မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ပြည်နယ်သည် တရုတ်နိုင်ငံ သံဖြူတင်သွင်းမှု၏ အကြီးမားဆုံးရင်းမြစ် ဖြစ်သောကြောင့် ထိုဒေသတွင် သံဖြူနှင့် အခြားသတ္တု တူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်းသည် တရုတ်နိုင်ငံအပေါ် အကြီးမားဆုံး ရိုက်ခတ်မည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာသံဖြူအသင်း (ITA) ၏ အဆိုအရ သိရသည်။
သို့သော် ယခုကဲ့သို့ မပိတ်ပင်မီ ဝ ပြည်နယ်မှ သံဖြူများ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ တင်ပို့မှု မြင့်တက်လာခြင်းနှင့် ထိုသတ္တုဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် တရုတ်ထုတ်လုပ်သူများကို ယခုနှစ် စတုတ္ထ ၄ လပတ်အထိ သက်ရောက်မည် မဟုတ်ဟုလည်း သံဖြူကုန်သည်များက ပြောသည်။
ဝ ပြည်နယ်အစိုးရသည် သတ္တုတူးဖော်ခြင်း ရပ်ဆိုင်းလိုက်ခြင်းကို ဧပြီလတွင် စတင်မည်ဟု ကြေညာခဲ့သော်လည်း သြဂုတ်လ ၁ ရက်နေ့မှသာ စတင်ချမှတ်သည်။
ဝ ပြည်နယ်မှ သတ္တုမိုင်းနှင့် သန့်စင်သည့် စက်ရုံများအားလုံး သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း ITA က အတည်ပြုသည်။
ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီသည် ရှမ်းပြည်မြောက်ပိုင်းမှ ယူနန်ပြည်နယ်နှင့် နယ်စပ်ဒေသကို ထိန်းချုပ်ထားသည်။ ၎င်း၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် အင်အားအကြီးမားဆုံး ဖြစ်သည်။
ဝ ပြည်နယ် ဗဟိုစီးပွားရေး စီမံကိန်းကော်မရှင်က ဧရာဝတီသို့ ပေးသည့် ဧပြီလက ထုတ်ပြန်စာတွင် ပြည်နယ်အတွင်း လက်ကျန် သယံဇာတများအား ကာကွယ်ရန် သတ္တုတူးဖော်ခွင့် ပိတ်ပင်ခြင်းကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ သတ္တုနှင့် သယံဇာတ ရင်းမြစ်တူးဖော်သည့် လုပ်ငန်းများအားလုံးကို သတ္တုတူးဖော်ရေး လုပ်ထုံးလုပ်နည်းများ အဆင့်မြှင့်တင်ပြီး ကြီးကြပ်စောင့်ကြည့်ခြင်းကို အကောင်အထည် ဖော်နိုင်သည်အထိ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုပြည်နယ်အတွင်း သတ္တုတူးဖော်ခြင်းကို ခွင့်ပြုခဲ့သည်မှာ ၁၀ နှစ်ကျော်ပြီ ဖြစ်သော်လည်း အစောပိုင်းတွင် အတွေ့အကြုံ မရှိသောကြောင့် ထိုလုပ်ငန်းကို လုံလောက်စွာ ထိန်းချုပ်ခြင်း၊ စောင့်ကြည့်ခြင်း မလုပ်နိုင်ခဲ့ကြောင်း ကော်မရှင်က ဝန်ခံသည်။ သတ္တုမိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခြင်းနှင့် တွင်းထွက်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို စနစ်တကျ စောင့်မကြည့်နိုင်ခဲ့ကြောင်း ထိုကော်မရှင်က ပြောသည်။
“ထို့ကြောင့် တွင်းထွက်သယံဇာတ အများအပြား ပြုန်းတီးစွာ အမြတ်ထုတ်၍ ထုတ်ယူကြသည်” ဟု ပြည်နယ်အစိုးရက ဖော်ပြသည်။
မေလတွင် ဝ ပြည်နယ်အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စက်မှုနှင့် သတ္တုတူးဖော်ရေး ဗျူရိုသည် သတ္တုတွင်းလုပ်ငန်းအတွက် ကျယ်ပြန့်သော စီမံချက်တခု ထုတ်ပြန်သည်။ ထို ထုတ်ပြန်ချက်တွင် သတ္တုတူးဖော်မှု ပိတ်ပင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် ပိုမိုတင်းကျပ်သော လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းနှင့် အလုပ်သမားများကို အန္တရာယ်ကင်းရှင်းစေပြီး အမြတ်ထုတ် သွေးစုတ်မှုမှ အကာအကွယ်ပေးရေးတို့ ပါဝင်သည်။
သတ္တုတူးဖော်ခြင်း လုပ်ငန်းသည် ပြည်နယ်အတွက် အဓိက ဝင်ငွေရင်းမြစ်တခု ဖြစ်သည်။
ဝ ပြည်နယ် အရာရှိတဦးက “သံဖြူတူးဖော်ရေးဟာ ကျနော်တို့စီးပွားရေးရဲ့ မဏ္ဍိုင်ပဲ။ ဝင်ငွေအများဆုံးရတဲ့ ရင်းမြစ်ပဲ” ဟု Reuters သတင်းဌာနသို့ ပြောသည်။
ဝ ပြည်နယ်တွင် သံဖြူအပြင် သွပ်၊ ခဲ နှင့် ရွှေအနည်းငယ်လည်း ထွက်သည်။
ဝ ပြည်နယ်တွင် သက်သေပြနိုင်သော သံဖြူသိုက် တန်ချိန် သန်း ၅၀ ကျော် ရှိသည်။ ထိုပြည်နယ်သည် မြန်မာမှ သံဖြူတင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းကို တင်ပို့နေသော ပြည်နယ်ဖြစ်ကြောင်း အမေရိကန်အစိုးရ အမျိုးသားတွင်းထွက် သတင်းအချက်အလက်ဌာနက ဖော်ပြသည်။
၂၀၁၃ ခုနှစ်တွင် အရည်အသွေးမြင့် သံဖြူရိုင်း အများအပြား တွေ့ရှိပြီးနောက် ဝ ပြည်နယ်မှ သံဖြူသတ္တုရိုင်းသည် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်လာသည်။ ၂၀၁၆ ခုနှစ်က Reuters သတင်းတပုဒ်အရ ဝ ပြည်နယ်မှ မန်းမော် သံဖြူတွင်းကို ကုမ္ပဏီ ၇ ခုက ထိန်းချုပ်ထားကြောင်း သိရသည်။
ထိုကုမ္ပဏီများသည် သတ္တုရိုင်းခွန် ၂၅ ရာခိုင်နှုန်း၊ မြေငှားခ၊ သတ္တုတူးဖော်ခွင့်ကြေးတို့ကို ဝ ပြည်နယ်အစိုးရသို့ နှစ်စဉ်ပေးရသည်။ သို့သော် ထိုကုမ္ပဏီများကို UWSA တပ်မှူးများ၊ ဒုဝန်ကြီးများနှင့် စက်မှုနှင့် သတ္တုတူးဖော်ရေး အကြီးအကဲတို့ကလည်း ပိုင်ဆိုင်သည်။
လွန်ခဲ့သောနှစ် မေလက သတ္တုမိုင်းတခုတွင် ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် မိုင်းအလုပ်သမား အနည်းဆုံး ကိုးဦး သေဆုံးပြီး သတ္တုမိုင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုများ ပြန်လည်သုံးသပ်ရသည်။ ဘေးအန္တရာယ်ကင်းရှင်းမှု ပြန်လည်သုံးသပ်ခြင်းနှင့် ယခုကဲ့သို့ ပိတ်ပင်ခြင်း မည်သို့ ဆက်စပ်သည်ကို ရှင်းလင်းစွာ မသိရပေ။
