ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တာလီဘန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့တို့သည် တရုတ်က ယနေ့ စတင်ကျင်းပသည့် နှစ်ရက်ကြာ တတိယအကြိမ် ရပ်ဝန်းနှင့်လမ်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ (BRF) တက်ရောက်ရင်း ဘေဂျင်းတွင် တွေ့ဆုံကြသည်။
ယခုနှစ် အစောပိုင်းက တောင်အာဖရိကတွင် ကျင်းပသည့် BRICS ထိပ်သီးဆွေးနွေးပွဲနှင့် စက်တင်ဘာလက အိန္ဒိယတွင် ကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) အစည်းအဝေးများ တက်ရောက်ခြင်း မရှိသော သမ္မတ ပူတင်သည် ယူကရိန်းမှ ကလေးငယ်များကို တရားမဝင် ပြည်နှင်ဒဏ်ပေးသည်ဆိုသည့် စွပ်စွဲချက်များအတွက် ယခုနှစ် မတ်လတွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်အခြေစိုက် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဆိုဗီယက်ယူနီယံ ပြင်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကာဇက်စတန်တွင် ပြောကြားသည့် မိန့်ခွန်းတခုတွင် ဗဟိုအာရှနိုင်ငံများနှင့် ပိုးလမ်းစီးပွားရေး ရပ်ဝန်း တည်ဆောက်ရေး အဆိုပြုသည်။
ရာစုနှစ်၏ စီမံကိန်းဟုခေါ်သည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) တွင် ထိုနှစ်များအတွင်း နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင်သည်။ ထိုစီမံကိန်းတွင် တရုတ်နှင့် ကျန်တကမ္ဘာလုံးကို ဆက်သွယ်မည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်များ တည်ဆောက်ရန် ရည်ရွယ်ပြီး ဆိပ်ကမ်းများ၊ လမ်းများ၊ ရထားလမ်းများ၊ လေဆိပ်များနှင့် အခြား အခြေခံ အဆောက်အအုံများ ပါဝင်သည်။
BRF သည် BRI တွင် ပါဝင်သည့် နိုင်ငံများကို စုစည်းပေးသည်။ ပထမဆုံးအကြိမ် ညီလာခံကို ၂၀၁၇ ခုနှစ်က ကျင်းပပြီး ဒုတိယအကြိမ် ညီလာခံကို ၂၀၁၉ ခုနှစ်တွင် ကျင်းပပြီးနောက် တတိယအကြိမ် ညီလာခံသည် ကိုဗစ်နိုင်တင်းကြောင့် နှောင့်နှေးနေသည်။
တတိယအကြိမ် ညီလာခံကို ၂၀၂၃ ခုနှစ်၊ မတ်လကပင် စီစဉ်နေပြီး ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ထိုညီလာခံသည် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် အဓိက သံတမန်ရေး အခမ်းအနားတခုဖြစ်ကြောင်း မီဒီယာနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။
တတိယအကြိမ် BRF သို့ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု မျှော်လင့်ရကြောင်း တရုတ်နိုင်ငံ ဆင်ဟွာ သတင်းတပုဒ်အရ သိရသည်။
ယခုနှစ် BRF သို့ တက်ရောက်မည့် ခေါင်းဆောင်များတွင် ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မနက်၊ ပါကစ္စတန် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အန်နဝါ အူ ဟက် ကာကာ၊ ချီလီသမ္မတ ဂါဘရီရယ် ဘောရစ်၊ ကင်ညာ သမ္မတ ဝီလျံ ရူတို၊ အီသီယိုပီးယား ဝန်ကြီးချုပ် အဘေး အာမက်နှင့် ဆာဗီးယား သမ္မတ အလက်ဇန္ဒား ဗူးဆစ်နှင့် အခြားသူများ ပါဝင်သည်။
ထိုညီလာခံတွင် တာလီဘန် တက်ရောက်ခြင်းသည် ၂၀၂၁ ခုနှစ်က ကဘူးတွင် အာဏာ ပြန်လည်သိမ်းပြီး နောက်ပိုင်း နိုင်ငံတကာတရားဝင် အသိအမှတ်ပြုခြင်း မရှိသော်လည်း တာလီဘန်နှင့် ဘေဂျင်းအကြား ကြီးထွားလာသည့် တရားဝင်ဆက်ဆံရေးကို ဖော်ပြသည်။
