သံတွဲဒေသကို အလုံးစုံသိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် (AA)က စစ်ဆင်နေရာ နောက်ဆုံးလက်ကျန်ဖြစ်သည့် ငပလီရှိ ခြေလျင်တပ်ရင်း ခလရ ၅၅ ကို ဆက်လက်ထိုးစစ်ဆင်နေသည်။
ခလရ ၅၅သည် မူလက ဖဆပလ အစိုးရ၏ စစ်ရဲတပ်ရင်း(UMP) ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ခြေလျင်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော သက်တမ်းရင့်တပ်ဖြစ်၍ ထိုစဉ်က သံတွဲခရိုင်ရှိ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ)တပ်များ၊ အလံနီတပ်များ၊ ရဲဘော်ဖြူတပ်များ၊ ချင်းတိုင်းရင်းသား တပ်များ အပါဝင် ဧရာဝတီတိုင်း မှ ရိုးမကိုကျော်၍ ဝင်လာသည့် တော်လှန်ရေး အဖွဲ့များနှင့် ထိတွေ့ တိုက်ခိုက်ခဲ့သည့် တပ်ဟောင်းကြီး တခုဖြစ်သည်။
ထို့အတူ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အဖြစ် ရှိစဉ်က တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း အပါအဝင် နိုင်ငံတော်အဆင့် ဧည်သည်များ လာပါက အနီးကပ် လုံခြုံရေး ယူရသည့် တပ်ဖြစ်၏။
AA နှင့် နီးစပ်သော ဒေသခံတဦး၏ အဆိုအရ “၅၆၆ တပ်ရင်းက ဆုတ်ပြေးတဲ့အဖွဲ့ကို ငပလီကမ်းခြေတလျောက်မှာ AA နယ် မြေရှင်းလင်းပြီး နောက် ငပလီမြို့ဝင်က ခလရ ၅၅ ကိုလည်း မနေ့က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ စစ်ကောင်စီ ကတော့ သံတွဲမြို့ မကျအောင် လေကြောင်းကနေ နေ့ရောညပါ ဗုံးကြဲပြီး အသည်းအသန် ခုခံနေလို့ တိုက်ပွဲက တော်တော် ပြင်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ငပလီမြို့ မဇင်ကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာကြားတွင်တည်ရှိသည့် ခမရ ၅၆၆ တပ်ရင်းအား AA တိုက်ခိုက် သိမ်းပိုက်စဉ် စစ်သားတချို့မှာ AA ထံ လက်နက်ချအညံ့သော်လည်း တချို့မှာ ခလရ ၅၅ တပ်ရင်းနှင့် ပူးပေါင်းလိုက်ကြောင်း သိရသည်။
ယင်းပြင် သံတွဲမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တချို့မှာလည်း လက်နက်အပြည့်အစုံဖြင့် AA ထိန်းချုပ်သည့် နယ်မြေများသို့ ထွက် ပြေးသွားကြသလို တချို့မှာ စစ်ကောင်စီနှင့် ပူးပေါင်းကာ သံတွဲအကျဉ်းထောင်သို့ ဝင်ရောက် နေရာယူထားကြောင်း သံတွဲ မြို့ခံတဦးက ပြောသည်။
၎င်းက “၅၆၆ တပ်ရင်း ကျကတည်းက မြို့မ ရဲစခန်းက ရဲသားတွေ ဆိုင်ကယ်တွေ ကားတွေနဲ့ ထွက်ပြေးကြတယ် ကားနဲ့ ပြေးတဲ့ ရဲတွေက ခရိုင်မှူးက ပြန်ခေါ်လို့ လှည့်ပြန်သွားတယ်။ သူတို့ အခု ထောင်မှာလုံခြုံရေး ယူထား တယ်လို့ ကြားတယ်။ ဆိုင်ကယ်နဲ့ ပြေးတဲ့ရဲက လွတ်သွားတယ်ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်သားများ သံတွဲအကျဉ်းထောင်၌ အင်အားစုကာ တပ်စွဲထားသောကြောင့် တိုက်ပွဲများအတွင်း အကျဉ်းသားများ ကြားညပ်ကာ ထိခိုက်မည်ကို မိသားစုဝင်များက စိုးရိမ်နေကြသလို လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်း ပေးရန်လည်း ဒေသခံတချို့က ဆိုကြသည်။
သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း မြို့ခံအများစုသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ကြပြီး လက်ရှိအခြေအနေတွင် နီးစပ်ရာ ကျေး ရွာများသို့ ဝင်ရောက် ခိုလှုံကာ ထောင်ချီသောစစ်ရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ် အကူအညီများလိုအပ်နေ ကြောင်း သံတွဲမြို့ အရပ်ဘက်အဖွဲ့မှ မြို့ခံတဦးက ပြောသည်။
၎င်းက “သံတွဲမြို့ကို AA က လမ်းကြောင်းတွေ ပိတ်ဆို့ပြီး တိုက်နေတာ၊ လေကြောင်းတိုက်ခိုက်မှု အခြေအနေကို ကြည့်ပြီး တော့ AA က မြို့ခံတွေကို လမ်းကြောင်းဖွင့်ပေးတာရှိတယ်။ အခုဆိုရင် သံတွဲကနေ တောင်ကုတ်အထွက် မြို့ဝင်ဂိတ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ ဆုတ်ပြေးသွားလို့ မြို့ခံအနည်းငယ်တော့ ထွက်ပေါက်ရကြတယ်။ အရေးပေါ် လိုနေ တာက စားနပ်ရိက္ခာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း AA သည် စစ်ကောင်စီ၏ စစ်ကူထောက်ပို့လမ်းကြောင်းများအား ဖြတ်တောက်ပိတ်ဆို့ထား သည့်အတွက် လေကြောင်းတခုတည်းကိုသာ အားထား၍ သံတွဲမြို့ AA ထံ မကျရောက်ရေး အသည်းအသန် ခုခံနေရ ကြောင်းလည်း သိရသည်။
You may also like these stories:
သံတွဲလေဆိပ် AA သိမ်းပိုက် ဟုဆို
ငပလီကမ်းခြေကို စစ်ကောင်စီ ဗုံးကြဲ













