အကြမ်းဖက်မှု မြင့်မားခြင်း၊ လုပ်သားအင်အား မလုံလောက်ခြင်းနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် စီးပွားလုပ်ရန် ခက်ခဲနေစဉ် ပဋိပက္ခဖြစ်ပွားနေသော မြန်မာ့စီးပွားရေး တိုးတက်မှုသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၁ ရာခိုင်နှုန်း ပတ်ဝန်းကျင်သာ ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
၂၀၂၄ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) ၁ ရာခိုင်နှုန်းသာ တိုးပြီးနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့စီးပွားရေးသည် ၂ ရာခိုင်နှုန်းခန့် တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလတွင် ခန့်မှန်းတွက်ချက်ခဲ့သည်။
“၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တိုးတက်မှုကို ထိုသို့ လျှော့ချပြင်ဆင် တွက်ချက်ခြင်းမှာ ငွေကြေးဖောင်းပွမှု ဆက်လက် မြင့်မားနေခြင်းနှင့် လုပ်အား၊ နိုင်ငံခြားငွေ၊ လျှပ်စစ်ဓာတ်အားရရှိမှု အကန့်အသတ်များကြောင့် အဓိကအားဖြင့် ဖြစ်သည်။ ထိုကိစ္စများ အားလုံးသည် ယခင်က မျှော်မှန်းထားသည်ထက် စီးပွားရေးကို ပိုမိုကြီးမားစွာ သက်ရောက်မှုရှိနိုင်သည်” ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။
လူဦးရေ ၅၅ သန်းရှိသော မြန်မာနိုင်ငံသည် ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆယ်စုနှစ်ကို အဆုံးသတ်လိုက်သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်တွင် နိုင်ငံရေး စီးပွားရေး ဖရိုဖရဲ ဖြစ်နေသည်။
နိုင်ငံအနှံ့ လက်နက်ကိုင် ပုန်ကန်မှုနှင့် ရင်ဆိုင်ရပြီး စစ်ကောင်စီသည် ယုတ်လျော့သွားသော စစ်တပ်အင်အား ပြန်လည် ဖြည့်တင်းရန် ယခုနှစ်အစောပိုင်းတွင် အတင်းအကျပ် စစ်သားစုဆောင်းမည့် အစီအစဉ်ကို ကြေညာသည်။
“၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတင်းအကျပ် စစ်သားစုဆောင်းမှုကို ကြေညာခြင်းသည် ကျေးလက်ဒေသများနှင့် ပြည်ပသို့ ထွက်ခွာမှုကို ပိုမိုပြင်းထန်စေပြီး အချို့လုပ်ငန်းများတွင် လုပ်သားရှားလာစေသည်” ဟု ကမ္ဘာ့ဘဏ်က ပြောသည်။
စစ်ကောင်စီသည် တရုတ်နှင့်ထိုင်း ကုန်းတွင်း ကုန်သွယ်ရေး နယ်စပ်ဂိတ်များကိုလည်း ဆုံးရှုံးပြီး ကုန်သွယ်မှု သိသိသာသာ ကျဆင်းနေသည်။
“သဘာဝဓာတ်ငွေ့မှအပ ကုန်းတွင်းနယ်စပ် ပို့ကုန်များ ၄၄ ရာခိုင်နှုန်း ကျဆင်းသည်” ဟု ကမ္ဘာ့ဘဏ်က ပြောသည်။
“ကုန်းတွင်း နယ်စပ်များမှ တင်သွင်းမှု ထက်ဝက် ကျဆင်းပြီး သွင်းကုန် စုစုပေါင်း ၇၁ ရာခိုင်နှုန်း ကျဆင်းသည်” ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။
ယခင်နှစ် အလားတူကာလနှင့် ယှဉ်ပါက ၂၀၂၄ ခုနှစ်၊ မတ်လအထိ ၆ လအတွင်း စုစုပေါင်း ကုန်စည်တင်ပို့မှု ၁၃ ရာခိုင်နှုန်းကျဆင်းပြီး သွင်းကုန် ၂၀ ရာခိုင်နှုန်း ကျဆင်းသည်ဟု ကမ္ဘာဘဏ်က ပြောသည်။
ကိုးကား ။ ။ Reuters သတင်း World Bank cuts Myanmar’s growth forecast to 1% as conflict worsens
ဆက်စပ်ဖတ်ရှုရန်
လာမည့်နှစ်တွင် မြန်မာနိုင်ငံသား ထက်ဝက် ဆင်းရဲသွားမည်
စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်
အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ မှာ ကြုံလာနေတဲ့ စီးပွားရေးပြိုကွဲခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အငတ်ဘေး
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