မှတ်သားစရာကောင်းသောအချက်မှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အာဏာ ပြန်လည် သိမ်းယူခြင်း မပြုမီ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် တာလီဘန်အဆင့်မြင့် အရာရှိများသည် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ သံအမတ်သစ် ခန့်ခဲ့သည်။
BRF အပြင် သမ္မတ ရှီသည် ဘုံအနာဂတ်ရှိသော တရုတ်-ဗဟိုအာရှ လူမှုသိုက်အဝန်း တည်ထောင်ရေးကိုလည်း မေလက ကျင်းပသော အဓိကကျသည့် ဗဟိုအာရှ ခေါင်းဆောင်များနှင့် C+C5 ထိပ်သီးဆွေးနွေးပွဲ ကဲ့သို့သော အခြားသော သံတမန် အခမ်းအနားများတွင် အလေးထား ပြောသည်။
BRF နှင့် ပတ်သက်သည့် သတင်းဆိုးများ မကြာသေးမီက ထွက်ပေါ်လာသော်လည်း တရုတ်က ထိုစီမံကိန်းကို ဆက်လက် ထောက်ခံကြောင်း ကမ္ဘာကို သတိပေးရန် အားထုတ်မှု ဖြစ်သည်ဟု Shiv Nadar Institution of Eminence မှ နိုင်ငံတကာဆက်ဆံရေးနှင့် အုပ်ချုပ်မှုလေ့လာရေးဌာန တွဲဖက်ပါမောက္ခ ဂျဘင် တီ ဂျက်ကော့က ရှင်းပြသည်။
ထို့ပြင် BRF သည် သမ္မတ ပူတင်နှင့် အခြားသူများ အပါအဝင် ခေါင်းဆောင်များကို စုဝေးပြီး အနောက်နိုင်ငံများ သို့မဟုတ် နိုင်ငံတကာ ဥပဒေ၏ ကျေးဇူး ခံကျေးဇူးစား မဟုတ်သော မဏ္ဍိုင်တခုအဖြစ် တရုတ်နိုင်ငံ၏ ပုံရိပ်ကို ထူထောင်ရန် ဖြစ်ကြောင်း တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။
“တောင်တရုတ် ပင်လယ်မှာ နိုင်ငံတကာဥပဒေ အကြိမ်ကြိမ် ချိုးဖောက်တာနဲ့အတူ ICC ဖမ်းဝရမ်းကို လျစ်လျူရှုပြီး ပူတင် တက်ရောက်စေတာဟာ နိုင်ငံတကာဥပဒေကို ခေတ်နဲ့ မကိုက်ညီကြောင်းနဲ့ အနောက် အင်အားကြီးနိုင်ငံတွေရဲ့ ဥပဒေတခု သက်သက်သာ ဖြစ်ကြောင်း ပြသဖို့ အရေးပါတဲ့ စုပေါင်းလှုပ်ရှားမှု ဖန်တီးရေး ဘေဂျင်းရဲ့ အကျိုးစီးပွားကို ပြသနေတယ်” ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။
ထိုသို့ လုပ်ဆောင်လိုက်သောကြောင့် တရုတ်သည် လက်ရှိ ကမ္ဘာ့စနစ်တွင် အခြား ရွေးချယ်စရာဖြစ်သည်ဆိုသည့် ပုံရိပ်ကို ဖြစ်စေပြီး အနောက်နိုင်ငံများ၏ စည်းမျဉ်းများနှင့် မတူညီသည့် တရုတ်၏ ကမ္ဘာ့စနစ်သစ်ကို ဖြစ်ပေါ်စေသည်ဟု ၎င်းက ရှင်းပြသည်။
တချိန်တည်းတွင် ထိုညီလာခံသည် တရုတ်သမ္မတအတွက် အမျိုးသား ပုံရိပ်သစ်ကို ကူညီ ဖန်တီးပေးကြောင်း ဂျဝါဟာလာ နေရူးတက္ကသိုလ်၊ အရှေ့အာရှလေ့လာရေးဌာန တွဲဖက် ပါမောက္ခ ရီတူ အဂ္ဂါဝယ်က ပြောသည်။
“ဒီညီလာခံက အကျပ်အတည်း ရင်ဆိုင်နေရတဲ့ ရှီကျင့်ဖျင် အနေနဲ့ BRF အောင်မြင်မှုနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဆွေးနွေးပွဲတွေမှာ ပါဝင်စေနိုင်တယ်ဆိုပြီး ပြည်တွင်းမှာ ပုံရိပ် ပြန်လည် တည်ဆောက်လို့ ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိကမ္ဘာ့စနစ်၏ အစားထိုး
လွန်ခဲ့သော သုံးနှစ်အတွင်း ကြေညာခဲ့သည့် သမ္မတ ရှီ၏ သီးခြားအစီအစဉ် သုံးခုဖြစ်သော ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (GDI)၊ ကမ္ဘာ့လုံခြုံရေး အစီအစဉ် (GSI) နှင့် ကမ္ဘာ့ယဉ်ကျေးမှု လူ့အဖွဲ့အစည်း အစီအစဉ် (GCI) တို့သည် တရုတ်၏ BRI ရည်မှန်းချက်များနှင့် အတိအကျ ဆက်စပ်နေသည်ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။
