စစ်တပ်သည် ၎င်းတို့အရာရှိ အနည်းဆုံး ၂၀ ကို မြန်မာ့စီးပွားရေးဘဏ် (MEB) များတွင် အဆင့်မြင့်အရာရှိများအဖြစ် ယခုနှစ်အတွင်း ခန့်အပ်လိုက်ပြီး ထိုသူများသည် အနည်းဆုံး တိုင်း ငါးတိုင်းနှင့် ပြည်နယ်နှစ်ခုတွင် ဘဏ်ခွဲများကို လွန်ခဲ့သောလမှ စတင် ကြီးကြပ်မည်ဖြစ်ကြောင်း ဧရာဝတီက ကြည့်ရှုခဲ့သည့် ပြန်တမ်းများ၊ ထိုဘဏ်များမှ အမိန့်စာများအရ သိရသည်။
ဗိုလ်မှူး ငါးဦးကို MEB ဘဏ်ရုံးချုပ်တွင် မန်နေဂျာအဖြစ် ခန့်ကြောင်း မတ်လ ၁၅ ရက်နေက ထုတ်ပြန်သည် ပြန်တမ်းအရ သိရသည်။
ထိုနေ့တွင်ပင် ထုတ်ပြန်သည့် အခြားပြန်တမ်းအရ ဗိုလ်ကြီး ၁၅ ဦးကိုလည်း MEB ရုံးချုပ်တွင် လက်ထောက် မန်နေဂျာများအဖြစ် ခန့်အပ်ကြောင်း သိရသည်။
ဇူလိုင်လတွင် နိုင်ငံပိုင် စီးပွားရေးဘဏ်သည် ၎င်းတို့ကို နိုင်ငံတဝန်းရှိ ဌာနခွဲများမှ အုပ်ချုပ်ရေးဌာနများတွင် အရပ်သား မန်နေဂျာများ၊ လက်ထောက်မန်နေဂျာများ အဖြစ် ခန့်အပ်လိုက်သည်။
ဗိုလ်မှူး ငါးဦးကို ရှမ်းပြည်နယ်၊ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းများရှိ ဘဏ်ခွဲများတွင် ချထားကြောင်း ဧရာဝတီ သတင်းဌာနက ကြည်ရှုခဲ့သည့် အမိန့်စာများအရ သိရသည်။ အခြား အမိန့်စာတစောင်တွင် မတ်လက ခန့်အပ်ခဲ့သူများ အပါအဝင် ဗိုလ်ကြီး ၁၅ ဦးကို ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူတိုင်း၊ ကယားနှင့် ရှမ်းပြည်နယ်များမှ ဘဏ်ခွဲများတွင် ခန့်အပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့ကို ဘဏ်ဒုတိယအကြီးအကဲ အရပ်သားများအဖြစ် ခန့်ထားခြင်း ဖြစ်သည်။
လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က ထို့ထက် များပြားသော စစ်အရာရှိများကို ဘဏ်များတွင် အဆင့်မြင့်အရာရှိများအဖြစ် ခန့်ထားကြောင်း ပြောသည်။
“မြန်မာ့စီးပွားရေးဘဏ်တွေမှာ စစ်အရာရှိတွေကို စစ်ကောင်စီက ခန့်ထားတာ မှန်တယ်။ ဒါပေမယ့် အခုမှ ခန့်တာ မဟုတ်ဘူး။ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက စစ်အရာရှိတွေကို မြန်မာ့စီးပွားရေးဘဏ်တွေမှာ ခန့်နေတာ” ဟု သူပြောသည်။
စစ်အရာရှိများကို အရပ်သားအစိုးရဌာနများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများတွင် ခန့်ထားခြင်းသည် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်မှု ပိုမိုတင်းကျပ်အောင် လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြပြီး စစ်ကောင်စီတွင် ဗိုလ်ကြီး၊ ဗိုလ်မှူး အများအပြားကို အရပ်သားအစိုးရဌာနများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသို့ လွှဲပြောင်းပေးနေကြောင်းလည်း ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။
“စစ်ကောင်စီက ဗိုလ်မှူး၊ ဗိုလ်ကြီး အများအပြားကို မြန်မာ့စီးပွားရေး ဘဏ်ခွဲတွေကို ပို့နေပြီး အနာဂတ်မှာလည်း အဲဒီလိုအရာရှိတွေကို အရပ်သားလုပ်ငန်းဌာနတွေကို ပို့ပြီး စစ်ကောင်စီရဲ့ ကလာပ်စည်းတွေကို တိုးချဲ့နေမှာပဲ” ဟု ၎င်းက ပြောသည်။
အမေရိကန် ပြည်ထောင်စုက နိုင်ငံပိုင်ဘဏ်များဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) များကို အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးချိန်တွင် စစ်အရာရှိများကို မြန်မာစီးပွားရေးဘဏ်ရုံးချုပ်မှ ဘဏ်ခွဲများသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။
ဇွန်လနှောင်းပိုင်းတွင် ထိုအရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက် စစ်ကောင်စီသည် နိုင်ငံတကာ ငွေပေးငွေယူကိစ္စ အရေးယူပိတ်ဆို့မှုများကို ကျော်လွှားရန် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာ့သစ်လုပ်ငန်းအတွက် မြန်မာ့စီးပွားရေးဘဏ်တွင် လျှို့ဝှက်ငွေစာရင်းများ ဖွင့်သည်။
You may also like these stories:
ဆန်ရှင်ရှောင်ရန် မြန်မာ့သစ်လုပ်ငန်း မြန်မာ့စီးပွားရေးဘဏ်တွင် သီးခြားငွေစာရင်း ဖွင့်
ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် စက်သုံးဆီဈေးများလည်း တက်လာ
မြင့်လာနေသည့် ကုန်ဈေးနှုန်းကြား ပြည်သူများ ပို၍ ကျပ်တည်းလာ
နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