မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီး၌ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၁၆ ဦးခန့် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) မှ ဆိုသည်။
အင်းစိန်၊ သာယာဝတီ၊ မြင်းခြံ၊ ကလေး၊ မကွေး၊ ဒိုက်ဦး၊ ကျိုက်မရော အစရှိသည့်အကျဉ်းထောင်များရှိ အကျဉ်းသား ၁၅ ဦးနှင့် အကျဉ်းသူ ၁ ဦးတို့သည် ထောင်တွင်း ဆေးဝါးကုသခွင့်မရရှိခြင်း၊ လိုအပ်သည့် ဆေးဝါးများ ပို့ဆောင်၍မရ ခြင်း၊ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရသည့်အတွက် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်၏ မှတ်တမ်းပြုစုထားမှုများအရ သိရသည်။
PPNM မှ ကိုသိုက်ထွန်းဦးက “လက်ရှိမှာတော့ ၂၀၂၃ တနှစ်ထဲမှာ ကျနော်တို့ အတည်ပြုထားနိုင် ၁၆ ဦး ရှိတယ်။ ကျနော်တို့လက်လှမ်းမမှီတဲ့ အကျဉ်းထောင်တွေ၊ သတင်းဖြတ်ခံထားရတဲ့ အကျဉ်းထောင်တွေမှာဆို ဒီထက် ပိုပြီးတော့ အရေအတွက် များနိုင်တယ်” ဟု ပြောသည်။
ထပ်မံ၍ အကျဉ်းသားများ အသက်မဆုံးရှုံးစေရန် စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင်အာဏာပိုင်များ အနေ ဖြင့် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန်၊ အကျဉ်းထောင်ဆေးရုံများတွင် ဆေးဝါးစုံလင်စွာ ထားရှိရန်၊ အရေးပေါ် ဆေးကုသခွင့်များ ထိရောက်စွာပေးရန် နိုင်ငံရေး အကျဉ်းသားများက တောင်းဆိုကြသည်။
နိုင်ငံရေး အကျဉ်းသူဟောင်းတဦးက “အစ်မတယောက်က သားအိမ်ကင်ဆာ ဖြစ်နေတယ်။ သူ့ရဲ့အခြေအနေက ကင် ဆာ အဆင့် ၃ မှာ။ သူက ကျမ ကုချင်ပါတယ်။ ဘာဆေးမှလည်း သောက်ခွင့်မရှိပါဘူး။ မသောက်ခဲ့ရပါဘူးလို့ ကျမတို့ ကို ပြောတယ်။ နောက်တော့ ကျမတို့လည်း သူနဲ့ ကွဲပြီး အချုပ်ဆောင်ရောက်သွားတယ်။ သိပ်မကြာဘူး။ အဲဒီ အစ်မဆုံး သွားပြီလို့ သိလိုက်ရတယ်။ ကျမတို့ ကိုယ်တိုင်လည်း ဘာမှလုပ်မပေးနိုင်ခဲ့ဘူး“ ဟု ပြောသည်။
အကျဉ်းထောင်များ၌ ကျန်းမာရေးတစုံတရာ ချို့ယွင်းသည်ဆိုပါက များသောအားဖြင့် အကိုက်အခဲ ပျောက်ဆေးသာ ပေးကြပြီး မိသားစုဝင်များက ပေးပို့သည့်ဆေးဝါးများကိုလည်း အကျဉ်းထောင်အတွင်း မရောက်ရှိကြကြောင်း သိရ သည်။
အရေးပေါ်အခြေအနေဖြစ်၍ ဆေးကုသခွင့်တောင်းဆိုသည့်အခါမျိုးတွင်လည်း အဆင့်ဆင့် စာတင်နေရသည်မှာ ၆လ ခန့် ကြာမြင့်တတ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောသည်။
နိုင်ကျဉ်းတဦးက “အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ နေမကောင်းဖြစ်ပြီး အရေးပေါ်အခြေအနေ နှလုံးဖောက် တာတို့ မေ့လဲသွားတာမျိုးတို့၊ ဗိုက်အောင့်ပြီး အစာအိမ်အချဉ်ပေါက်တာတွေ ဖြစ်တဲ့အချိန်တွေမှာဆို အကျဉ်းသား အချင်းချင်းကပဲ အရေးပေါ်ဆိုပြီး ဆရာဝန်ကို အော်ခေါ်ပေးရတာတွေရှိတယ်။ အဲဒီအခါတွေမှာ အကျဉ်းထောင်ဆေးရုံနဲ့ အကျဉ်းသားတွေရှိတဲ့နေရာက လမ်းလျှောက်ရင် ၁၅ မိနစ်လောက်ပဲရှိတယ်။ အဲဒါကို အချိန်မှီမရောက်လာဘဲ နာရီပိုင်း ကြာတာမျိုး တွေရှိတယ်။ နောက်ပြီး အဆင့်ဆင့်စာတွေ တင်နေချိန်မှာပဲ သေဆုံးခဲ့ရတာတွေရှိတယ်” ဟု ပြောသည်။
ယခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်း အင်းစိန်ထောင်တွင် နိုင်ငံရေး ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်ချ မှတ် ခံထားရ သည့် ၂၁ နှစ်အရွယ် ကိုမင်းဟိန်းခန့် (ခ) အာကျယ်မှာ နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့သည်ဟု မိသားစုထံ ထောင်အာ ဏာပိုင်များက အကြောင်းကြားခဲ့ကာ စက်တင်ဘာ ၂၄ ရက်တွင် အလောင်းကို ပြန်ပေးခဲ့ကြောင်း သိရသည်။
အာဏာမသိမ်းခင်အချိန်က အဖွဲ့အစည်းအသီးသီးမှ အကျဉ်းထောင်များအတွင်း ဝင်ရောက်စစ်ဆေးခွင့်ရရှိကြပြီး၊ အာ ဏာသိမ်းပြီးနောက် ကိုဗစ်ကိုအကြောင်းပြကာ ထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့်များကို လက်ရှိအချိန်ထိ ပိတ်ပင် ထားကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလက အကျဉ်းသားများကို မိသားစုနှင့် တွေ့ခွင့်၊ ထောင်ဝင်စာ ပါဆယ်ပို့ခွင့် များ ပြန်လည်ခွင့်ပြုခဲ့သော်လည်း ထောင်တွင်း ဆေးဝါးပို့ဆောင်ခွင့်ကိုမူ အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားကြောင်း နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။
ထိုသို့ ကျန်းမာရေးအတွက် ဆေးဝါးကုသခွင့်မရ၍ သေဆုံးရသူများအပြင် ထောင်အပြောင်းအရွှေ့အတွင်း ညှဉ်းပန်းနှိပ် စက်ခံရမှုကြောင့် သေဆုံးမှုများလည်းရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်မှ နိုင်ကျဉ်း ၁၀ ဦးကျော်ခန့်ကို ထောင် ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်သွားပြီးနောက် ထိုသူများ ပျောက်ဆုံးနေရာမှနေ ပဲခူး ဗကသ ဒုဥက္ကဋ္ဌ ကိုခန့်လင်း နိုင်နှင့် အခြားနိုင်ကျဉ်း ၈ ဦးအထိ သေဆုံးကြောင်း မိသားစုများထံ အကြောင်းကြားလာခဲ့ကာ ကျန်သောသူများမှာ လက်ရှိအချိန်ထိ သတင်းပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ထံက သိရသည်။
ထိုကဲ့သို့ အကျဉ်းထောင်အတွင်းမှ အခြေအနေများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် ဝင်ရောက်ကြည့်ရှု၍ ကူညီဆောင်ရွက်ပေးရန် နိုင်ငံရေး အကျဉ်းသားများအရေး လှုပ်ရှားသူများက တောင်းဆိုကြ သည်။
၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံခဲ့ရသူ ၂၅,၆၃၀ ရှိပြီး ထိုထဲ တွင် ၁၉,၈၃၂ မှာ လက်ရှိအချိန် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
You may also like these stories:
အိန္ဒိယထောင်၌ အစာငတ်ခံဆန္ဒပြ မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရ
စစ်ကောင်စီက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးချနေဟုဆို
နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