ထိုအစီအစဉ် သုံးခုသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ရှိနေသည့် စည်းမျဉ်းအခြေပြု အနောက်တိုင်း ကျောထောက်နောက်ခံပြု လက်ရှိ နိုင်ငံတကာစနစ်ကို အစားထိုးရန်အတွက် ဘေဂျင်းက ရှေ့တန်းတင်နေသည့် အယူအဆ သုံးခုဖြစ်သည်ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။
GCI သည် တရုတ်နှင့် ရှီနှင့်ပတ်သက်သည့် လုပ်ဇာတ်သစ်ကို ဖန်တီးရန် သီးသန့်ရည်ရွယ်ကြောင်း တွဲဖက် ပါမောက္ခ အဂ္ဂါဝယ်က ပြောသည်။
“GCI ဟာ တရုတ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသမိုင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှု တန်ဖိုးတွေကို အခြေခံတဲ့ ကမ္ဘာ့စနစ်သစ် ဖန်တီးဖို့ ကြိုးစားတဲ့အနေနဲ့ တရုတ်နဲ့ တရုတ်ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ဇာတ်လမ်း ပြောပြဖို့ ကြိုးစားမှုဖြစ်တယ်။ ဝင်ရောက် မစွက်ဖက်ရေးနဲ့ ငြိမ်းချမ်းသော ဘေဂျင်းဆိုတဲ့ ရှီ ရဲ့ ရည်မှန်းချက်ကို တွန်းအားပေးဖို့နဲ့ ကမ္ဘာ့လက်ရှိ ဇာတ်လမ်းအမြင်ကို ပြန်လည် ရေးသားဖို့ဖြစ်တယ်” ဟု ၎င်းကပြောသည်။
မစ္စတာ ချင်ကန်းကဲ့သို့သော ဝန်ကြီးများကို အစားထိုးရသည့် ရှီ၏ နွေရာသီ မကျေလည်မှုနှင့် လက်ရှိတရုတ် စီးပွားရေး ပြဿနာများ နောက်ပိုင်းတွင် BRF သည် ရှီ၏ ပြည်တွင်း ဦးဆောင်မှု ပြန်လည် ရရှိရေး စီမံကိန်းလည်း ဖြစ်သည်ဟု တွဲဖက်ပါမောက္ခများ ဖြစ်ကြသည့် ဂျက်ကော့နှင့် အဂ္ဂါဝယ် တို့က ယူဆသည်။
“ဆင်းရဲနွမ်းပါးမှုနဲ့ စစ်ကို အနောက်တိုင်းက ဘယ်လို တင်ပို့တယ်ဆိုတာနဲ့ တရုတ်က BRI ကနေတဆင့် စီးပွားရေးနဲ့ ယဉ်ကျေးမှု တိုးတက်ရေး တင်ပို့တဲ့ လုပ်ရပ်တွေကို နှိုင်းယှဉ် ပြောကြား တိုက်ခိုက်မယ့် ရှီ ကို မျှော်လင့်ထားပါ” ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။
သို့သော် တရုတ်က BRI ကို တင်ပို့စဉ် ၎င်းဖန်တီးသည့် သက်သေပြပြီးသော ကျင့်ဝတ်ဆိုင်ရာ အန္တရာယ်များလည်း ရှိနေသည်ဟု ၎င်းက ပြောသည်။
“စိတ်စွမ်းအား သက်သက်နဲ့ နိုင်ငံတခုကို ပြောင်းလဲနိုင်တဲ့ သြဇာကြီးမားတဲ့ ခေါင်းဆောင်တဦး ရှိရမယ်ဆိုတဲ့ တရုတ်ပုံစံက ဘေဂျင်းက ရည်ရွယ်ချက်ရှိရှိ အားပေးနေတဲ့ ပုံစံဖြစ်ပြီး ဆိုးကျိုးတွေ ရှိနေတယ်” ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။
သီရိလင်္ကာနိုင်ငံသည် ဥပမာ တခုဖြစ်ပြီး ထိုနိုင်ငံတွင် တရုတ်သည် မဟိန္ဒာ ရာဂျာပက်စကာ ကဲ့သို့သော သြဇာကြီးသည့် ခေါင်းဆောင်များကို အားပေးခဲ့သော်လည်း နိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်း ဖြစ်လာသောအခါ ဆိုးကျိုးများဖြစ်စေသည်ဟု ၎င်းကရှင်းပြသည်။
“ဒီမိုကရေစီဟာ လက်ရှိကမ္ဘာ့စနစ်က အားပေးနေသလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ တိုးတက်ဖို့ တခုတည်းသော အဖြေမဟုတ်ဘူးဆိုတာ ကမ္ဘာကို ပြသဖို့ တရုတ်နိုင်ငံဟာ သူ့ရဲ့ သြဇာနဲ့ ယဉ်ကျေးမှုတန်ဖိုးကို ထူထောင်နေတာဖြစ်တယ်” ဟု တွဲဖက်ပါမောက္ခ အဂ္ဂါဝယ်က ပြောသည်။
ကိုးကား ။ ။ The Print သတင်း Putin, Taliban and Xi to rub shoulders in Beijing today as China hosts 3rd Belt and Road Forum
You may also like these stories:
တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်
လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်