ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများအား လုံခြုံရေးအကြောင်းပြ၍ အဆောင်မှူးအမျိုးသမီးနှင့် ဝန်ထမ်းများက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ စော်ကားမှုများ ပြုနေကြောင်း မအူပင် ထောင်မှ ပြန်လွတ်လာသူနှင့် နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
ရုံးထုတ်သွားမည့်အချိန်နှင့် တရားရုံးမှ ပြန်လာချိန် လျှို့ဝှက်စာများ ပါမပါစစ်ဆေးသည်ဆိုကာ နိုင်ငံရေးအကျဉ်းသူများ ကို ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုကာ အကျဉ်းထောင် အဆောင်ရှေ့ လူမြင်ကွင်း၌ပင် ဝတ်ထားသည့် အင်္ကျီ၊ ထဘီနှင့် အတွင်းခံများအား ချွတ်ခိုင်းပြီး ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မအူပင်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် အမျိုးသမီးတဦးက “နိုင်/ကျဉ်း အမျိုးသမီးလေးတဦးဆို သူ ဓမ္မတာ လာနေလို့ ဘောင်းဘီချွတ်မပေးပါရစေနဲ့လို့ ပြောတာကို မရဘူး။ စည်းကမ်းက စည်းကမ်းပဲဆိုပြီး ချွတ်ခိုင်းပါတယ်။ ဒီအမျိုးသမီးလေးက အပျိုလေးလည်းဖြစ်တယ်။ ထောင်ဝန်ထမ်းအမျိုးသမီးတွေရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေနဲ့ အပြောခံရတယ်။ ငိုယိုပြီး အထဲကိုပြန်ဝင်လာရတယ်။ နောက်ပြီး နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ ရင်သားတွေ၊ တင်ပါးတွေလည်း ဖျစ်ညှစ်ပြီး အနှိုက်ခံ အစစ်ခံနေရတယ်” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသူများ၏ လိင်အင်္ဂါနှင့် စအိုအတွင်းသို့ လက်နှိုက်ရှာဖွေခြင်းတို့ ပြုလုပ်လျက်ရှိပြီး အမျိုးသမီး တို့၏ အရှက်သိက္ခာကို ထိခိုင်အောင်အထိ ပြုမူနေကြောင်း လည်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
မအူပင်အကျဉ်းထောင်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂ (က) စသည့် နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျနေသူ ၂၀ ဦးခန့်ရှိပြီး ထောင်ဒဏ် ၁၀ နှစ်အောက် ကျခံနေရသူ များ ဖြစ်ကြောင်း သိရသည်။
PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “မအူပင်အကျဉ်းထောင်မှာ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါကို ဥပဒေမဲ့ စစ်ဆေးတာတွေက လုံးဝ မလုပ်သင့်ဘူး။ သင်္ကာမကင်းလို့ စစ်ဆေးမယ်ဆိုရင်တောင်မှ အကျဉ်းထောင်တွေမှာ X-Ray တွေ တပ်လို့ရတယ်။ Body Scanner တွေ တပ်လို့ရပါတယ်။ အိုးဘိုထောင်နဲ့ အင်းစိန်ထောင်မှာဆို အဲဒီလို စက်တွေ ထားထားတယ်။ တကယ်တော့ မအူပင်အကျဉ်းထောင်မှာလည်း မိမိတို့လိုအပ်ချက်တွေကို မဖြည့်ဆည်းဘဲနဲ့ အမျိုးသမီးတွေကို အဝတ်ဗလာမဲ့ပြီးမှ လူမြင်ကွင်းမှာ စစ်ဆေးတာတွေက လုံးဝ မဖြစ်သင့်ဘူး” ဟု ဆိုသည်။
ယခုကဲ့သို့ စစ်ဆေးခြင်းသည် နိုင်/ကျဉ်းအမျိုးသမီးများ၏ အရှက်သိက္ခာနှင့် လူ့ဂုဏ်သိက္ခာကို လူမဆန်စွာ ပြုမူစော်ကားခြင်း ဖြစ်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ မတရားနှိပ်စက်ခြင်းဖြစ်ပြီး လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် (၅) ကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ နိုင်/ကျဉ်းအမျိုးသမီးများ၏ ခွင့်ပြုချက်မရရှိဘဲ ထိုသို့ ပြုမှုဆောင်ရွက်ခြင်းသည် လိင်ပိုင်းဆိုင်ရာအရှက်ရစေရန် နှောင့်ယှက်ခြင်း (အတင်းအဓမ္မပြုခြင်း) ဖြစ်ကြောင်း PPNM က ထောက်ပြထားသည်။
အမျိုးသမီးအရေးဆောင်ရွက်နေသည့် Sisters 2 Sisters အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်ကလည်း “လူသားဂုဏ်သိက္ခာ ညှိုးနွမ်းအောင်၊ ကျဆင်းအောင်၊ အရှက်ရအောင်လုပ်တဲ့ လုပ်ရပ်မှန်သမျှသည် လူ့အခွင့်အရေးချိုးဖောက်မှုထဲမှာ ပါဝင်တယ်။ အခုလိုမျိုး အမျိုးသမီးတွေကို လူမြင်ကွင်းထဲမှာ အင်္ကျီတွေချွတ်တယ်။ မဆင်မခြင်ဆောင်ရွက်တဲ့ကိစ္စဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို တိုးပွားစေတယ်။ အရှက်သိက္ခာရစေတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ဘယ်လိုမှ ခွင့်လွှတ်လို့မရတဲ့ ကျူးလွန်မှုတွေဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အနေဖြင့် စေခိုင်းသူများ၊ ပါဝင်ပတ်သက်သူများနှင့် ကျူးလွန်သူများကို အကူးအပြောင်းကာလ တရားမျှတမှု ဖော်ဆောင်ရာတွင် ကျူးလွန်ခံခဲ့ရသည့် အမျိုးသမီးများ အတွက် တရားမျှတမှုရရှိစေရန် ပြည်သူ့တရားရုံးများမှတဆင့် ပြန်လည်တရားစွဲဆိုနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။
You may also like these stories:
ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၁ ဦး ဆေးကုသခွင့်မရ၍ သေဆုံး
မော်လိုက်ကလေးထောင်တွင် ရိုက်နှက်ခံထားရသည့် နိုင်/ကျဉ်းများ ဆေးကုခွင့် မရ
သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ
နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ













