စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကျောက်မှော်ရွာခံ အမျိုးသား ၄ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်( PDF )ဟု စွပ်စွဲကာ ထီးချိုင့်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံထားရသူများမှာ ကျောက်မှော်ကျေးရွာမှ ကိုဟန်တင့်၊ ကိုကြက်ဆူ၊ ကိုဦး၊ ကိုဆန်းမင်းတို့ဖြစ်ပြီး သြဂုတ် ၂၀ ရက် က ဖြစ်ခဲ့သည့် ကျောက်မှော်တိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကြောင်းက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတဦးက “၂၀ ရက်နေ့ တိုက်ပွဲဖြစ်တာမှာ အထိနာသွားပြီး ပြန်ဆုတ်တဲ့အချိန် လူသား တံတိုင်း အနေနဲ့ ဖမ်းသွားတာ၊ ကျောက်မော်ရွာက ပြန်အဆုတ် တွဲသင်္ဘောနဲ့ စစ်သားတွေကို လာကြိုတဲ့အချိန် တပါတည်း ခေါ်သွားကြတာ၊ လက်ရှိ ထီးချိုင့်ရဲစခန်းမှာ ဖမ်းထားပြီးတော့ PDF လို့ စွပ်စွဲပြီး တရားစွဲဖို့ လုပ်နေတယ်လို့ သိရတယ်”ဟု ပြောသည်။
ကျောက်မှော်ရွာသည် ဧရာဝတီမြစ်ကမ်းဘေးမှ ရွာဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ သာမန် အရပ်သားများဖြစ်ကြောင်း၊ စစ်ကြောင်း ဝင်လာချိန် ရှောင်ချိန် မရလိုက်ဘဲ အဖမ်းခံရပြီး စစ်သင်္ဘောဖြင့် တပါတည်း ခေါ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံတဦးက “တိုက်ပွဲက ၂ ရက်ဆက်ဖြစ်ခဲ့တာမှာ စစ်ကြောင်းက အတော်အထိနာခဲ့တာမို့ လေကြောင်းပစ်ကူနဲ့ ပြန် ဆုတ်သွားကြရတာ၊ တိုက်ပွဲဖြစ်တဲ့ဆီကနေ မြစ်ကြောင်းအတိုင်း ပြန်ဆုတ်ဖို့ လာတာမို့ ကျောက်မှော်ရွာသားတွေလည်း တိမ်းရှောင်ခဲ့ကြရတယ်၊ အခုအဖမ်းခံရတဲ့သူတွေက စစ်ကြောင်းနဲ့တွေ့တဲ့အချိန် ရှောင်ချိန်မရလိုက်ဘဲ အဖမ်းခံလိုက် ကြရတဲ့ သာမန်အရပ်သားတွေပါပဲ၊ သူတို့ဖမ်းခံရတော့ ဘာလက်နက်မှ မပါဘဲ လက်ဗလာနဲ့ အဖမ်းခံခဲ့ကြရတာပါ”ဟု ပြောသည်။
သြဂုတ် ၂၀ ရက်က ထီးချိုင့်မြို့မှ ထွက်လာသော အင်အား ၈၀ ကျော်ပါ တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ထီးချိုင့်မြို့ အရှေ့ဘက် ဇီးကုန်းရွာမှစ၍ စစ်ကြောင်းထိုးလာရာ ကွင်းကြီးရွာဘက်သို့ အထွက်တွင် ကချင်လွတ်လပ်ရေးတပ် (KIA)နှင့် ထီးချိုင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ရာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံတော်လှန်ရေး အင်အားစုများထံက သိရသည်။
ထီးချိုင့်မြို့နယ် ပ.က.ဖအဖွဲ့မှ တာဝန်ရှိသူတဦးက “မနက် ၈ နာရီ ၄၅ လောက်ကနေ ညနေ ၆ နာရီ လောက်ထိ တနေ ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာ၊ မျက်မြင်အတည်ပြုချက်အရတော့ စစ်တပ်ဘက်က ၉ ယောက်ထက် မနည်း သေဆုံးတယ်၊ ၁၅ ဦးထက်မနည်း ဒဏ်ရာရတယ်၊ လက်နက်ခဲယမ်းတွေလည်း သိမ်းနိုင်ခဲ့တာတွေ ရှိတယ်”ဟု ပြောသည်။
တိုက်ပွဲဖြစ်ချိန် အထိနာသွားသော စစ်ကြောင်းဖောက်ထွက်နိုင်ရန် မြစ်ကြီးနားလေတပ်မှ တိုက်လေယာဉ် ၄စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ၅ကြိမ် လုပ်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ကွင်းကြီးရွာမှတဆင့် ဧရာဝတီမြစ်ဘေး ကျောက်မှော်ရွာ သို့ ဆုတ်ခွာလာပြီးနောက် တွဲသင်္ဘောများဖြင့် ထီးချိုင့်မြို့ဘက်သို့ စုန်သွားကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် တောထဲတွင် ဟင်းစားရှနေသည့် ဒေသခံ အမျိုးသမီးတဦးနှင့် ကလေးငယ်တဦး သေဆုံးခဲ့ရကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဩဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။
ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “စစ်ကောင်စီဘက်က ဒဏ်ရာရတဲ့သူတွေလည်း များတယ်၊ မျက်မြင်တွေ့ခဲ့ရတာ ကိုက ထမ်းစင်တွေနဲ့ ခေါ်သွားရတာတွေ တော်တော်များတယ်၊ ကျောက်မှော်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တွဲသင်္ဘောတွေနဲ့တင်ပြီး စုန်သွားကြတာ”ဟု ပြောသည်။
ယခုအခါ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင် ဒေသခံများအား ဖမ်း၍ လူသားတံတိုင်းသဖွယ် အသုံးချခြင်း၊ သတ်ဖြတ်ခြင်းများအပြင် အချို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)၊ PDF ထောက်ပို့ဟု စွပ်စွဲချက်များဖြင့် ဖမ်းဆီး ထောင်ချခြင်းများကိုလည်း ပြုလုပ်နေလျက်ရှိရာ အများစုမှာ ထောင်ဒဏ်တသက် အထိ ချမှတ်ခံထားရကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာ သိမ်းချိန်မှ ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၂၂ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၂၄,၃၈၇ ဦးအနက် ၇,၁၆၁ ဦး ထောင်ဒဏ်ချခံ ထားရသလို ၁၉,၈၇၂ ဦးထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ မျက်ကွယ်သေဒဏ် ချခံရသူ ၄၃ ဦး အပါအဝင် ၁၄၁ ဦးထိ သေဒဏ်ချမှတ်ခံထားရကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ ၃,၉၆၆ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
You may also like these stories:
စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှုများ KIA အားပေးအားမြှောက်ပြုနေဟုဆို
ဝိုင်းမော်တွင် KIA နှင့် အာဏာသိမ်း စစ်တပ် စစ်ရေးတင်းမာနေ
ထီးချိုင့်ဒေသခံများကို စစ်တပ်က ဖမ်းဆီး