စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် များအကြား သြဂုတ်၂ ရက်က မရကန်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီစစ်ကြောင်းက ရွာမှနေ အိမ်များ အား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ဇူလိုင် ၃၁ ရက်က ရေဦးမြို့မှ ထွက်လာသည့် အင်အား ၁၃၀ ခန့်ပါ အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက် အောက်ခံ မှော်ဘီအခြေစိုက် ခမရ ၇၀၂၊ တိုက်ကြီးအခြေစိုက် ခမရ ၇၀၈ စစ်ကြောင်းအား သြဂုတ် ၂ ရက်နေ့လယ် ပိုင်းတွင် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO- Shwebo Justice Force)၊ ရွှေဘိုခရိုင်တပ်ရင်း ၉၊ တပ် ရင်း ၁၂၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
Shwebo Justice Force အဖွဲ့ တာဝန်ရှိသူက “မနေ့က မရကန်ရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ၊ မိုင်းဆွဲတဲ့အချိန်မှာ ၁၀ ယောက်လောက် လဲကျသေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရတာပါ၊ တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်တပ်က ကင်းထောက် Drone တွေနဲ့ ထောက်ပြီး လက်နက်ကြီးတွေနဲ့ မနားတမ်း ပစ်ခတ်နေတဲ့ ကြားက ၁ နာရီကျော်ကြာတဲ့အထိ တိုက်ပွဲ ဖြစ်ခဲ့တယ်” ဟု ပြောသည်။
တိုက်ပွဲမှာ ၁ နာရီကျော်ခန့် ကြာမြင့်ကာ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များဘက်မှ ၇ ဦး ဒဏ်ရာရခဲ့ပြီး PDF ပူးပေါင်းတပ် များက မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDO – Shwebo Justice Force) က သတင်းထုတ် ပြန်ထားသည်။
ထိုနောက် စစ်ကောင်စီ စစ်ကြောင်းသည် မရကန်ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များ အား မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၂၇ လုံးခန့် မီးလောင်ပြာကျခဲ့ရသလို အခြားနေအိမ်များကိုလည်း မွှေနှောက်ရှာဖွေ ဖျက်ဆီးခဲ့ကြကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade အဖွဲ့နှင့် ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့များထံက သိရသည်။
ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် က “မနေ့က ညနေ ၄ နာရီလောက်ကစပြီး မရကန်ရွာကို ဝင်စီးပြီး မီးရှို့သွားကြတာ၊ ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း တညနေလုံး အနီးဝန်းကျင်ကို ဆက်တိုက်ထုခဲ့တယ်၊ မနက်ပိုင်း လက်နက်ကြီးတွေ ပစ်တာမှာ ကိုယ်ဝန်ဆောင်တဦးနဲ့ အမျိုး သားတဦး ထိခိုက်ဒဏ်ရာ ရခဲ့သေးတယ်၊ မရကန်ရွာက ဒါနဲ့ဆို ၃ ကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရတာ၊ အရှို့ခံလိုက်ရ တဲ့ အိမ် ၂၇ လုံးထဲမှာ၂၀ လောက်က အရင်က အရှို့ခံထားရတာမို့ ယာယီနေထိုင်ဖို့ ပြန်ဆောက်ထားတာတွေပါ” ဟု ပြောသည်။
အဆိုပါ မရကန်ကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်က ပထမအကြိမ် မီးရှို့ခံရမှုတွင် နေအိမ် ၄ လုံး၊ ယာစောင့်တဲ ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရသလို လေဖြတ်ထားသည့် အဘိုးအိုတဦး မီးလောင်သေဆုံးခဲ့ သည်။
ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဒုတိယအကြိမ် ထပ်မံ မီးရှို့ခံရပြီး နေအိမ် ၇၀ ပျက်စီးခဲ့ကြောင်း၊ ဒီပဲယင်းမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း မီးရှို့ခံရသည့် နေအိမ်စုစုပေါင်း ၆၀၅၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံက သိရသည်။
ယင်းစစ်ကြောင်းသည် ဇူလိုင် ၃၁ ရက် ညပိုင်းမှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ရေဦးမြို့နယ် တောင် ခြမ်းမှ မူးသာကုန်း၊ ရွာသာလေး၊ ကုက္ကိုစု၊ ပေါက်သာ၊ ဆည်ကြီး၊ ပိဋကတ်ကျ၊ ဇိန်ဇွန်း၊ ချောင်းပေါက်ကျေးရွာများ၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှ မရကန်၊ ဘန့်ဘွေး၊ ဆင်ရောက်ကုန်း၊ အောင်ချမ်းသာ၊ သရက်တော၊ မဲအိုး၊ လက်ယက် ကုန်း၊ မူးခတွင်း၊ ညောင်ကြီးကုန်း၊ နဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ ညောင်လှ၊ သပြေသာ၊ လက်ဆည်၊ ကုန်းကြီးကျေးရွာများ ဒေသခံများသည် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းသို့ မိုးများရွာသွန်းနေသည့်ကြားမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ရေဦး မြို့နယ်အခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော် က “၃၁ ရက်က ရေဦးက နေ ကားကြီး ၄ စီးနဲ့ ည ၉ နာရီခွဲလောက်က ထွက်လာတဲ့ စစ်ကြောင်းက ရေဦးမြို့တောင်ဘက် မူးသာကုန်းမှ ချထား ပေးခဲ့ပြီး အဲဒီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးထွက်လာကြတာမို့ ရာသီဥတု မကောင်း တဲ့ကြားထဲ မိုးထဲရေထဲ ညကြီးထွက်ပြေးကြရတယ်။ မနေ့ကလည်း မိုးရွာနေတဲ့ကြားထဲ အကုန် ပြေးကြရတာ၊ မိုးရေ ထဲ ပြေးရတာဆိုတော့ သွားရေးလာရေးကအစ အတော် ဒုက္ခရောက်ကြရတယ်၊ ကလေးတွေ၊ သက်ကြီးရွယ်တွေ လည်း ပါတယ်ဆိုတော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မရကန်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ် စစ်ကြောင်းသည် ယနေ့တွင် ဒီပဲယင်းမြို့ပေါ်သို့ ပြန်လည် ဝင်ရောက်သွားပြီး မြို့ပေါ်နေရာအနှံ့ ကင်းပုန်းများလည်း ချထားကြောင်း သိရသည်။
You may also like these stories:
စစ်ကိုင်းမှ ရွာပေါင်း ၃၀ ကျော် ဒေသခံ ၁ သောင်းခန့် စစ်ကြောင်းကြောင့် တိမ်းရှောင်
စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် ကန်ပက်လက်ကို ထိုးစစ်ဆင်နေ