ကလေးတဦးအဖြစ် မိဘများနှင့်အတူ မြန်မာမှ ဂျပန်သို့ ထွက်ပြေးလာပြီးနောက် ရှီဘူယာ ဇာနည်သည် တိုကျိုတွင် မော်ဒယ်တဦးအဖြစ် ဖက်ရှင်အသက်မွေးဝမ်းကြောင်း စတင်ပြီး တော်ဝင်မိသားစုအတွက် အဝတ်အထည်များ ပြုလုပ်ပေးနေသည်။
“ဖက်ရှင်ဟာ ကျနော့်ဘဝကို ဆက်လက်ရှင်သန်စေတဲ့ အနုပညာဖြစ်တယ်” ဟု သူ၏ကုန်အမှတ်တံဆိပ် ၁၀ နှစ်ပြည့်ပွဲကို မကြာသေးမီက ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် ထိုဒီဇိုင်းပညာရှင်က AFP သတင်းဌာနသို့ ပြောသည်။
မော်ဒယ်လျှောက်သောလမ်းမှ ပုံများတွင် သစ်ရွက်မှ မျက်လုံးဆေးခြယ်ခြင်းနှင့် အမျိုးသားမော်ဒယ်များ ရှပ်အင်္ကျီမဝတ်ဘဲ ရောင်စုံဂျက်ကက်များနှင့် ဝတ်ရသည့် လက်ဝတ်ရတနာများအထိ ပါဝင်သည့် အရှေ့တောင်အာရှ ဒီဇိုင်းများကို သရုပ်ဖော်သည်။
ကိုဇာနည်၏ မိဘများသည် နိုင်ငံရေး ဒုက္ခသည်များအဖြစ် ဂျပန်သို့ သူ့အသက် ၈ နှစ်အရွယ် ၁၉၉၃ ခုနှစ်က ရောက်လာကြသည်။ ဆယ်ကျော်သက်တဦးအဖြစ် စတိုင်ကျကျ ဝတ်ဆင်ခြင်းသည် အနိုင်ကျင့်မခံရရန် ရှောင်ရှားသည့် နည်းလမ်းတခု ဖြစ်လာခဲ့သည်။
အထည်ချုပ်လုပ်ခြင်းကို သူ့မိခင်က ပထမဆုံးသင်ပေးပြီး မကြာမီ ကိုဇာနည်သည် သူ၏ပိန်သွယ်သော ပုံရိပ်နှင့်စူးရှသော အကြည့်ဖြင့် တိုကျိုမြို့တော် အကခန်းမတွင် မော်ဒယ်အဖြစ် ငှားရမ်းခံရသည်။
“ကျနော်တို့မှာ အဲဒီတုန်းက အင်စတာဂရမ် မရှိတဲ့အချိန်မှာ သူများတွေကို ကြည့်ဖို့နဲ့ ကိုယ့်ကိုလည်း သူများတွေကြည့်တာ ခံဖို့က ဘားတွေ၊ လမ်းလျှောက်ဈေးဝယ်လမ်းတွေနဲ့ ပူရီကူရာလို့ခေါ်တဲ့ တမူထူးခြားစိတ်ဝင်စားစရာ ဓာတ်ပုံအရိုက်ခံတဲ့ နေရာတွေကို သွားရတယ်” ဟု ၎င်းက ပြောသည်။

ကိုဇာနည်သည် ရှီဘူယာသို့ မကြာခဏသွားခဲ့ပြီး ထိုလူငယ်ဘဝ ရပ်ကွက်ကို သူ၏အမည်တွင် ပထမစာလုံးအဖြစ် ယူထားသည်။
“အဲဒီတုန်းက ရှီဘူယာက အရမ်းအန္တရာယ်များတယ်။ ယာကူဆာဂိုဏ်းဝင်တွေနဲ့ မြေအောက်လောက ရှိတယ်” ဟု ၎င်းက ပြောသည်။
သူ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်း အောင်မြင်လာသောအခါ ကိုဇာနည်သည် သူ၏အမည်နှင့် ကုန်အမှတ်တံဆိပ်ကို စတင်ထူထောင်ပြီး နောက်တနှစ်ကြာသောအခါ ဂျပန်နိုင်ငံသား ဖြစ်လာသည်။
ထိုသို့အောင်မြင်သည့် ဒီဇိုင်းပညာရှင်သည် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုံချည်အထည် ၇၀ လက်ဆောင်ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုယူသောအခါ သူလက်ဆောင်ပေးထားသည့် ကြက်သွေးရောင်နု လုံချည်ကို ဝတ်ဆင်ခဲ့သည်။ ထိုအချိန်သည် သူ့ဘဝကို ပြောင်းလဲသွားစေသော အချိန်ဖြစ်ကြောင်း ကိုဇာနည်က ပြောသည်။
ရဲရင့်သော နှလုံးသား
နောင်နှစ်များအတွင်း သူသည် သူ၏မော်ဒယ်လျှောက်သည့် အားထုတ်မှုများအပြင် ဂျပန်နှင့်မြန်မာအကြား ကြားဝင် အကျိုးဆောင်သူအဖြစ်လည်း လုပ်ကိုင်သည်။
သူသည် သူဖန်တီးသည့် ဝတ်စုံဝတ်ထားသည့် ဂျပန်သမီးတော် ယိုကို၏ ၂၀၁၉ ခုနှစ်က မြန်မာခရီးတွင်ပင် လိုက်ပါသွားခဲ့သည်။
ယခုအခါ မြန်မာတွင် ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရသောအခါ သူ၏ဇာတိ မြန်မာမှ ထွက်ပြေးလာသူများအတွက် ရန်ပုံငွေရှာနေသည်။
စစ်ကောင်စီ အာဏာသိမ်းသောအခါ ကိုဇာနည်သည် အကူအညီတောင်းသည့် သတင်းစကား အများအပြား လက်ခံရရှိသည်။
“မြန်မာက ဒုက္ခသည် အများအပြား ထိုင်းနိုင်ငံနယ်စပ်ကို ရောက်လာတယ်” ဟု အသက် ၃၉ နှစ်ရှိပြီဖြစ်သော ကိုဇာနည်က ပြောသည်။
သူ စတင် လှုပ်ရှားပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် လက်တွဲကာ တိုကျိုတွင် ရန်ပုံငွေရှာပွဲများ ကျင်းပသည်။

