“ အာဃာတထားတာမဟုတ်ပေမယ့် ကျမတို့ ဒါကို မေ့လို့မရဘူး” ဟု အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရသူ ဒေါ်အေးအေးသန်းက ပြောသည်။ သူသည် ၁၉၈၈ ခုနှစ်က အမည်ဆိုးဖြင့် ကျော်ကြားလှသော အင်းစိန်ထောင်တွင် ပုဒ်မတစုံတရာတပ် တရားစွဲဆိုခြင်းမရှိဘဲ ၁၁ လကြာ ထိန်းသိမ်းခံခဲ့ရသည်။
သူ၏အမြင်သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက စစ်အစိုးရလက်အောက်တွင် သူတို့ကြုံတွေ့ခဲ့ရသည်များကို ဝန်ခံအသိအမှတ်ပြုပေးရန် တောင်းဆိုနေသသော အခြားနိုင်ငံရေး အကျဉ်းသားဟောင်းများ၏ အမြင်ကိုလည်း ထင်ဟပ်နေသည်။
“ဒီမိုကရေစီကို လွယ်လွယ်ကူကူ ရခဲ့တယ်လို့ လူတွေကထင်ကြတယ်။ ဒါပေမယ့် ပြည်သူတွေ၊ အထူးသဖြင့် လူငယ်မျိုးဆက်တွေအနေနဲ့ အနစ်နာခံဆောင်ရွက်ခဲ့သူတွေကြောင့် ဒီလိုအောင်မြင်မှုတွေကိုရခဲ့တယ် ဆိုတာကို သိသင့်တယ်လို့ ကျမတို့ယုံကြည်တယ်” ဟု ဒေါ်အေးအေးသန်းက ပြောသည်။
လွန်ခဲ့သော ဆယ်စုနှစ် ၂ စုက စွဲချက်မတင်ဘဲ ထောင်သို့အပို့ခံရစဉ် ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်ပြောပြသည့်အခါ သူ့အား ပြန်လည် လွှတ်ပေးချိန်တွင် အင်းစိန်ထောင်အတွင်း ၁၁ လနေခဲ့ရသည်ကို မည်သူ့ကိုမျှပြန်ပြောမည် မဟုတ်ကြောင်း လက်မှတ်ထိုးခဲ့ရသည်ကို သူက အသေးစိတ်ရှင်းပြသည်။
ကလေး ၃ ယောက်မိခင် ဒေါ်အေးအေးသန်းက သူ့မိသားစုအတွက် စိုးရိမ်ပူပန်ခဲ့ရသလို၊ အခြားလူငယ်အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များအတွက် စိတ်ပူခဲ့ရကြောင်း ပြောပြသည်။
“အင်းစိန်ထောင်ထဲရောက်ခဲ့ပါတယ်လို့ မပြောပါနဲ့ဆိုတာ ဒီလိုအပြုအမူဟာ လူတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တာပဲ။ ၁၉၈၈ ခုနှစ်က အဲဒီအချိန်တုန်းက ကျမ အသက်က ၄၅ နှစ်ပါ။ ကျမသာ အပျိုအရွယ်လေးဆို ဘယ်နှယ့်လုပ်မလဲ။ လင်ကောင်မပေါ်ဘဲနဲ့ ဗိုက်ကြီးလိုု့ ကလေးသွားမွေးသလိုလို ရပ်ကွက်ထဲမှာ။ အထင်ခံရမှာပေါ့။ ဒီ ၁ နှစ် ဘယ်ကို ပျောက်သွားသလဲ ဆိုတာ။” ဟုလည်း ပြောသည်။
ဆယ်စုနှစ် ၂ စု ကြာမြင့်သည့် ကာလအတွင်း သူသည် ရေငုံနှုတ်ပိတ် မနေခဲ့ပေ။ “ဒီလို မတရားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကျမရဲ့အသံကို ကျယ်ကျယ်လောင်လောင်နဲ့ လူတွေသိအောင်လုပ်ရမှာ ကျမရဲ့တာဝန်ပဲ” ဟု ဒေါ်အေးအေးသန်းက ဧရာဝတီသို့ ပြောသည်။
အခြားသော နိုင်ငံရေး အကျဉ်းသူဟောင်း အများအပြားကလည်း ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း လူမဆန်သော ဆက်ဆံမှုများနှင့် လိင်ကွဲပြားမှုအပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်သော ၎င်းတို့၏အတွေ့အကြုံကို ပြန်လည်ပြောပြကြသည်။
