ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် တရုတ်ကျောထောက်နောက်ခံပြု ဆိပ်ကမ်းကြီးအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး စီမံကိန်းများကို အာရုံစိုက်ရန် စစ်ကောင်စီအရာရှိများ နေပြည်တော်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့က တွေ့ဆုံသည်။
ပင်လယ်နက်ဆိပ်ကမ်း လုပ်ပိုင်ခွင့်နောက်ဆက်တွဲ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး သုံးပတ်ခန့်အကြာနှင့် တရုတ်ကြားဝင်စေ့စပ်သည့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်များက လက်မှတ်ထိုးပြီးနောက်တွင် ထိုအစည်းအဝေး ကျင်းပခြင်းဖြစ်သည်။
ထိုညီနောင်မဟာမိတ်များတွင် ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားတပ်မတော် (TNLA) တို့ပါဝင်သည်။ ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပြဋ္ဌာန်းချက်တခုမှာ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်များသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန်နှင့် မြန်မာမှ တရုတ်နိုင်ငံသားများ လုံခြုံရေးကို အာမခံရန် ဖြစ်သည်။
ကျောက်ဖြူဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ကူမင်းနှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်သော ကီလိုမီတာ ၁,၇၀၀ ရှည်လျားသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွက် အဓိကဖြစ်သည်။
ထိုစီမံကိန်းကို တရုတ်မှ CITIC Myanmar Port Investment Ltd နှင့် စစ်ကောင်စီခန့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီအကြား ဖက်စပ်လုပ်ငန်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်က တည်ဆောက်နေသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက လုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် ဝန်ကြီးဌာနများ ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရန် ပြောသည်။ ဦးအောင်နိုင်ဦးသည် စစ်ကောင်စီဝန်ကြီးအဖွဲ့ဝင် တဦးလည်းဖြစ်သည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို ကြေညာသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်နိုင်ဦးသည် လွန်စွာတက်ကြွနေသည်။ ပင်လယ်နက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် အာရှ၊ အာဖရိကနှင့် ဥရောပမှ ဈေးကွက်များကို ဆက်သွယ်ပေးသည့် အချက်အခြာဖြစ်လာပြီး မြန်မာနှင့်ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသည့် တချိန်တည်းတွင် ကမ္ဘာသို့ ဝင်ထွက်ပေါက်သစ်တခုလည်း ဖြစ်လာမည်ဟု ၎င်းကပြောသည်။
အောက်တိုဘာလ နှောင်းပိုင်းက ၁၀၂၇ စစ်ဆင်ရေးတွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ နယ်မြေအများအပြား ညီနောင်မဟာမိတ်များထံ လက်လွှတ်ဆုံးရှုံးပြီးနောက် ဒီဇင်ဘာလတွင် စစ်ကောင်စီက တရုတ်ကို ထိုကိစ္စတွင် ကြားဝင် ဆောင်ရွက်ပေးရန်ပြောသည်။ တရုတ်နိုင်ငံသည် နယ်စပ်တလျှောက်တွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် သြဇာလွှမ်းမိုးမှု တစုံတရာရှိသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွက် လုပ်ကိုင်ခွင့် သဘောတူစာချုပ် နောက်ဆက်တွဲကို ထိုသို့သော နောက်ခံအခြေအနေတွင် လက်မှတ်ထိုးခြင်းဖြစ်သည်။
နောက်ဆုံးတွင် ညီနောင်မဟာမိတ်များသည် တရုတ်က ကြားဝင်စေ့စပ်ပေးသည့် ဆွေးနွေးပွဲများတွင် အပစ်အခတ်ရပ်စဲရေးကို လွန်ခဲ့သော အပတ်က သဘောတူခဲ့သည်။ တရုတ်ဘက်က ရှေ့ဆက် လုပ်ဆောင်ရေး စစ်ကောင်စီသည် ကျောက်ဖြူအတွက် နောက်ဆက်တွဲတွင် လိုက်လျောမှု အများအပြား လုပ်ခဲ့ရပုံရသည်ဟု လေ့လာသူများက ပြောသည်။
သို့သော် ထိုဆိပ်ကမ်းတည်ရှိသည့် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) သည် စစ်ကောင်စီတပ်များကို နိုဝင်ဘာလမှ စတင်ပြီး ပြန်လည် တိုက်ပွဲဆင်နေသည်။ စစ်ကောင်စီသည် ထိုပြည်နယ်ကို ပိတ်ဆို့ထားပြီး အရပ်သားများကို လေကြောင်းနှင့် အမြောက်ကြီးများဖြင့် ပစ်ခတ်နေသည်။ သို့သော် AA သည် အပေါ်စီး ရနေပုံရှိသည်။
AA သည် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ကာ ရခိုင်ပြည်မြောက်ပိုင်းမှ တပ်ရင်းအချို့ကို ချေမှုန်းနေသည်။ AA သည် ရခိုင်ပြည်နယ် ကျေးလက်ဒေသ အများစုကို သိမ်းပိုက်ထားပြီး မြို့များကို အဓိကအာရုံစိုက် သိမ်းပိုက်ခြင်း မပြုသေးပေ။
ကျောက်ဖြူမြို့နယ်နှင့် ထိစပ်နေသည့် ရမ်းဗြဲမြို့နယ်တွင် ဆက်လက် ဖြစ်ပွားနေသည့် တိုက်ပွဲများသည်လည်း ထိုကြီးမားလှသော စီမံကိန်းကို ရှေ့ဆက်ရန် ခက်ခဲစေသည်ဟု စီးပွားရေး သရုပ်ခွဲလေ့လာသူများက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Seeks to Speed Up China-Backed Seaport in Rakhine as War Escalates ကို ဘာသာပြန်သည်။)
You may also like these stories:
ရခိုင်အထူးစီးပွားရေးဇုန် တရုတ်အရှိန်မြှင့်လုပ်နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ပိတ်ဆို့
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း ရပ်တန့်ရေး ဒေသခံများ ဆန္ဒပြ
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်
တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် NUG ကတိပြု