ရခိုင်ပြည်နယ်အနောက်ခြမ်း မောင်တောမြို့နှင့် ၃ မိုင်ခန့်အကွာရှိ နခခ ( ၅) တပ်ရင်းအပါအဝင် မြို့ထဲရှိ စစ်စခန်းတို့ကို အာရက္ခ တပ်တော် (AA) က လနှင့်ချီ ထိုးစစ်ဆင်ခဲ့ရာ လက်ရှိအချိန်တွင် မြို့တွင်းနေရာအချို့ကို ထိန်းချုပ်ထားနိုင်ပြီး ပိတ်မိနေသောဒေသခံများကို ဆက်လက်ကယ်ထုတ်နေကြောင်း AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
AA သည် ဩဂုတ်လ ၄ ရက်မှစတင်ကာ မောင်တောမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ရာ မောင်တောမြို့တောင်ဘက် မောင်နီရွာရှိ စစ်ကောင်စီရဲစခန်းအား ယင်းနေ့တွင် သိမ်းယူနိုင်ခဲ့သလို ဩဂုတ်လ ၆ ရက်တွင် မောင်တောမြို့မြောက်ဘက် ဟောရီတုလာရွာရှိ စစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဩဂုတ်လ ၉ ရက်တွင်လည်း မောင်တောမြို့ အရှေ့ဘက် ၃ မိုင် စစ်ကောင်စီစခန်းကို ဆက်လက်သိမ်းပိုက်ခဲ့ကြောင်း ဩဂုတ်လ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သော မွတ်ဆလင် လက်နက်ကိုင်များမှာ မြို့တွင်း၌ အရပ်သားပုံစံဖြင့် ပုန်းခို၍ ရှိနေနိုင်သလို မြို့အနီးရှိ ကျေးရွာများတွင်လည်း ပုန်းခိုနေနိုင်သည့်အတွက် အပြစ်မဲ့ အရပ်သားများ တစုံတရာ ထိခိုက်မှု မရှိစေရန် AA တပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ကယ်ထုတ်လျက်ရှိရာ လက်ရှိအချိန်ထိ အရပ်သား ၂၀၀၀၀ ကျော် ကယ်ထုတ်ထားပြီး ဖြစ်ကြောင်း၊ ထိုသူများထဲတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများနှင့် မိသားစုဝင်များလည်း ပါဝင်ကြောင်း AAက ပြောသည်။
မောင်တောဒေသခံ တဦးက “မောင်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်အားလုံးနီးပါးကို AA က ကယ်ထုတ်နေတယ်။ မြို့ပေါ် ရပ်ကွက် တော်တော်များများကို AA ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းဖြင့် တောက်လျောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သလို နခခ ၅ တပ်ရင်းမှလည်း အမြောက်ဖြင့် ပစ်ကူပေးကြောင်း၊ AA တပ်ဖွဲ့ဝင်များက ဒရုန်းဗုံးဖြင့် အဆက်မပြတ် ဖိတိုက်ခဲ့သည့်အတွက် မြို့တွင်းရှိ ရာနှင့်ချီသော စစ်သားများမှာ ဩဂုတ်လ ၁၄ ရက်တွင် မြို့မ ကညင်တန်းရပ်ကွက်မှ ပင်လယ်ပြင်ကို လှေဖြင့် ဖြတ်၍ ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မောင်တောဒေသခံတဦးက “မောင်တောမြို့ပေါ်က စစ်ကောင်စီတပ်သားတွေက အကုန်ပြေးကုန်ပြီ။ ဒါပေမယ့် မွတ်ဆလင်ရပ်ကွက်တွေမှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့တချို့ ရှိနိုင်သေးလို့ မြို့ကိုတော့ လူတွေဝင်လို့ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး မြို့ပေါ်တွင် ဒဏ်ရရ၍ လမ်းမလျှောက်နိုင်သည့် မိသားစုဝင်တချို့သာ ကျန်ရှိကာ ပိတ်မိနေသည့် မွတ်ဆင်မိသားစုဝင်တချို့ မှာလည်း နေအိမ်များ၌ အလံဖြူ ထောင်ထားကြသည်ဟု ရိုဟင်ဂျာအရေး လှုပ်ရှားသူ ရိုနေဆန်းလွင်၏ ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။
ဩဂုတ်လ ၁၅ ရက်ညနေပိုင်းတွင် မောင်တောမြို့ အမှတ် ၂ ရပ်ကွက် အထက ၂ ကျောင်းအနီးရှိ အဆောက်အဦတခုတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းအဆောက်အဦမှာ ပျက်စီးခဲ့သလို စခန်း ဆုတ်ပြေးသော မွတ်ဆလင် လက်နက်ကိုင်များမှ အဆောက်အဦအား မီးရှို့ ထွက်ပြေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း မီးလောင်ကျွမ်းနေသော မွတ်ဆလင် လက်နက်ကိုင် အလောင်းတချို့ကို တွေ့ခဲ့ကြောင်းလည်း AA က ဆိုသည်။
