စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးရုံး၊ ဆေးရုံ၊ အ.ထ.က (၁) ကျောင်းနှင့် မြို့နယ်ဘောလုံးကွင်းတို့ကို ယနေ့ နံနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ တပြိုင် တည်း တိုက်ခိုက်ခဲ့သည်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူတဦးက “မြို့ပေါ်မှာ အထိုင်ချတပ်စွဲနေတဲ့နေရာတွေကို ရုတ်တရက်ဝင်စီးတာဆိုတော့ သူတို့တွေ ပြန်တောင်မပစ်နိုင်ကြဘဲ ရဲစခန်းဘက်ကို ထွက်ပြေးကြတာ။ စကစဘက်က အသေအပျောက်တွေရှိပေမယ့် အတိအကျ မသိရသေးဘူး။ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တာမျိုးတော့ မဟုတ်ပါဘူး။ အသေးစိတ် အခြေအနေကတော့ လောလောဆယ် စိစစ်ဆဲပါ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ စစ်ကောင်စီအထိုင်စခန်း ၄ ခုကို နိုဝင်ဘာ ၂၂ ရက် ညသန်းခေါင် ၁၂ နာရီခွဲခန့်မှ စ၍ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၁) စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည် မြို့နယ် ပ.က.ဖ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေဘိုခရိုင်တပ်ရင်း (၉) မှ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရသလို တပ်ရင်း (၂၅)မှ တပ်ဖွဲ့ဝင်တဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
တန့်ဆည်မြို့နယ် ပ.က.ဖ အဖွဲ့ဝင်တဦးက “ကျနော်တို့အဖွဲ့တွေ အလစ်ဝင်လုံးခဲ့ကြတာ တိုက်ပွဲစကတည်းက ခံမတိုက်ဘဲ ရဲစခန်းဘက်ကို ပြေးကြတာ။ ရဲစခန်းဘက်ကို ဆုတ်ပြေးပြီးတော့ အင်အားစုစည်းပြီးမှ ရဲစခန်းထဲကနေပဲ ခံပစ်တာတွေ လုပ်ကြတာ။ ဘောလုံးကွင်းက ရဲစခန်းနဲ့နီးလို့ ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်ခဲ့ပေမယ့် ကျန်တဲ့နေရာတွေကတော့ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ခဲ့ကြတယ်။ မနက် ၃ နာရီကျော်လောက်မှာ မြို့ထဲကနေ ပြန်ဆုတ်ခဲ့ကြတာပါ။ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ ရုပ်အလောင်း လည်း ပြန်ရခဲ့ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲနှင့် ဌာနဆိုင် ရာ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ ရင်ခွင်သို့ အမြန်ဆုံးအလင်းဝင်ကြရန်နှင့် အချိန်မီဝင်ရောက်ခြင်းမရှိပါက တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်အသိပေးထားသဖြင့် မြို့ခံအများစုသည် ဘေးလွတ် တိမ်းရှောင်နေသလို ယနေ့ တိုက်ခိုက်မှုကြောင့် လည်း မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရကြောင်း သိရသည်။
တန့်ဆည်မြိုခံတဦးက “မြို့ပေါ်မှာတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ကြတာမျိုးတွေထိ ရှိတယ်။ မြို့ခံ တော်တော် များများကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ရှောင်နေကြတာတွေရှိတော့ မြို့ခံလူတွေ ထိခိုက်မှုမရှိဘူး။ ဒီမနက် သိရတဲ့ အခြေအနေကတော့ ညက လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ပါ ပစ်ကြတယ်တဲ့။ ရဲစခန်းနဲ့ထွေအုပ်ရုံးဘက်မှာ စစ်တပ် ခံစစ်သေချာပြင်ဆင်ထားတာမို့ PDF အဖွဲ့တွေ ဝင်လုံးလို့မရခဲ့ဘဲ ပြန်ဆုတ်သွားကြတာလို့ သိရတယ်” ဟု ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရမှုမဖြစ်ခင် ၂၁ ရက် ညဦးပိုင်း ၈ နာရီခန့်၌ တန့်ဆည်မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအနီး ရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို နိုဝင်ဘာ ၂၀ ရက်ကလည်း မြို့ပေါ်မှ မြို့ပြင်သို့သွားသော ပြည်သူ ၂၀ ကျော်အား ဖမ်းဆီးခဲ့သေးကြောင်း ဒေသတွင်းသတင်းများဖော်ပြနေသည့် Taze News က ထုတ်ပြန်ထားသည်။
တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီ အထိုင်ချတပ်စွဲထားသောနေရာများကို ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်ကလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဌာနဆိုင်ရာရုံးတချို့ မီးလောင်ပျက်စီးပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ် ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကူပေးနိုင်ရန် ကန့်ဘလူမြို့နယ်မှ ပျူစောထီးအဖွဲ့များနှင့် ရေဦးမြို့ပေါ်မှတဆင့် တန့်ဆည်ဘက်သို့ စစ်ကား ၄ စီးအပြည့်ဖြင့် ထွက်လာပြီး တပ်ဖွဲ့ဝင်များအား ဖိန်းကားကျေးရွာအနီး ချထားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသောနေရာများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်တပ်စွဲထားသလို စခန်းများတိုက်ခိုက်ခံရမှုူကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သဖြင့် ဒေသခံများအနေဖြင့် သတိထားနေထိုင်ကြရန်လည်း ၎င်းတို့က အသိပေးထားသည်။
You may also like these stories:
တန့်ဆည်တွင် တနှစ်ခွဲကျော်အတွင်း ကျေးရွာ ၆၄ ရွာ မီးရှို့ခံရ
စစ်တပ်က နေအိမ်များကို မီးရှို့၍ တန့်ဆည် ဒေသခံတွေ ထွက်ပြေးနေရ
တန့်ဆည် ကပေါင်းကျရွာကို စစ်ကောင်စီက ၁၃ ကြိမ်မြောက် မီးရှို့