ပြောင်းလဲနေသော မြန်မာပြည်တွင် လူထုအခြေပြုအဖွဲ့အစည်းများ အင်အားတောင့်တင်းလာသဖြင့် အကြောင်းကိစ္စရပ် အများစု၏ မတရားမှုများကို ဆန့်ကျင်ကန့်ကွက်ခြင်းဖြင့် ဆန္ဒဖော်ထုတ်ကြသည်။
သို့သော် ယခင်က ကျူးလွန်ခဲ့သော ပြစ်မှုများအကြောင်းကို ကြားရန် ခက်ခဲသည်။ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ခဲ့သူများနှင့် နှစ်ရှည်ထောင်သွင်းအကျဉ်းချခံရသူ အချို့တို့သည် တပ်မတော်ကဲ့သို့သော ကျူးလွန်သူများနှင့် ပတ်သက်လျှင် ၎င်းတို့၏အသံကို အများပြည်သူကြားအောင် လုပ်ဆောင်လေ့မရှိကြပေ။ အကြောင်းရင်းမှာ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ဦးစားပေးလုပ်ငန်းဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မထိခိုက်စေလိုသောကြောင့် ဖြစ်သည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူဟောင်း အမျိုးသမီးအချို့က ထိုအခြေအနေကို ပြောင်းလဲပစ်ချင်ကြသည်။ စစ်အစိုးရလက်အောက်တွင် ပေါ်ပေါက်ခဲ့သော မတရားမှုများကို ကျူးလွန်သူများက ဝန်ခံအသိအမှတ်ပြုရန် ၎င်းတို့က တိုက်တွန်းသည်။ သို့သော် မြန်မာနိုင်ငံ စစ်အာဏာရှင်ခေတ်အတွင်း ၎င်းတို့၏ အခွင့်အရေးများကို ချိုးဖောက်ခဲ့သူများ အပေါ် အာဃာတထားခြင်း မဟုတ်ကြောင်းပြောဆိုသည်။
၂၀၁၄ ခုနှစ်မှစတင်ပြီး ဝိမုတ္တိ လူမှုဝန်ထမ်းအမျိုးသမီးအဖွဲ့က ကျင်းပသော စကားဝိုင်းများတွင် ၎င်းတို့၏ အတွေ့အကြုံကို စုဝေးဝေမျှခဲ့သည်။ ထိုဝိမုတ္တိလူမှုဝန်ထမ်းအမျိုးသမီးအဖွဲ့သည် နိုင်ငံရေး အကျဉ်းသူဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို စိတ်ဓာတ်ရေးရာ အထောက်အပံ့ပေးနေသော အဖွဲ့အစည်းဖြစ်သည်။
ဝိမုတ္တိအဖွဲ့သည် နိုင်ငံရေး အကျဉ်းသူဟောင်းများ၏ အတိတ်နှင့်ပစ္စုပ္ပန်ကာလ ဖိစီးမှုများကိုလျှော့ချရန် “ရင်ဖွင့်လို့ ရသော နေရာတခု” ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
ဝိမုတ္တိဟူသော စကားသည် ပါဠိစကားလုံးဖြစ်ပြီး လွတ်လပ်ခြင်း ဟု အဓိပ္ပာယ်ရသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ၂၀၀၉ ခုနှစ်တွင် ဝိမုတ္တိကို စတင် ထူထောင်ခဲ့သည်။ မုန်တိုင်းဒဏ်ခံဒေသများတွင် အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
မေလ ၂၀ ရက်နေ့က ဝိမုတ္တိအဖွဲ့သည် ရန်ကုန်တွင် နိုင်ငံရေးအကျဉ်းသူဟောင်းများနှင့် ပေးဆပ်သူတို့ စကားဝိုင်းဟူသော အစီအစဉ်တခု ပြုလုပ်ခဲ့ပြီး၊ ၎င်းတို့အနေဖြင့် အနာဂတ်တွင်မည်သို့ရှေ့ဆက်လိုသည်၊ အတိတ် ဖြစ်ရပ် အတွေ့အကြုံများကို ဖော်ထုတ်ခြင်းဖြင့် တရားမျှတမှုကို မည်သို့ဆောင်ကျဉ်းနိုင်မည် နှင့် ထိုကဲ့သို့ ဖမ်းဆီးမှုများ ရပ်တန့်အောင်ဆောင်ရွက်ရာတွင် မည်သို့အကျိုးပြုမည်တို့ကို အမြင်ခြင်း ဖလှယ်ခဲ့သည်။
