မြန်မာနိုင်ငံအတွင်း အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများအား တိုက်ဖျက်ရန် တရုတ်နိုင်ငံမှ မကြာခဏ ဖိအားပေးပြောဆိုခဲ့ပြီးနောက် ယင်းလောင်းကစားမှုများနှင့် ပတ်သက်၍ ဖမ်းဆီးထားသူနှစ်ဦးအား ဩဂုတ်၂၃ ရက်တွင် ရန်ကုန်လေဆိပ်၌ တရုတ်ရဲတပ်ဖွဲ့ထံသို့ စစ်ကောင်စီက လွှဲပြောင်းပေးခဲ့သည်။
ယခု လွှဲပြောင်းမှုသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ထိုင်း- မြန်မာနယ်စပ်တွင် ဖမ်းဆီးမိခဲ့သည့် တရုတ်လူမျိုး ၆ ဦးအား လွှဲ ပြောင်းမှုပြီးနောက် ဒုတိယအကြိမ်ဖြစ်သော်လည်း မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖမ်းဆီးခဲ့သည်ကို စစ်ကောင်စီနှင့် တရုတ်သံရုံးတို့ တရားဝင်အသိပေးခြင်းမရှိပေ။
တရုတ် ရာဇဝတ်ဂိုဏ်းများ ပါဝင်သည့် အွန်လိုင်းလောင်းကစားနှင့် လူကုန်ကူးမှုများအား တိုက်ဖျက်ရန် တရုတ်နိုင်ငံက တိုးမြှင့်ဖိအားပေးလာပြီးနောက် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို ၄ နိုင်ငံ ရဲတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုရာဇဝတ်မှုများအား ပူးပေါင်းတိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစည်းအဝေးပြီးနောက် စစ်ကောင်စီအနေဖြင့် အွန်လိုင်း လောင်းကစားမှုဖြင့် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား နှစ်ဦးအား ယခုကဲ့သို့ ထပ်မံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းသည့် စစ်ဆင်ရေးအဖြစ် ဩဂုတ် ၁၇ ရက်က ဘန်ကောက် နှင့် အခြားပြည်နယ် နှစ်ခုနေရာများအား စီးနင်းခဲ့ရာတွင် ဘန်ကောက်မြို့ရှိ ဇိမ်ခံကွန်ဒိုတိုက်ခန်းတခုအတွင်း ငွေကြေးခဝါချ မှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှု သံသယဖြင့် မမိုးမိုးအေးဆိုသူအား ထိုင်းဘတ်ငွေ ၄ သန်းကျော်နှင့် အတူ ဖမ်းဆီးရမိခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအတွင်း တရုတ်ရာဇဝတ်ဂိုဏ်းများပါဝင်နေသည့် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်း များမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များထိန်းချုပ်ရာ တရုတ်- မြန် မာနယ်စပ်ဖြစ်သည့် မြန်မာနိုင်ငံအရှေ့ပိုင်း လောက်ကိုင်၊ မိုင်းပေါက်၊ တာချီလိတ်မြို့နယ်တို့တွင် အခြေစိုက်ထားပြီး လူကုန် ကူးမှု၊ ပြန်ပေးဆွဲမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
အထူးသဖြင့် ထိုလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသနှင့် တောင်ဘက် KK Park မြို့ သစ်တို့သည် အွန်လိုင်းလောင်းကစားမှုနှင့် လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မစေခိုင်းမှုများဖြင့် နာမည်ဆိုး ကျော်ကြားလျက်ရှိသည်။
ရွှေကုက္ကိုလ်နှင့် KK Park စီမံကိန်းရှိရာ နေရာများအား မကြာသေးမီက ထိုင်းနိုင်ငံဘက်ကပေးနေသည့် အင်တာနက် ဝန် ဆောင်မှုနှင့် လျှပ်စစ်မီးတို့အား ဖြတ်တောက်ခဲ့သည့်အပြင် ရွှေကုက္ကိုလ်ရှိ နိုင်ငံခြားသားများအား အာဏာသိမ်း စစ် ကောင်စီက ဗီဇာသက်တမ်းတိုးပေးခြင်းကို ကန့်သတ်ခဲ့ကြောင်းလည်း စီမံကိန်း တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “အင်တာနက် ဖြတ်တာတို့ နိုင်ငံခြားသားတွေကို ဗီဇာထပ်မတိုးပေးတာတို့လုပ်နေတာကြာပြီ၊ မီးပေးတာကိုလည်း သက်တမ်း မတိုးပေးဘူး။ ခုထိလည်း ပြန်မဖွင့်ပေးသေးဘူး မီးက၊ လက်ရှိ သူတို့ပူးပေါင်းတိုက်ဖျက်ရေးနဲ့ပတ်သက်လို့တော့ ကျနော်တို့ကို ဘာမှပြောဆိုလာတာမျိုး မရှိဘူး၊ ဒီလို အွန်လိုင်း လောင်းကစားလိုဟာတွေ အစကတည်းက ကျနော်တို့က လက်သင့်ခံတာမှ မဟုတ်တာ၊ တခြားနေရာတော့ ဖြစ်ရင်ဖြစ်မှာပေါ့၊ မြဝတီတို့၊ မြဝတီတောင်ဘက်ခြမ်းတို့ ဖြစ်ရင်ဖြစ်မှာ ပေါ့” ဟု ပြောသည်။
ရွှေကုက္ကိုလ်စီမံကိန်း ရင်းနှီးမြှုပ်နှံသူ တရုတ်လူမျိုး She Zhijiang ကိုလည်း ထိုင်းရဲတပ်ဖွဲ့က ယမန်နှစ်ဩဂုတ်လတွင် ဘန်ကောက်မြို့၌ ဖမ်းဆီးခဲ့သော်လည်း စီမံကိန်းလုပ်ငန်းများအား ထိခိုက်စေမည် မဟုတ်ကြောင်းလည်း စီမံကိန်း ပူးတွဲ လုပ်ကိုင်နေသူ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဘက်က ထုတ်ဖော် ပြောကြားထားသည်။
ရွှေကုက္ကိုလ်စီမံကိန်း တာဝန်ရှိသူတဦးက “သူ့ (She Zhijiang) ရဲ့ အမှုက အခုထိ မပြီးပြတ်သေးဘူး၊ ထိုင်းမှာပဲ ရှိနေပါ သေးတယ်” ဟု ပြောသည်။
လက်ရှိ တရုတ်နိုင်ငံအတွင်း လူအများစိတ်ဝင်စားနေပြီး Weibo လူမှုကွန်ရက်တွင် ပျံ့နှံနေသည့် သတင်းတပုဒ်မှာ အသက်မပြည့်သေးသည့် တရုတ်ကလေးငယ် အနည်းဆုံး ၁၁ ဦး မတ်လမှစ၍ မြန်မာနိုင်ငံမှ ငွေလိမ်ဂိုဏ်းက ဖမ်းဆီးထား သည့် သတင်းဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသည့် ဗီဒီယိုသတင်းတွင် မိဘများက ကလေးများနှင့် ဆက်သွယ်ရန် ခက်ခဲကြောင်း ပြောထားသလို ကလေးများမှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံထားရကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်နေသော အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ် လည်သည့် လုပ်ငန်းများအား တိုက်ဖျက်ရန် တိုးမြှင့်လုပ်ဆောင်လာရာ ပြီးခဲ့သည့် ဩဂုတ်၂၂ ရက်ကလည်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်၊ ထိုင်းနှင့် လာအိုသံအမတ်ကြီးသုံးဦးတို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒေသတွင်း လောင်းကစားနှင့် လိမ် လည်မှုပြဿနာများ ဆိုးရွားလျက်သဖြင့် ဒေသတွင်းနိုင်ငံများမှ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံ ရေးအား ပြင်းထန်စွာ ထိခိုက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်ထားသည်။
You may also like these stories:
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