ကမ္ဘာကျော်ငပလီကမ်းခြေမြို့ရှိ သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို အာရက္ခတပ်တော် (AA) က ယမန်နေ့တွင် သိမ်း လိုက်နိုင်ပြီဖြစ်ပြီး လတ်တလောတွင် ခမရ ၅၆၆ နှင့် ခလရ ၅၅ တပ်ရင်းကြားရှိ ဇီးဖြူကုန်းကျေးရွာအနောက်ဘက်၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း AA နှင့် နီးစပ်သူတဦးထံမှ သတင်းရရှိသည်။
AA နှင့် နီးစပ်သူတဦးက “သံတွဲလေဆိပ်ကို သိမ်းလိုက်ပြီဆိုတာ ဟုတ်တယ်။ လက်နက် မချတဲ့ စစ်သား ၁၃၂ ယောက်ကို အရှင် ဖမ်းမိထားတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစု ၄၇ ယောက်ကို မနေ့ကပဲ ဖမ်းမိထားတယ် လို့ သိထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် မဇင်လေဆိပ်သိမ်းယူနိုင်ခြင်းနှင့် ပတ်သက်သည့်အချက်အလက်များကို လက်ရှိအချိန်ထိ AA ဘက်က အတည်ပြု ထုတ်ပြန်ချက်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ခြင်းမရှိပေ။
စစ်ထောက်ထောက်ခံသည့် လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ သံတွဲလေဆိပ်ကျသည်ဆိုသည်မှာ သတင်းမှား ဖြစ်ကြောင်း၊ သံတွဲလေဆိပ်နှင့် မီတာ ၁၅၀၀ ခန့်ဝေးသည့် တောင်တန်းများတွင်သာ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး သံတွဲ လေဆိပ် ရန်သူ့လက်အောက် မကျရောက်စေရေး အပြင်းအထန်လိုက်လံ တိုက်ခိုက်လျက်ရှိကြောင်း ရေးသားဖြန့်ဝေ ထားကြသည်။
လတ်တလောတွင် ငပလီကမ်းခြေ တိုက်ပွဲများသည် လက်နက်ကြီးအထိုင်ချထားသော ငပလီလေဆိပ်ကို ကျော်လွန် ကာ ခမရ ၅၆၆ တပ်ရင်းအနီး၌ တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီ တပ်သားအချို့လည်း ထွက်ပြေးနေကြောင်း သိရ သည်။
စစ်တပ်နှင့် နီးစပ်သည့် ငပလီမြို့ခံတဦးက “မနေ့ညနေက ဂျိတ္တောမှာ သေနတ်သံတွေ ကြားနေတယ်၊ သိရရ သလောက် ခလရ ၅၅ က စစ်သားတချို့ သေနတ်ယူပြီး ထွက်ပြေးလို့ လိုက်ပစ်တာလို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “၅၅တပ်ရင်းထဲမှာ စစ်တပ်ကလူနာတွေရှိတယ်၊ မနေ့က သံတွဲဆေးရုံကိုပြောင်းတာ သွေးပျက် နေကြတယ်၊ ၅၆၆ စစ်တပ်ထဲက ရဲမေတွေ အားလုံး ၅၅ ထဲရောက်နေကြပြီ” ဟု ပြောသည်။
စစ်ကောင်စီသည် မဇင်လေဆိပ်အား စစ်သားအင်အားနှင့် လက်နက်အင်အားဖြည့်တင်းရန်အတွက် အဓိက အသုံး ပြုခဲ့ပြီး၊ လေဆိပ်ကို ဇွန် ၂ ရက်က စတင်ဝင်ရောက်ကာ စစ်ရေးအဆောက်အအုံအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အလားတူ သံတွဲမြို့နှင့် ဘေးချင်းကပ်တွင်တည်ရှိသည့် ရွှေကျောင်းပြင်ကျေးရွာနောက်ကျောတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ လူနေကျေးရွာပေါ်သို့ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား သေဆုံးမှုများ ရှိနေ ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ရွှေကျောင်းပြင်ဇာတိ၊ သံတွဲမြို့ခံတဦးက “ရွှေကျောင်းပြင်မှာ ၂ ယောက် သေပြီး၊ ၃ ယောက်က ဒဏ်ရာ ပြင်းထန်တယ်၊ ရွာသားတွေကို ရွာကနေထွက်ဖို့ သတိပေးလို့ ဟိုနေ့ကပဲ တော်တော်များများ ရွာကနေ ထွက်လာကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။
သံတွဲမြို့ခံများ၏ အဆိုအရ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ သံတွဲမြို့တွင်းသို့ ရောက်လာမည်ကို စိုးရိမ်၍ မြို့မှ အလုံးအရင်းဖြင့် ထွက်ခွာနေကြကြောင်း သိရသည်။
သံတွဲမြို့ ဒေသခံ အမျိုးသမီးတဦးက “မြို့ကလူတွေ ညတွင်းချင်း အမြန်ထွက်ကုန်ကြပြီ၊ အခုချိန်ထိတော့ သေနတ်သံ လည်းမကြား၊ လက်နက်ကြီးသံလည်း မကြား၊ လေယာဉ်သံလည်းမကြား၊ ဒီထက် မှောင်ရင်တော့ ဘယ်လိုဖြစ်လာဖို့ မသိသေး” ဟု ယမန်နေ့ညနေတွင် ပြောသည်။
စစ်ကောင်စီက ယခုတပတ်အတွင်း ညမိုးချုပ်ချိန်များတွင် လေယာဉ်ဖြင့်ဗုံးကြဲလေ့ရှိပြီး ဗုံးထိမှန်ကာ သေဆုံးရသည့် အရပ်သား စုစုပေါင်း ၇ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် ဧပြီ ၁၃ ရက်မှ စတင်ကာ AA နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လတ်တလော ရခိုင် စစ်မျက်နှာတွင် သံတွဲမြို့နယ်တွင်သာမက အနောက်ပိုင်းတိုင်း စစ်ဌာချုပ် အခြေစိုက်ရာ အမ်းမြို့နယ်ရှိ တောဟိန်းတောင် ဗျူဟာကုန်းကို ကျဆုံးသွားပြီး တောင်ကုတ်မြို့နယ် အခြေစိုက် အမှတ် ၅ စစ်ဆင် ရေးကွပ်ကဲမှု စစ်ဌာနချုပ် တပ်မမှူး ပျောက်ဆုံးနေကြောင်းလည်း သတင်းများထွက်ပေါ် နေသလို မောင်တောမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။
You may also like these stories:
မောင်တောမြို့ခံများ AA နယ်မြေသို့ တိမ်းရှောင်လာပါက ကူညီမည်ဟုဆို
စစ်ကောင်စီကို ကြောက်၍ တောင်ကုတ်မြို့ခံများ ဗုံးခိုကျင်း မတူးရဲ
AA နှင့် စစ်တပ်တိုက်ပွဲ တောင်ကုတ်အထိပျံ့လာ
မောရဝတီဗျူဟာနှင့် နယ်ခြားစောင့်တပ်ရင်း ၄ကို AA ဆက်လက် စစ်ဆင်
ငပလီလေဆိပ်နှင့် ၁ မိုင်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်