ဦးဆောင်ဆွေးနွေးသူများအဖွဲ့တွင် အမျိုးသမီး ၅ ဦးက အတွေ့အကြုံများကို ဖလှယ်ခဲ့ပြီး ထောင်များ၊ စစ်ကြောရေး စခန်းများတွင် ၎င်းတို့ မည်သို့ပြုမှု ဆက်ဆံခံခဲ့ရသည်ကို ပြန်လည်ဝေမျှခဲ့ကြသည်။
ထိုသို့ဖလှယ်သော အတွေ့အကြုံများတွင် အင်းစိန်အကျဉ်းထောင်တွင် အမျိုးသမီးအကျဉ်းသူများ ရင်ဆိုင်ရသည့် လိင်ကွဲပြားမှု အခြေခံနှောင့်ယှက်မှု ခံရသည့် ဖြစ်ရပ်များအကြောင်းလည်း ပါဝင်သည်။ ထိုစဉ်က အဖြူရောင် ထောင်ဝတ်စုံကိုသာ ဝတ်ဆင်ရသော အကျဉ်းသူများ ရေချိုးနေစဉ် အမျိုးသားထောင်ဝါဒါများက အပေါ်စီးမှ စောင့်ကြည့်နေကြခြင်းမျိုး ကြုံတွေ့ကြရပြီး ဤသည်က စိတ်ကသိကအောက်ဖြစ်ရသည်ဟု ၎င်းတို့က ပြောပြသည်။
“နိုင်ငံရေးအကျဉ်းသူဟောင်းတွေဟာ သာမာန် အမျိုးသမီးတွေထက် စိတ်ဓာတ် ပိုမိုကြံ့ခိုင်တယ်ဆိုပေမယ့် စိတ်ဓာတ်ရေးရာ အထောက်အကူ၊ လူမှုစောင့်ရှောက်မှုနဲ့ ဝန်ခံအသိအမှတ်ပြုမှု လိုအပ်ပါတယ်” ဟု ဝိမုတ္တိကို တည်ထောင်သူတဦး ဖြစ်သည့် ဒါရိုက်တာ ဒေါ်ခင်မိမိခိုင်ကပြောသည်။
သူက “အမှန်တရားကို အသိအမှတ်ပြုခြင်းဟာ လက်စားချေတာ မဟုတ်ပါဘူး။ အသိအမှတ်ပြုခြင်းဟာ ကျမတို့ရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ပါတယ်” ဟု ရှင်းပြပြီး နိုင်ငံရေး အကျဉ်းသူဟောင်းများသည် အတိတ် အိပ်မက်ဆိုးများကို ကျော်လွှားရန် စိတ်ဒဏ်ရာ ကုစားမှု အထောက်အပံ့လည်း လိုအပ်ကြောင်းပြောသည်။
ဒေါ်ခင်မိမိခိုင် ကိုယ်တိုင်သည်လည်း ၁၉၉၇၊ ၁၉၉၈၊ ၂၀၀၀ နှင့် ၂၀၁၃ ခုနှစ်များတွင် တကြိမ်စီ စုစုပေါင် ၄ ကြိမ် အဖမ်းခံရသည့် နိုင်ငံရေး အကျဉ်းသူဟောင်း ၁ ဦးဖြစ်ပြီး နောက်ဆုံး ၃ကြိမ်အတွင်း ထောင်တွင် ၆ လ မှ တနှစ်ခွဲအထိ နေထိုင်ခဲ့ရသည်။ သူသည် ၂၀၁၄ ခုနှစ်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်လည်း ဖြစ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ အတွက်သာမက ကာလရှည်ကြာ ပြည်တွင်းစစ်ကြောင့် အခြားလူနည်းစု တိုင်းရင်းသား လူမျိုးစုများ ကြုံတွေ့ခဲ့ရသည်များကို အစိုးရ၏ အသိအမှတ်ပြုမှု လိုချင်ကြောင်း ဒေါ်ခင်မိမိခိုင် က ဆိုသည်။ ကျူးလွန်သူများက ကျူးလွန်ခံရသူများကို တောင်းပန်သင့်သည်ဟုလည်း သူက ဆိုသည်။
“လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေက သူတို့တာဝန်အရ အမိန့်အရ လုပ်တာဆိုပြီး သူတို့ကိုယ်သူတို့ ကာကွယ်နေတာကို ဆက်ပြီး ခွင့်မပြုသင့်တော့ဘူး၊ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်တာဟာ အမှန်တရားလို လက်ခံသွားရင် သေချာတယ် ကျမတို့ အနာဂတ်မှာ မျိုးဆက်သစ်တွေကလည်း အဲဒီလို လူ့အခွင့်အရေးချိုးဖောက်မှု တွေကို ဆက်ခံနေရအုံးမှာပဲ။” ဟု ဒေါ်ခင်မိမိခိုင်က ဆိုသည်။