ်တုတ်တွေပဲ ထိုင်နေကြ ရတာ။ အားလုံးက ကိုယ်ဟာနဲ့ကိုယ်ပဲ လုပ်နေကြရတာ။ မိုးကာလေးနဲ့ သောက်သုံးရေတွေကတော့ တော်တော်လေး အခက်အခဲ ကြုံတွေ့နေရတယ်” ဟု ဆိုသည်။
လတ်တလောတွင် မြောက်ဦးမြို့သို့ ပြင်ပမှကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်နိုင်ခြင်းမရှိသေးဘဲ ဒေသခံအဖွဲ့အစည်း များကပဲ မုန်တိုင်းရှောင်ဒေသခံများကို ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။
ထို့ပြင် ပျက်စီးသွားသော နေအိမ်များအား ပြန်လည်ပြုပြင်ရန်အတွက် သစ်သားနှင့် အိမ်ဆောက်ပစ္စည်းများ ပြတ်လပ်နေပြီး ရန်ကုန်မြို့မှ ဝယ်ယူတင်သွင်းမည်ဆိုပါကလည်း ရခိုင်ပြည်နယ် စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး၏ထောက်ခံစာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
မြောက်ဦးလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတဦးက “အမ်းကနေ ဝယ်ယူမယ်ဆိုရင် နယ်/လုံရဲ့ ထောက်ခံစာလိုတယ်။ အဲဒါကလည်း တလလောက်ကြာမယ် ရဖို့ကို။ အခုလို အရေးပေါ်ကာလမှာ စီးပွားရေးသမားတွေ တင်သွင်းတာမဟုတ်ဘဲ လူမှုကူညီရေးအဖွဲ့ဆိုရင် ဝယ်ယူဖြတ်သန်းခွင့်ပေးဖို့တော့ တောင်းဆိုချင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်ပိုင်းများက ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသော ဒေသခံများ ခိုလှုံရာ မြောက်ဦးမြို့ပေါ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်း အပါအဝင် စစ်ဘေးရှောင်စခန်းများမှာလည်း မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ကြောင်း မြောက်ဦးမြို့ခံများထံမှ သိရသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းတခုတည်း၌ပင် အိမ်ထောင်စုပေါင်း ၁၂၀၀ နီးပါး၊ လူဦးရေ ၄၀၀၀ ကျော် ခိုလှုံလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ စစ်ဘေးရှောင်များလည်း မြောက်ဦးမြို့ပေါ်၌ ကူညီကယ်ဆယ်ရေးစခန်းများအဖြစ် ဖွင့်လှစ်ထား သော ဘုန်းကြီးကျောင်းများတွင် မုန်တိုင်းရှောင်ဒုက္ခသည်များအဖြစ် ခိုလှုံံနေရလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ကြိုးပမ်းနေသည့် မြောက်ဦးတွင် မိုခါမုန်တိုင်းကြောင့် ရှေးဟောင်းကျေးမှု အဆောက်အအုံများ ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိခဲ့ကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။
၎င်းက “ကျောက်အဆောက်အအုံတွေ ဖြစ်တဲ့အခါမှာကျတော့ အဆောက်အအုံတွေက ထုနဲ့ထည်နဲ့ဆိုတော့ မုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးမှု သိပ်မရှိခဲ့ဘူး။ ဒါပေမဲ့ နန်းတော်ကုန်းမှာရှိတဲ့ ပြတိုက်တော့ အမိုးလန်သွားတယ်။ သစ်ပင်တွေလဲ တာတွေရှိတယ်” ဟု ဆိုသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA-Myanmar) ကလည်း မိုခါမုန်တိုင်းကြောင့် လူပေါင်း ၅ ဒသမ ၄ သန်းနီးပါး ထိခိုက်နိုင်ပြီး လတ်တလောတွင် ကုန်စည်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကြေးထက် စားနပ်ရိက္ခာအထောက်အပံ့မှာ ပို၍လိုအပ်နေကြောင်း၊ ကျန်းမာရေး၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ အမိုးအကာ၊ ရေသန့်၊ မိလ္လာနှင့် တကိုယ်ရေးသန့်ရှင်းမှုဆိုင်ရာ လိုအပ်ချက်များအား တင်ပြတောင်းခံထား ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများနှင့် အရေးပေါ်လိုအပ်ချက်များအား ဦးစားပေး အနေဖြင့် စစ်တမ်းစတင်ကောက်ယူရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါဒေသများသို့ ဝင်ရောက်ခွင့်ရရေးအတွက် ညှိနှိုင်းမှု များ လုပ်ဆောင်နေကြောင်းလည်း ၎င်းတို့က ဆိုထားသည်။
You may also like these stories:
ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ
စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်
ရခိုင်တွင် ကုန်စျေးနှုန်းတွေတက်၊ အမိုးအကာရရှိရေး အခက်အခဲဖြစ်နေ
မုန်တိုင်းကြောင့် ဆင်ဖြူကျွန်း၌ ရေကြီးကာ ၃ ဦး သေဆုံး၊ အိမ်အများအပြား ပျက်စီး
ချင်းပြည်နယ်အတွင်း မုန်တိုင်းကြောင့် အဆောက်အအုံ ၁၀၀၀ ခန့် ပျက်စီး