“မြန်မာပြည်သူတွေ ဂုဏ်သိက္ခာဆုံးရှုံးတယ်။ သူတို့ ဝမ်းနည်းနေကြတယ်။ ဒါကြောင့် သူတို့ကို ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ရဲရင့်တဲ့ နှလုံးသားပေးဖို့ ကျနော့်ရဲ့ဖက်ရှင်စွမ်းအားကို ကျနော်ပြချင်တယ်” ဟု ကိုဇာနည်က ပြောသည်။
မြန်မာတွင် ကိုဇာနည်၏ အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်သော အဆက်အသွယ်များ နေရာအနှံ့ရှိနေပြီး ထိုကိစ္စသည် မကြာသေးမီ နှစ်များအတွင်း သူရင်ဆိုင်ရသည့် စိန်ခေါ်မှုများအနက် တခုသာဖြစ်သည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါသည် ချမ်းသာကြွယ်ဝသော ခရီးသွားသူများအတွက် ပါတီပွဲများကို ရပ်ဆိုင်းသွားစေပြီး သူ၏ဈေးကြီးသော အဝတ်အထည်များအတွက် ဝယ်လိုအား မရှိတော့ဘဲ တိုကျိုမြို့မှ ဈေးကြီးသည့် အိုမိုတေဆန်ဒိုရပ်ကွက်ရှိ သူ၏ အရောင်းပြခန်း ပိတ်လိုက်ရသည်။
ဝတ်စုံများ ချုပ်ပေးရသည့် သူ၏ ထိပ်တန်း ဖောက်သည်ဖြစ်သော နိုင်ငံရေးသမား မစ္စတာ ရှင်ဇိုအာဘေးသည် ၂၀၂၀ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်ပြီး နောက် နှစ်နှစ်ကြာသောအခါ လုပ်ကြံသတ်ဖြတ်ခံရသည်။
ဘဝကို ပြန်လည်စတင်ရခြင်း
သို့သော် ကိုဇာနည်သည် ဘဝကို ပြန်လည် စတင်ရခြင်းအတွက် စိမ်းသူမဟုတ်ဘဲ အိမ်တွင်းအလှဆင်လုပ်ငန်းခွဲ လုပ်ကိုင်သည်။
သူသည် လာမည့် ပါရီအိုလံပစ်တွင် ဒုက္ခသည်အသင်း ကပ္ပတိန်အတွက် ဝတ်စုံတစုံ ချုပ်ပေးပြီး တနေ့တွင် အိုလံပစ်ပွဲအတွက် ဝတ်စုံအများအပြားပေးရန် မျှော်လင့်နေသည်။
လတ်တလောတွင် ကိုဇာနည်သည် သူ၏ စတူဒီယိုကို တိုကျိုမြောက်ပိုင်းရှိ ကျဉ်းမြောင်းသော တိုက်ခန်းတခုမှ စီမံနေပြီး ထိုတိုက်ခန်းနံရံကို မြန်မာတနိုင်ငံလုံးမှ ရှုခင်းများ သရုပ်ဖော်သည့် ပန်းချီကားငယ် ဒါဇင်ပေါင်းများစွာဖြင့် ဖန်တီးထားသည်။
“ကျနော်က မြန်မာနိုင်ငံကို သတိရရနေလို့ ပန်းချီပါမောက္ခ လုပ်ခဲ့ဖူးတဲ့ ကျနော့်အဖိုးက ဒီရေဆေး ပန်းချီကားတွေကို ကျနော်ငယ်ငယ်က ဆွဲပေးခဲ့တာ” ဟု ၎င်းက ပြောသည်။
မကြာသေးမီက ဘန်ကောက်မှ ပြပွဲသည် ထိုင်းဖောက်သည်များထံမှ ဝယ်လိုအားဖြစ်စေပြီး ကိုဇာနည်သည် သူ၏ဇာတိကို ပြန်လည် သုံးသပ်လာသည်။

“ကျနော်ဟာ ဂျပန်ဒီဇိုင်းပညာရှင်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျနော် ဘယ်ကလာတာလဲဆိုတာ အမြဲတမ်း စဉ်းစားတယ်” ဟု ၎င်းက ပြောသည်။
“နောက်ဆုံးကျတော့ ကျနော်ဟာ အရှေ့တောင်အာရှကဆိုတာ သဘောပေါက်လာတယ်” ဟု ကိုဇာနည်က ပြောပြီး သူ၏မူလ စိတ်အားလှုံ့ဆော်မှု ရင်းမြစ်ကို အာရုံစိုက်လိုကြောင်း ပြောသည်။
(AFP သတင်း ‘Fashion power’: Zarny, the Myanmar refugee turned Tokyo designer ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့တော်လှန်ရေးကို နယူးယောက်ဖက်ရှင်ပွဲသို့ ရောက်စေသူ ဒီဇိုင်နာ အင်ကြင်းစံ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ လွှမ်းမိုးနိုင်တဲ့ ဖက်ရှင်