ဩဂုတ်လ ၁၆ ရက်ကလည်း မောင်တောမြို့ လယ်နာရီစင်နှင့် အနီးဝန်းကျင်၊ မောင်တောမြို့၏ အရှေ့တောင်ဘက်နှင့် မောင်တောမြို့ဝင်စသည့် နေရာများ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း ရန်သူ့အလောင်း အမြောက်အမြားနှင့် လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ဘူးသီးတောင်အခြေစိုက် စကခ ၁၅ တပ်မဌာနချုပ်၊ မောင်တောမြောက်ပိုင်းနှင့် မောင်တော တောင်ပိုင်း အငူမော်ကားလမ်း တလျှောက်ရှိ နယ်ခြားတပ်စခန်းများအားလုံး AA လက်ထဲကို ကျရောက်ပြီးနောက်ပိုင်းကတည်းက မြို့သူကြီးရှိ နခခ ၅ တပ်ရင်းကို ခံစစ် အခိုင်အမာပြု လုပ်ခဲ့သလို မောင်တောမြို့တွင်း၌ မွတ်ဆလင် လက်နက်ကိုင်များဖြစ်သည့် ARSA၊ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) ၊ အာရကန် ရိုဟင်ဂျာ တပ်မတော် (ARA )စသည့် အဖွဲ့များ အပါအဝင် သင်တန်းဆင်း မွတ်ဆလင်လူငယ်များဖြင့် နားလည်မှုယူကာ ဘန်ကာများ တည်ဆောက်ခြင်း၊ ကာကင်း အထပ်ထပ်ထားရှိကာ မောင်တောမြို့ဝင် မြို့ ထွက်ကို ပိတ်ဆို့ပြီး ခံစစ်ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်သုခက “ အံဩစရာကောင်းတာက Genocides (လူမျိုးတုန်းသတ်ဖြတ်မှု) လုပ်တဲ့သူတွေနဲ့ Genocides အလုပ်ခံရသူတွေကြားမှာ ပူးပေါင်းသွားပြီးမှ မောင်တောမြို့ထဲမှာ အာရက္ခတပ်တော်ကို ခုခံတိုက်ခိုက်နေတာ ဖြစ်တယ်။ ခုလိုပူးပေါင်းကြတာ အတော်လေး အံဩစရာဖြစ်သလို ကမ္ဘာ့သမိုင်းမှာ ရှားပါးဖြစ်ရပ်လို့ ပြောလို့ရတယ်။ တဖက်ကလည်း Genocides အလုပ်ခံရတယ်လို့ ပြောတဲ့သူတွေအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်”ဟု ပြောသည်။
ဇွန်လ ၁၆ ရက်မှ စတင်ကာ မောင်တောမြို့မှ ထွက်ခွာကြရန် သတိပေးထားသော်လည်း ထုတ်ပြန်ချက်ပေါ် လိုက်နာပြီး ထွက်ခွာကြသည့် ပြည်သူများ ရှိသလို မလိုက်နာဘဲ ပေကပ်နေထိုင်သည့် ပြည်သူများလည်း ရှိနေကြောင်း၊ အုပ်စုခွဲပါက စစ်ကောင်စီ၏ လက်ကိုင်တုတ်များ ARSA၊ RSO၊ ARA စသည့် အကြမ်းဖက်အဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ပတ်သက်ဆက်နွယ်သည့် မိသားစုဝင်များ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် အဓမ္မ ခေါ်ယူခြင်းခံရသည့် ပြည်သူများနှင့် ပေကပ်နေထိုင်လိုကြသူများစသည့် အုပ်စုများအဖြစ် တွေ့မြင်ရသည်ဟုလည်း AA က ဆိုသည်။
ထို့ပြင် မောင်တောမြိုသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်နှင့်တပြိုင်နက် နိုင်ငံတကာရောက် လူပုဂ္ဂိုလ်တချို့တို့သည် သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကိုလည်း ဆက်တိုက်တွေ့ရှိနေရကြောင်း၊ ယင်းသို့ ရေးသားပြောဆိုနေခြင်းသည် ဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်းလည်း AA က သတိပေးသည်။
မောင်တောမြို့ပေါ်၌ ရခိုင်အပါအဝင် မွတ်ဆလင်နှင့် ဟိန္ဒူဘာသာဝင်များ နေထိုင်ကြပြီး မြို့၏ အရှေ့ဘက်တွင် ဘူးသီးတောင်မြို့၊ အနောက်ဘက်တွင် ဘင်္ဂလားပယ်လယ် ၊တောင်ဘက်တွင် ရသေ့တောင်မြို့ နယ်နှင့် မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
You may also like these stories:
ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဘာလဲ ဘယ်လဲ
ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို
ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ)