ကချင်ပြည်နယ်၊ ဖားကန့်မြို့တောင်ဘက် ၁၀ မိုင်ကျော်အကွာ ဝှေခါရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်သည့် တပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ဖားကန့်မြို့နယ်ထဲက ဝှေခါ တပ်စခန်းကို သိမ်းလိုက်ပြီလို့ အကြောင်းကြားလာတာ ရှိပါတယ်။ အဲဒီဘက်ကတော့ ကျနော်တို့ ဇန်နဝါရီ ၆ ရက်နေ့ကနေ ဝင်တိုက်တာ ဖြစ်ပါတယ်။ ၁၀ ရက်ကျော်တာပေါ့။ ခလရ-၄၀၂ ထိုင်တဲ့စခန်း ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ် သတင်းများကို ရေးသားဖော်ပြနေသည့် KNG သတင်းဌာနကမူ KIA နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့များသည် ဝှေခါရွာရဲစခန်းနှင့် စစ်တပ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း KIA နှင့် KPDF က လိုက်လံဖမ်းဆီးနေကြောင်း ရေးသားဖော်ပြထားသည်။
ဝှေခါရွာသည် ဆိပ်မူကျေးရွာအုပ်စုတွင် ပါဝင်ပြီး အထက်တန်းကျောင်း ၁ ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနအပြင် ကျောက်စိမ်းလုပ်ကွက်များရှိသည့်ရွာ ဖြစ်သည်။
KIA အနေဖြင့် ဝှေခါဒေသကို ထိန်းချုပ်လိုက်ပါက စစ်ကောင်စီတပ် ဖားကန့်ကို လာနိုင်သည့် လမ်းကြောင်းတခုအား ဖြတ်တောက်ထားနိုင်မည်ဟု စစ်ရေးလေ့လာသူတဦးက ဆိုသည်။
၎င်းက “ဟိုပင်-မိုးညှင်း-သံလမ်းရိုးကနေပြီးတော့ ဖားကန့်ကို တက်တဲ့လမ်းကြောင်းကို ဖြတ်လိုက်တာပေါ့။ ဟိုပင်-မိုးညှင်း-သံလမ်းရိုးကတက်ရင် ဝှေခါရောက်တယ်။ ဝှေခါပြီးမှ ဖားကန့်ရောက်တယ်။ အဲဒီလမ်းကြောင်းကို ဖြတ်ထားနိုင်တယ်။ ဝှေခါဆိုတာ ကျောက်လုပ်ကွက်အကြီးကြီးရှိတဲ့ ဒေသတခုပဲ။ အဲဒီဒေသတခုလုံးကို ထိန်းချုပ်နိုင်ရင် KIA အတွက် စီးပွားရေးအရ အကျိုးရှိတာပေါ့။ စစ်တပ်အတွက်တော့ စီးပွားရေးအရရော၊ စစ်ရေးအရရော အကျိုးမဲ့တာပေါ့” ဟုလည်း မှတ်ချက်ပြုသည်။
You may also like these stories:
မိုးမိတ်မြို့ကို KIA၊ PDF တို့ ဝင်တိုက် ဒေသခံများပိတ်မိနေ
နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်
မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ဗျူဟာကုန်းကို KIA သိမ်းပိုက်