ဝ ပြည်နယ်သည် ကမ္ဘာ့အကြီးမားဆုံး သန့်စင်ပြီး သံဖြူထုတ်လုပ်သည့် တရုတ်သို့ သံဖြူတင်သွင်းမှုတွင် အဓိက ရင်းမြစ်ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် တရုတ်က တင်သွင်းသည့် သံဖြူ ၃ ပုံ ၂ ပုံသည် မြန်မာမှဖြစ်ပြီး တန်ချိန် ၄၈,၀၀၀ ရှိကြောင်း ITA က ဖော်ပြသည်။
ဝ ပြည်နယ်မှ တူးဖော်သည့် သံဖြူသည် တရုတ်မှတဆင့် ကမ္ဘာ့ကုန်စည်ဖြန့်ချိရေး ကွင်းဆက်သို့ ဝင်ရောက်ကာ Apple နှင့် Tiffany & Co ကဲ့သို့သော လုပ်ငန်းများ၏ ထုတ်ကုန်များဖြစ်လာကြောင်း Reuters သတင်းဌာန၏ စုံစမ်းစစ်ဆေးမှုအရ သိရသည်။
ဝ ပြည်နယ်တွင် သံဖြူထုတ်လုပ်မှု ဆိုင်းငံ့လိုက်ခြင်းကြောင့် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း တရုတ်မှ သံဖြူထုတ်လုပ်သူများ၏ ထုတ်လုပ်မှု ကျဆင်းသွားနိုင်သည်ဟု ITA က ခန့်မှန်းသည်။ လန်ဒန် သတ္တုအိတ်ချိန်းတွင် သုံးလစာ သံဖြူ စံဈေးနှုန်းသည် ယခုအပတ်အတွင် ၂ ရာခိုင်နှုန်းတက်သွားပြီး အခြား အခြေခံသတ္တုဈေးများ ကျဆင်းနေသည်။
ဝ ပြည်နယ်တွင် သံဖြူ တန်ချိန် ၅,၀၀၀ မှ ၆,၀၀၀ အထိ ထုတ်လုပ်နိုင်မည့် သတ္တုရိုင်း တန်ချိန် ၂ သန်း ရှိနေသေးကြောင်း ITA က ဖော်ပြသည်။ နောက်ထပ်တန်ချိန် ၁,၅၀၀ သည် မန်အာ ဆိပ်ကမ်းတွင် အကောက်ခွန် ရှင်းလင်းမှုကို စောင့်ဆိုင်းနေသောကြောင့် သြဂုတ်လ ၁၀ ရက်နေ့ နောက်ပိုင်းတွင် ပြည်ပတင်ပို့မှု တုံ့ဆိုင်းသွားရန် အလားအလာ ရှိနေသည်ဟု ITA က ဖော်ပြသည်။
သတ္တုတူးဖော်ရေး လုပ်ငန်းများ ပြန်လည် စတင်မည့်အချိန်ကို ဝ ပြည်နယ်က မထုတ်ပြန်ပေ။ ထိုသို့ ပိတ်ပင်ခြင်းသည် သုံးလခန့်ကြာမည်ဟု ကုန်သည်များက ယခင်က မျှော်လင့်ခဲ့သော်လည်း ဝ ပြည်နယ် အစိုးရသည် သတ္တုတူးဖော်သည့် လုပ်ငန်းကို ခေတ်မီစေရန်နှင့် ပိုမိုကောင်းမွန်စွာ ထိန်းကြောင်းရန် စီမံချက် အကောင်အထည်ဖော်ရေး ဆုံးဖြတ်ထားပုံ ရသောကြောင့် ထိုခန့်မှန်းချက်သည် အကောင်းမြင်လွန်းသော ခန့်မှန်းချက် ဖြစ်နေသည်။
ဝ ပြည်နယ်မှ ပုံမှန်ထုတ်လုပ်မှု ပြန်လည် မစတင်မချင်း တရုတ်သံဖြူစက်ရုံများ ထုတ်လုပ်မှု တဖြည်းဖြည်း လျှော့ချရမည်ဟု မျှော်လင့်ရသည်။ ယခုနှစ် ဒုတိယ နှစ်ဝက်တွင် သံဖြူထုတ်လုပ်မှု အဆင့်သည် ယခုနှစ် ပထမ နှစ်ဝက်က အဆင့်သို့ ရောက်နိုင်ဖွယ် မရှိကြောင်း ITA က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Tin Mining in Myanmar’s Wa State Faces Prolonged Ban ကို ဘာသာပြန်သည်။)
You may also like these stories:
ဝ ပြည်နယ်ဟု ခေါ်ဝေါ်ခြင်းက လေးစားသမှု ပြသခြင်းဟု NUG ဆို
“ဝ ပြည်နယ် တောင်းဖို့ ဘာမှ လက်နက် အားကိုးစရာ မလိုဘူး”
မြန်မာပြည်တွင်းရှိ အွန်လိုင်းလောင်းကစားရာဇဝတ်မှုများ အမြစ်ဖြတ်ချေမှုန်းမည်ဟု တရုတ်ဆို
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