တိမ်းရှောင်နေသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမှတ် ၁ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်း၏ ဖခင်ကို ဖမ်းဆီးသွားပြီးနောက် မန္တလေးနန်းတွင်းရှိ စစ်ကြောရေးသို့ ပို့ဆောင်ခံထားရသဖြင့် မိသားစုမှာ ၎င်းအသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။
ဖမ်းဆီးခံရသူမှာ အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အိုတဦးဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက် နံနက် ၆ နာရီဝန်းကျင်က မတ္တ ရာမြို့တွင်းရှိ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်၍ ဖမ်းဆီးသွားကြခြင်း ဖြစ်သည်။
မိသားစုနှင့် နီးစပ်သူတဦးက “ဖမ်းဆီးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အဖေကို နန်းတွင်း စစ်ကြောရေးကို ပို့ထားကြ တယ်လို့ သိရတယ်၊ ဖမ်းခံရတဲ့သူက အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အိုတဦးလည်း ဖြစ်သလို ကျန်းမာရေးလည်း မကောင်းတာကြောင့် နေ့စဉ် ဆေးဝါးသုံးစွဲနေရတာမျိုး ရှိတယ်၊ အဖမ်းခံရတဲ့အချိန်မှာ ဘာဆေးဝါးမှ ပါမသွားတဲ့အပြင် အသက်ကြီးတဲ့သူဆိုတော့ မိသားစုနဲ့ မြို့မိမြို့ဖတွေကပါ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြတယ်” ဟု ပြောသည်။
အဆိုပါ တိုင်းလွှတ်တော်ကိုယ်စားလှယ်၏ ဖခင်ဖြစ်သူသည် ၂၀၂၁ ဩဂုတ်လအတွင်းကလည်း တကြိမ် ဖမ်းဆီးခံရကာ ရဲစခန်း၌ပင် မေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယခုတကြိမ်တွင် အင်အား ၂၀ ခန့် ပါရှိသော မန္တလေးနန်းတွင်းမှ အကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီးသွားကြခြင်းဟု သိရသည်။
မတ္တရာမြို့ခံတဦးက “လာဖမ်းတဲ့ စကစတွေက လက်နက်အပြည့်အစုံနဲ့ မျက်နှာဖုံးစွပ်ပြီး ကားနဲ့ လာဖမ်းသွားကြတာ၊ ဘာလို့ ဖမ်းဆီးတယ်ဆိုတာ အခုချိန်ထိ ဘာမှမသိရသေးဘူး။ ၂၀၂၁ ဩဂုတ်လတုန်းကလည်း တကြိမ် ဖမ်းခံခဲ့ရသေး တယ်၊ အခုက ဒုတိယအကြိမ်ပါ” ဟု ပြောသည်။
လတ်တလောတွင် ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံသောအားဖြင့်ဟုဆိုကာ မတ္တရာမြို့နယ် အရှေ့ခြမ်း၌ မန္တလေး PDF၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်သည့် တောင်သမန် စစ်ဆင်ရေးကို ပြီးခဲ့သော အောက်တိုဘာလကုန်ပိုင်းက စတင်ဖော်ဆောင်ကာ စစ်ကောင်စီ တပ်စခန်း များအား တိုက်ခိုက် လျက်ရှိသည်။
မတ္တရာမြိုု့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများရှိခဲ့သလို ယခုလို NLD နှင့် ဆက်စပ်သူများကိုပါ လိုက်လံရှာဖွေဖမ်းဆီးမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ဦးမင်းမင်းသည် ပြီးခဲ့သည့် ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် NLD ပါတီ ကိုယ်စားပြု မတ္တရာမြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နေအိမ်၌ နေထိုင်ခြင်း မရှိတော့ဘဲ တိမ်းရှောင်နေကြောင်း သိရသည်။
မိသားစုနှင့် နီးစပ်သူတဦးက “ဦးမင်းမင်းကို စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့ ဝရမ်းထုတ်ထားတယ်။ အကြမ်းဖက်တွေနဲ့အတူ ပုဒ်မမျိုးစုံနဲ့ဆိုတော့ ဘယ်နှမှုဆိုတာတောင် မမှတ်မိတော့ဘူး၊ သူက လွှတ်တော်ကိုယ်စားလှယ်လဲဖြစ်သလို တော်လှန်ရေး မှာလည်း ပါဝင်ပတ်သက်မှုရှိတယ်။ လက်ရှိအချိန်ထိတော့ ဦးမင်းမင်းက မိသားစုကို အဆက်အသွယ်မလုပ်ဘဲ နေတာမို့ လုံးဝ အဆက်အသွယ် မရှိဘူးဆိုတာတော့ သေချာပါတယ်”ဟု ပြောသည်။
၂၀၂၁ ဩဂုတ်အတွင်းက ဦးမင်းမင်း၏ ဖခင်ဖြစ်သူကို ဖမ်းဆီးခဲ့သလို ဦးမင်းမင်းပိုင်ဆိုင်သည့် လုပ်ငန်း၊ နေအိမ်၊ ပိုင်ဆိုင်မှု များကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ကြောင်း၊ ထို့အတူ မတ္တရာမြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်အမတ် ဦးမောင်မောင်အေး ၏ နေအိမ်ကိုလည်း စီးနင်းဝင်ရောက်ကာ ချွေးမဖြစ်သူနှင့် မြေး ၂ ဦးတို့ကိုလည်း ဖမ်းဆီးကာ ပြန်လွှတ်ပေးခဲ့သော်လည်း နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် NLD ပါတီဝင်၊ လွှတ်တော်အမတ်များ၊ မိသားစုဝင်များကို ဖမ်းဆီးထောင်ချခြင်း၊ ညှဉ်းပန်း သတ်ဖြတ် ခြင်း၊ နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများကို ချိပ်ပိတ်သိမ်းဆည်းခြင်း၊ ပါတီရုံခန်း၊ အလံ၊ ဆိုင်းဘုတ်များအား ဖောက်ခွဲဖျက် ဆီးခြင်းများ ဆက်တိုက် ကျူးလွန်လျက်ရှိသည်ဟု NLD ပါတီက ထုတ်ပြန်ထားသည်။
စစ်တပ် အာဏာသိမ်းချိန်းမှ ပြီးခဲ့သည့် နိုဝင်ဘာအထိ လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦး အပါအဝင် NLD ပါတီဝင် ၁၂၉၀ ဦး ထိ အဖမ်းခံထားရပြီး၊ ဖမ်းဆီးထားစဉ် သေဆုံးသူ ၁၀၁ ဦးရှိကာ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးပါဝင်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် ၁၈၂ ဦး အပါအဝင် ပါတီဝင် ၄၀၇ ဦး၏ နေအိမ်များကိုလည်း ချိပ်ပိတ်ခံထားရပြီး ပါတီရုံးခန်းများ ဖျက်ဆီး ခံရမှု အကြိမ် ၁၆၀ အထိ ရှိကြောင်း သိရသည်။
You may also like these stories:
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ
စစ်ကြောင်းထိုးမှုကြောင့် မတ္တရာနယ်က ဒေသခံများ ထွက်ပြေး၊ တချို့ ပိတ်မိနေ
မတ္တရာနှင့် ပုသိမ်ကြီးမှ ဒေသခံ ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ














