ပဲခူးတိုင်း ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသူများအပါ အကျဉ်းသူ ၈၀ ကျော်ကို ဆူပူမှု အကြောင်းပြချက်ဖြင့် ရိုက်နှက် တိုက်ပိတ်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၅ရက်က ကျိုက်မရောထောင်မှ ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်၏ အသုံးအဆောင် နှင့် အစားအသောက်များကို ထောင်အာဏာပိုင်တို့က သိမ်းဆည်သဖြင့် ပြန်ပေးရန် တောင်းဆိုရာမှ ဝန်ထမ်းများက သေနတ်ပစ်ဖောက် အော်ဟစ်ဆဲဆိုကာ လေးခွများ၊ တုတ်များ၊ ကျင်စက်၊ ကျစ်ကျိုးများဖြင့် ပစ်ခတ်ရိုက်နှက်ကြောင်း နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (Women’s Organization of Political Prisoners- WOPP) ပြောသည်။
WOPP အဖွဲ့ တည်ထောင်သူ မဇူးဇူးမေယွန်းက “ကျိုက်မရောထောင်က ပြောင်းလာတဲ့ အမျိုးသမီးတွေရဲ့ ပစ္စည်းတွေ လည်း အပြည့် ပြန်မပေးဘူး။ ခြိမ်းခြောက်မှုတွေ ပြုလုပ်လာတော့ အထဲမှာရှိပြီးသား နိုင်ငံရေးအကျဉ်းသူတွေက ဝိုင်း ပြီး တောင်းဆိုတာပေါ့။ အဲဒါကို ဆူပူပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသားဝန်ထမ်း အင်အား ၂၀ ကျော်နဲ့ ဝင် ရိုက်တယ်၊ နံပါတ်တုတ်တွေ ရိုက်တယ်။ လေးခွတွေရော သေနတ်နဲ့ပါ ခြိမ်းခြောက်တယ်” ဟု ပြောသည်။
ထောင်အာဏာပိုင်များ၏ ရိုက်နှက်မှုများကြောင့် ထောင်ပြောင်းရွှေ့ခံရသူ နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော်နှင့် ယခင်က တည်းက ဒိုက်ဦးထောင်ထဲတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၅၀ ကျော်တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ထို အထဲမှ ၅ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) ကလည်း ဇွန် ၁၇ ရက်တွင် ထုတ်ပြန်သည်။
လက်ရှိအချိန်တွင် အဆိုပါ ရိုက်နှက်ခံထားရသူ နိုင်ကျဉ်းအမျိုးသမီးများကို တိုက်ပိတ်ထားပြီး ပြင်းထန်ဒဏ်ရာရသူများ မှာ ဒိုက်ဦးဆေးရုံဆောင်၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
PPNM အဖွဲ့မှ ကိုသိုက်ထွန်းဦးက “နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော်က ထိခိုက်ဒဏ်ရာရခဲ့တယ်။ ကျန်တဲ့ ၅၀ ကျော်က လည်း လေးခွမှန်တဲ့ ဒဏ်ရာရခဲ့တယ်။ ဒီထဲက ဆိုးဆိုးရွားရွား ဒဏ်ရာရတဲ့ ၅ယောက်လောက်ကိုတော့ ပြင်ပဆေးရုံကို မပို့ပေးပေမယ့် ဒိုက်ဦးအကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းထောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်” ဟု ပြော သည်။
ထိုရိုက်နှက်မှု၌ ဦးဆောင်ခဲ့ကြသည့်ထောင်ဝန်ထမ်းအရာရှိများမှာ ဦးစီးအရာရှိ ကျော်ဇေယျ၊ မျိုးသီဟအောင် (၁ ပွင့်)၊ မင်းဇော်သိန်း (၁ ပွင့်)၊ ကိုလေးမြင့် (အဆောင်မှူး) တို့ဖြစ်ကြောင်း PPNM အဖွဲ့က အသိပေးထားသည်။
မဇူးဇူးမေယွန်းက “အပ်တိုတချောင်းတောင် ထောင်ထဲမှာ ကိုင်ခွင့်မရှိတဲ့နေရာမှာ အမျိုးသမီးတွေကို ယောက်ျား တွေ က ဝင်ရိုက်တယ်ဆိုတာ ခေတ်အဆက်ဆက်မှာ စစ်တပ်ရဲ့ ယုတ်မာမှုက ကမ်းကုန်သွားပြီ။ ထောင်ထဲမှာ အပြစ်မဲ့တဲ့ အမျိုးသမီးတွေကို ညှဉ်းပန်း နှိပ်စက်တယ်၊ ဖိနှိပ်ချုပ်ခြယ်မှုက လွန်လွန်ကျူးကျူးကို ဆက်ဆံလိုက်တာပေါ့။ ကျမတို့က အမျိုးသမီးတွေ နိုင်ငံရေးအကျဉ်းသူတွေ တယောက်မကျန် လွတ်မြောက်ဖို့ ဆေးဝါးကုသခွင့်ရမယ်ဆိုရင် မိတ်ဖက် အဖွဲ့အစည်းတွေ မီဒီယာတွေနဲ့ပူးပေါင်းပြီး အစွမ်းကုန်ကြိုးစားသွားပါမယ်” ဟု ပြောသည်။
အဆိုပါ အကျဉ်းထောင်တွင်း ဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ပဲခူးတိုင်း အကျဉ်းဦးစီးမှူးအား ဧရာဝတီ က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။
အကျဉ်းသူများ၏ မိသားစုဝင်များအနေဖြင့် ဒိုက်ဦးမြို့သို့ တချို့မှာ သွားရောက်နေကြပြီး ထောင်ဝင်စာ ရရှိရန်နှင့် အကျဉ်းဦးစီးမှ သက်ဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံနိုင်ရန် ကြိုးစားနေကြကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသူ စုစုပေါင်း ၅ ထောင်ခန့် ရှိပြီး ၎င်းတို့မှာ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းများ၏ လိင်ပိုင်းဆိုင်ရာအရ ဖိနှိပ်ခံရခြင်း၊ တိုက် ပိတ်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းများကို ကြုံတွေ့နေရကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့များ၏ ကောက်ယူပြောဆိုချက်များအရ သိရသည်။
You may also like these stories:
ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ
လူငယ်ထိန်းသိမ်းရေးစခန်းတချို့၌ အကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ
ထောင်တွင်း ဆေးကုသခွင့်မရ၍ သေဆုံးသည့် နိုင်ကျဉ်း ၁၆ ဦးခန့် ရှိလာ












